မာကု 5
5
နတ်ဆိုးပူးသူတစ်ဦးကို ကျန်းမာစေတော်မူခြင်း
1ထို့နောက် သူတို့သည် အိုင်တစ်ဖက်ကမ်း၌ ရှိသော ဂါရစ#5:1 “ဂါရစ” အချို့လက်ရေးမူကျမ်းများတွင် “ဂါဒရ၊” အချို့တွင် “ဂါဂရ” ဟု ဖော်ပြထားသည်။ဒေသသို့ ရောက်ကြ၏။ 2ကိုယ်တော်သည် လှေပေါ်မှ ဆင်းတော်မူသောအခါ နတ်ဆိုးပူးသောလူတစ်ဦးသည် ကိုယ်တော်နှင့် တွေ့ဆုံရန် သင်္ချိုင်းဂူများအကြားမှ ထွက်လာ၏။ 3ထိုသူသည် သင်္ချိုင်း၌ နေ၏။ မည်သူမျှ သူ့ကို သံကြိုးနှင့်ပင် ချည်နှောင်မထားနိုင်ပေ။ 4အဘယ်ကြောင့်ဆိုသော် သူသည် သံခြေချင်းများ၊ သံကြိုးများဖြင့် မကြာခဏ ချည်နှောင်ထားခြင်းခံရသော်လည်း သံကြိုးကိုဖြတ်၍ သံခြေချင်းများကို အပိုင်းပိုင်းရိုက်ဖျက်တတ်သောကြောင့် ဖြစ်၏။ မည်သူမျှ သူ့ကို မထိန်းချုပ်နိုင်ပေ။ 5သူသည် နေ့ညမပြတ် သင်္ချိုင်းဂူများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ လှည့်လည်၍ အော်ဟစ်လျက် ကျောက်စောင်းများဖြင့် မိမိကိုယ်ကို ရှစေလျက်နေ၏။
6သူသည် ယေရှုကို အဝေးမှ မြင်လျှင် ပြေးလာ၍ ဝပ်တွားခယလျက် 7“အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် ဘုရားသခင်ကို အမှီပြု၍ တောင်းပန်ပါ၏” ဟု အော်ဟစ်၍ လျှောက်လေ၏။ 8ဤသို့လျှောက်ရခြင်းမှာ ယေရှုက နတ်ဆိုးအား “အို နတ်ဆိုး… ထိုလူအထဲမှ ထွက်သွားလော့” ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။
9ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးလျှင် ထိုသူက “အကျွန်ုပ်၏ နာမည်မှာ လေဂေါင်#5:9 “လေဂေါင်” ဆိုသည်မှာ ရှေးခေတ်ရောမတပ်တွင် ပါဝင်သောစစ်သည် အမြောက်အမြား ဖြစ်သည်။ လေဂေါင်တစ်တပ်တွင် စစ်သည်ခြောက်ထောင်ခန့် ပါဝင်သည်။ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤလူအထဲ၌ အကျွန်ုပ်တို့သည် များစွာရှိနေသောကြောင့်ဖြစ်သည်” ဟု ပြန်လျှောက်၏။ 10ထို့နောက် နတ်ဆိုးက မိမိတို့ကို ထိုဒေသမှ နှင်ထုတ်တော်မမူရန် အနူးအညွှတ်တောင်းပန်လေ၏။
11ထိုအရပ်အနီးရှိ တောင်ကုန်းပေါ်၌ ဝက်အုပ်ကြီးတစ်အုပ်သည် ကျက်စားလျက်ရှိ၏။ 12ထိုအခါ နတ်ဆိုးက “အကျွန်ုပ်တို့ကို ထိုဝက်များထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ပြန်၏။
13ယေရှုသည် ခွင့်ပြုတော်မူ၏။ ထိုအခါ နတ်ဆိုးတို့သည် ထိုလူအထဲမှ ထွက်ကာ ဝက်များအထဲသို့ ဝင်ကြသဖြင့် အရေအတွက်အားဖြင့် နှစ်ထောင်ခန့်ရှိသော ဝက်အုပ်ကြီးသည် တောင်ကုန်းပေါ်မှ အိုင်ထဲသို့ တစ်ဟုန်ထိုး ပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။
