မာကု 6

6
နာဇရက်မြို့​၌ ငြင်းပယ်ခံရတော်မူခြင်း
1ယေရှု​သည် ထို​ဒေသ​မှ ထွက်ခွာတော်မူ​၍ မိမိ​နေရပ်မြို့​ဖြစ်သည့် နာဇရက်မြို့​သို့ ကြွတော်မူ၏။ တပည့်တော်တို့​သည်လည်း နောက်တော်သို့​လိုက်ကြ၏။ 2ဥပုသ်နေ့​ရောက်​သော် ကိုယ်တော်​သည် ဂျူးဝတ်ပြုဆောင်​၌ သွန်သင်တော်မူ၏။ ကြားနာသောသူ​များစွာတို့​သည် အံ့အားသင့်ကြ၏။ ထို​သူတို့​က “သူ​သည် ဤ​အရာများ​ကို အဘယ်က​ရသနည်း။ သူ​ရရှိသော​ပညာ​သည် မည်သည့်​ပညာ​ဖြစ်သနည်း။ သူ​ပြသသော​အံ့ဖွယ်အမှုများ​ကို မည်သည့်​တန်ခိုး​ဖြင့် ပြုသနည်း။ 3သူ​သည် လက်သမား​မဟုတ်လော။ မာရိ​၏​သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒ​နှင့် ရှိမုန်​တို့​၏​အစ်ကို မဟုတ်လော။ သူ​၏ နှမတို့​သည်လည်း ငါတို့​နှင့် တစ်ရပ်တည်းသားများ​ပင် မဟုတ်လော” ဟု ပြောဆို​၍ ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကာ မယုံကြည်ဘဲ​နေကြ၏။
4ထိုအခါ ယေရှု​က သူတို့​အား “ပရောဖက်​သည် မိမိ​နေရပ်မြို့၊ မိမိ​ဆွေမျိုး​အသိုင်းအဝိုင်း​နှင့် မိမိ​အိမ်​မှလွဲ၍ အခြားသော​အရပ်​တွင် ဂုဏ်အသရေ​ရှိသည်” ဟု မိန့်တော်မူ၏။ 5ထို​သူတို့​၏ မယုံကြည်နိုင်ခြင်း​ကြောင့် ဖျားနာသောသူ​အနည်းငယ်တို့​အပေါ် လက်တော်တင်​၍ ကျန်းမာစေခြင်း​မှအပ ထို​ဒေသ​၌ အခြား​အံ့ဖွယ်တန်ခိုးတို့​ကို ပြတော်မမူနိုင်ပေ။ 6ကိုယ်တော်​သည် သူတို့​၏ မယုံကြည်နိုင်ခြင်း​အပေါ် အံ့အားသင့်တော်မူ၏။
တပည့်တော်​ဆယ့်နှစ်ပါး​ကို စေလွှတ်တော်မူခြင်း
ထို့နောက် ယေရှု​သည် အနီးတစ်ဝိုက်​ရှိ ကျေးရွာများ​သို့ လှည့်လည်​၍ ဟောပြော​သွန်သင်တော်မူ၏။
7တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်တော်မူ​၍ နတ်ဆိုးများ​ကို နှင်ထုတ်နိုင်သော​အခွင့်အာဏာ​ကို ပေး​လျက် နှစ်ယောက်​စီ စေလွှတ်တော်မူ၏။ 8ကိုယ်တော်​က “ခရီး​အတွက် တောင်ဝှေး​မှအပ မည်သည့်​အရာ​ကိုမျှ မယူကြနှင့်။ အစားအစာ၊ ခရီးဆောင်အိတ်​မှစ၍ ခါးစည်း​၌လည်း ငွေ​ကို ထည့်မသွားကြနှင့်။ 9ဖိနပ်​ကိုသာ စီး​၍ အင်္ကျီ​အပို​ကို ယူမသွားကြနှင့်” ဟု မှာကြားတော်မူ၏။
10ဆက်လက်​၍ ယေရှု​က တပည့်တော်တို့​အား “မြို့တစ်မြို့​သို့ ဝင်​လျှင် ထို​မြို့​မှ မထွက်ခွာ​မီ​တိုင်အောင် အိမ်တစ်အိမ်​၌သာ တည်းခိုကြလော့။ 11သို့သော်လည်း မည်သည့်​အရပ်​၌​မဆို သင်တို့​ကို မကြိုဆို၊ သင်တို့​ဟောသည့်​တရား​ကိုလည်း မနာယူ​လျှင် ထို​အရပ်​မှ ထွက်ခွာ​သောအခါ သူတို့​တစ်ဖက်​၌ ဆန့်ကျင်သည့် သက်သေ​အဖြစ် သင်တို့​၏​ခြေဖဝါး​မှ ဖုန်မှုန့်​ကို ခါချလော့” ဟု မိန့်တော်မူ၏။
12တပည့်တော်တို့​သည်လည်း ထွက်သွား​၍ လူတို့​ကို အပြစ်များ​မှ နောင်တရ​၍ ဘုရားသခင်​ထံသို့ ပြောင်းလဲ​ရန် ဟောပြောကြ၏။ 13နတ်ဆိုး​များစွာ​ကို နှင်ထုတ်​၍ ဖျားနာသူ​များစွာ​ကိုလည်း သံလွင်ဆီ​ဖြင့် လိမ်း​ကာ ကျန်းမာစေကြ၏။
နှစ်ခြင်းဆရာ​ယောဟန် ကွယ်လွန်ခြင်း
14ယေရှု​၏ သတင်းတော်​သည် ကျော်ကြားလာ​သဖြင့် ဟေရုဒ်မင်း​ကြားလေ၏။ လူ​တချို့​က#6:14 အချို့သော လက်ရေးမူကျမ်းများ​တွင် “သူ​က” ဟု ပါရှိသည်။ “ဤ​သူ​သည် သေရာ​မှ​ပြန်ရှင်လာသော နှစ်ခြင်းဆရာ​ယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများ​ကို ပြနိုင်ခြင်း​ဖြစ်သည်” ဟု ပြောဆိုကြ၏။ 15သို့သော် တချို့​က “သူ​သည် ပရောဖက်​ဧလိယ​ဖြစ်သည်” ဟု ဆိုကြ၏။ တချို့​က “သူ​သည် ရှေး​ပရောဖက်​ကဲ့သို့သော ပရောဖက်​တစ်ပါး​ဖြစ်သည်” ဟု ဆိုကြ၏။
16ဟေရုဒ်မင်း​သည် ယေရှု​၏​သတင်းတော်​ကို ကြား​သောအခါ “ငါ​ခေါင်းဖြတ်​၍ သတ်စေသော ယောဟန်​သည် သေရာ​မှ​ပြန်ရှင်ပြီ” ဟု ဆိုလေ၏။
17ယခင်​က ဟေရုဒ်မင်း​သည် ဟေရောဒိ​အတွက်​ကြောင့် ယောဟန်​ကို ဖမ်းဆီးချုပ်နှောင်​၍ ထောင်​ထဲသို့​ထည့်ထားခဲ့၏။ ထို​ဟေရောဒိ​မှာ ဟေရုဒ်မင်း​၏ ညီဖြစ်သူ​ဖိလိပ္ပု​၏ ဇနီး​ဖြစ်​သော်လည်း ဟေရုဒ်မင်း​သည် သိမ်းပိုက်လေ၏။ 18ယောဟန်​က ဟေရုဒ်မင်း​အား “အရှင်မင်းကြီး​သည် ညီဖြစ်သူ​၏ ဇနီး​ကို သိမ်းယူခြင်း​မှာ ဘုရားသခင်​၏ ပညတ်တော်​နှင့်​မကိုက်ညီ” ဟူ၍ ဖော်ပြ​ဆုံးမလေ၏။ 19ထို့ကြောင့် ဟေရောဒိ​သည် ယောဟန်​ကို အငြိုးထား​၍ သတ်လို၏။ သို့သော်လည်း သတ်ခွင့်​မရနိုင်ဘဲ​ရှိ၏။ 20ဟေရုဒ်မင်း​သည် ယောဟန်​ကို ဖြောင့်မတ်သူ​နှင့် သန့်ရှင်းသူ​တစ်ဦး ဖြစ်ကြောင်း သိမြင်​၍ ရိုသေလေးစား​သောကြောင့် အကာအကွယ်​ပေး၏။ ယောဟန်​၏ စကား​ကို ကြား​သောအခါ စိတ်အနှောင့်အယှက်​ဖြစ်ရ​သော်လည်း လိုလား​စွာ​ပင် နားထောင်လေ့​ရှိ၏။