14ဝက်ကျောင်းသောသူတို့သည် ပြေး၍ ထိုသတင်းကို မြို့ရွာတို့တွင် ပြောပြကြ၏။ ထို့ကြောင့် လူတို့က မည်သို့ဖြစ်ပျက်သည်ကို ကြည့်ရန် ထွက်လာကြ၏။ 15ယေရှုထံသို့ ထိုသူတို့ ရောက်သောအခါ လေဂေါင်နတ်ဆိုးပူးခံရသူသည် အဝတ်ကိုဝတ်ထားလျက် လူကောင်းပကတိစိတ်ဖြင့် ထိုင်နေသည်ကို တွေ့မြင်ကြလျှင် ကြောက်ရွံ့ကြ၏။ 16နတ်ဆိုးပူးခံရသူနှင့် ဝက်တို့၏ အဖြစ်အပျက်ကို တွေ့မြင်ခဲ့ကြသောသူများက အခြားသူတို့အား ပြောကြ၏။ 17ထိုအခါ သူတို့က ယေရှုအား မိမိတို့၏ဒေသမှ ထွက်ခွာသွားတော်မူရန် တောင်းပန်ကြ၏။
18ယေရှုသည် လှေပေါ်သို့ တက်တော်မူလျှင် နတ်ဆိုးပူးခံခဲ့ရသူက ကိုယ်တော်နှင့်အတူ လိုက်ပါခွင့်ပြုရန် တောင်းပန်လေ၏။ 19သို့သော် ယေရှုက ခွင့်မပြုဘဲ “သင့်အိမ်သို့ ပြန်လော့။ ထာဝရဘုရားသည် သင့်အပေါ် မည်သို့ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနားကြင်နာတော်မူကြောင်းကို သင့်လူမျိုးတို့ကို ပြောပြလော့” ဟု မိန့်တော်မူ၏။ 20ထိုသူသည် သွား၍ ယေရှုသည် မိမိအပေါ် မည်သို့ကျေးဇူးပြုတော်မူကြောင်းကို ဒေကာပေါလိပြည်#5:20 မြို့ဆယ်မြို့ရှိသော ပြည်ကို ရည်ညွှန်းသည်။တွင် လှည့်လည်ပြောဆိုရာ လူများစွာတို့သည် အံ့သြကြ၏။
သွေးသွန်ရောဂါစွဲသောအမျိုးသမီးနှင့် သေရာမှ ပြန်ရှင်သောမိန်းကလေး
21ယေရှုသည် ကမ်းတစ်ဖက်သို့ လှေဖြင့် ကူးပြန်၍ အိုင်နားတွင် ရှိတော်မူစဉ် လူအုပ်ကြီးသည် ကိုယ်တော်ထံသို့ စုဝေးလာ၏။ 22ထိုအခါ ယာဣရု အမည်ရှိသော ဂျူးဝတ်ပြုဆောင်မှူးတစ်ဦးသည် လာ၍ ယေရှုကို တွေ့မြင်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက် 23“အကျွန်ုပ်၏ သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ကျန်းမာ၍ အသက်ရှင်နိုင်ရန် အရှင်သည် ကြွလာ၍ သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု အနူးအညွှတ်တောင်းပန်လေ၏။
24ဤသို့ဖြင့် ယေရှုသည် ထိုသူနှင့်အတူ ကြွတော်မူ၏။ လူအုပ်ကြီးသည်လည်း နောက်တော်သို့လိုက်၍ တိုးဝှေ့ကြ၏။ 25ထိုလူအုပ်ထဲတွင် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲသော အမျိုးသမီးတစ်ဦးပါ၏။ 26သူသည် ဆရာဝန်အမြောက်အမြားထံ၌ ဝေဒနာပြင်းစွာ ခံစားလျက် ဥစ္စာရှိသမျှကို ပေး၍ ကုသ၏။ သို့သော်လည်း မသက်သာသည့်အပြင် ပို၍ ဆိုးလာ၏။ 27-28သူသည် ယေရှု၏ သတင်းတော်ကို ကြားသောအခါ “သူ၏ဝတ်ရုံတော်ကိုမျှ တို့လျှင် ငါ၏ ရောဂါပျောက်ကင်းလိမ့်မည်” ဟု စိတ်ထဲ၌ ရေရွတ်လျက် နောက်တော်သို့ ချဉ်းကပ်၍ ဝတ်ရုံတော်ကို တို့လေ၏။ 29ထိုအခါ ချက်ချင်းပင် သွေးသွန်ခြင်းရပ်သဖြင့် မိမိကိုယ်ခန္ဓာ၌ ထိုရောဂါပျောက်ကင်းသွားကြောင်း ခံစားသိရှိလေ၏။
30ယေရှုသည်လည်း မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်း သိတော်မူလျှင် လူအုပ်ဘက်သို့ လှည့်၍ “ငါ့ဝတ်ရုံကို မည်သူတို့ထိသနည်း” ဟု မေးတော်မူ၏။
31ထိုအခါ တပည့်တော်တို့က “သခင့်ကို တိုးဝှေ့နေသောလူအုပ်ကို မြင်တော်မူပါလျက် ‘ငါ့ကို မည်သူတို့ထိသနည်း’ ဟု မေးတော်မူသလော” ဟု လျှောက်ကြ၏။
32သို့သော်လည်း ယေရှုသည် မည်သူတို့ထိသည်ကို သိရှိနိုင်ရန် ဘေးပတ်လည်သို့ ကြည့်တော်မူ၏။ 33ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသဖြင့် ကြောက်ရွံ့တုန်လှုပ်ကာ ကိုယ်တော်ရှေ့တော်သို့ လာ၍ ဝပ်တွားခယလျက် အဖြစ်မှန်အကုန်အစင်ကို လျှောက်လေ၏။ 34ယေရှုက “သမီး… သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့။ သင်၏ရောဂါ ပျောက်ကင်းပြီ” ဟု မိန့်တော်မူ၏။
35ထိုသို့ မိန့်တော်မူနေစဉ် ဝတ်ပြုဆောင်မှူးယာဣရုအိမ်မှ လူတချို့သည် ရောက်လာ၍ ယာဣရုအား “အရှင့်သမီးသည် အသက်မရှိတော့ပါ။ ဆရာတော်ကို အဘယ်ကြောင့် နှောင့်ယှက်တော့မည်နည်း” ဟု ဆိုကြ၏။
36ယေရှုသည် ထိုစကားကို ကြားတော်မူလျှင် “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာ ရှိစေလော့” ဟု ဝတ်ပြုဆောင်မှူးကို မိန့်တော်မူ၏။
37ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်မှအပ မည်သူ့ကိုမျှ လိုက်ပါခွင့်ပေးတော်မမူ။ 38ဝတ်ပြုဆောင်မှူးအိမ်သို့ ရောက်သောအခါ ရုတ်ရုတ်သဲသဲဖြစ်လျက် ကျယ်လောင်စွာ ငိုကြွေးမြည်တမ်းနေကြသည်ကို မြင်တော်မူ၏။ 39ကိုယ်တော်သည် အိမ်ထဲသို့ ဝင်တော်မူ၍ “အဘယ်ကြောင့် ဆူညံစွာ ငိုကြွေးနေကြသနည်း။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာ ဖြစ်သည်” ဟု မိန့်တော်မူ၏။
40ထိုအခါ လူတို့က ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ သို့သော် ကိုယ်တော်သည် ရှိသမျှလူတို့ကို အပြင်သို့ ထွက်စေပြီးလျှင် မိန်းကလေး၏မိဘများနှင့် တပည့်တော်သုံးပါးတို့ကို ခေါ်၍ ထိုမိန်းကလေးရှိရာ အခန်းထဲသို့ ဝင်တော်မူ၏။ 41ကိုယ်တော်သည် မိန်းကလေး၏ လက်ကိုကိုင်တော်မူလျက် “တာလိတကုမိ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “မိန်းကလေး… ထလော့” ဟု ဆိုလို၏။ 42ထိုအခါ မိန်းကလေးသည် ချက်ချင်းထ၍ လမ်းလျှောက်လေ၏။ သူသည် ဆယ့်နှစ်နှစ်အရွယ်ရှိ၏။ ထိုအခါ လူတို့သည် အလွန်အံ့အားသင့်ကြ၏။ 43ထိုအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောရန် ယေရှုသည် သူတို့အား တင်းကျပ်စွာ သတိပေးတော်မူပြီးနောက် ထိုမိန်းကလေးကို စားစရာကျွေးရန် မိန့်တော်မူ၏။
वर्तमान में चयनित:
မာကု 5: BCB
हाइलाइट
शेयर
कॉपी

Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.