21သို့သော်လည်း နောက်ဆုံး​တွင် ဟေရုဒ်မင်း​၏​မွေးနေ့ပွဲ​၌ ဟေရောဒိ​အတွက် အခွင့်အရေး​ကြုံလာ၏။ ဟေရုဒ်မင်း​သည် မှူးကြီးမတ်ကြီးများ၊ စစ်တပ်​အရာရှိများ​နှင့် ဂါလိလဲပြည်​၏ ခေါင်းဆောင်များ​ကို ကျွေးမွေး​ဧည့်ခံလေ၏။ 22ထိုအခါ ဟေရောဒိ​၏ သမီး​သည် ဝင်​၍ ကပြဖျော်ဖြေ​ရာ ဟေရုဒ်မင်း​နှင့် ဧည့်သည်တော်များ​သည် အလွန်​နှစ်သက်ကြ၏။ ဟေရုဒ်မင်း​က ထို​မိန်းကလေး​အား “သင်​လိုချင်​သမျှ​ကို တောင်းလော့။ ငါ​ပေးမည်” ဟု ဆို၏။ 23ဟေရုဒ်မင်း​က “နိုင်ငံ​တစ်ဝက်​တိုင်အောင် သင်​တောင်း​သမျှ​ကို ငါ​ပေးမည်” ဟု ကျိန်ဆိုလေ၏။
24ထို​မိန်းကလေး​သည် သွား​၍ “မည်သည့်​အရာ​ကို တောင်းရမည်နည်း” ဟု မိခင်​အား မေး​ရာ မိခင်​က “နှစ်ခြင်းဆရာ​ယောဟန်​၏ ဦးခေါင်း​ကို တောင်းလော့” ဟု ဆို၏။
25မိန်းကလေး​သည်လည်း ဟေရုဒ်မင်း​ထံ အလျင်အမြန်​ပြန်လာ​၍ “နှစ်ခြင်းဆရာ​ယောဟန်​၏ ဦးခေါင်း​ကို လင်ပန်း​တွင်​တင်​၍ ယခု​ပင် ပေးစေ​လိုပါသည်” ဟု တောင်းဆိုလေ၏။
26ထိုအခါ ဟေရုဒ်မင်း​သည် မိမိ​ပြောခဲ့သည့်​စကား​အတွက် အလွန်​ဝမ်းနည်းလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များ​ရှေ့တွင် မိမိ​ပေးခဲ့သည့် ကတိသစ္စာ​ကို ထောက်ရှု​သဖြင့် တောင်းဆိုသည့်​အရာ​ကို မငြင်းပယ်နိုင်ပေ။ 27ထိုကြောင့် အာဏာသား​တစ်ဦး​အား ယောဟန်​၏​ဦးခေါင်း​ကို ယူလာ​ရန် အမိန့်ပေး​၍ ချက်ချင်း လွှတ်လိုက်၏။ ထို​သူ​သည်လည်း ထောင်​သို့ သွား၍ ယောဟန်​၏ ဦးခေါင်း​ကို ဖြတ်လေ၏။ 28ထို့နောက် ဦးခေါင်း​ကို လင်ပန်း​ဖြင့် ယူဆောင်လာ​ပြီးနောက် မိန်းကလေး​အား ပေးလေ၏။ မိန်းကလေး​သည်လည်း ထို​ဦးခေါင်း​ကို မိခင်​အား ပေးလေ၏။ 29ယောဟန်​၏ တပည့်တို့​သည် ထို​အကြောင်း​ကို ကြား​သောအခါ လာ​၍ အလောင်း​ကို ယူ​ကာ သင်္ချိုင်းဂူ​၌ သင်္ဂြိုဟ်ကြ၏။
လူ​ငါးထောင်​ကို ကျွေးမွေးတော်မူခြင်း
30တမန်တော်တို့​သည် ယေရှု​ထံတော်သို့ ပြန်လာ​၍ မိမိတို့​လုပ်ဆောင်ခဲ့​သမျှ​နှင့် သွန်သင်ခဲ့​သမျှ​ကို လျှောက်ကြ၏။ 31လူများစွာတို့​သည် ဝင်ထွက်သွားလာ​လျက် ရှိ​သောကြောင့် ယေရှု​နှင့် တမန်တော်တို့​မှာ အစာ​စားချိန်​ပင် မရကြပေ။ ထို့ကြောင့် ယေရှု​က “ဆိတ်ငြိမ်သော​နေရာ​သို့ သွား​၍ ခေတ္တမျှ​အနားယူကြစို့” ဟု မိန့်တော်မူ၏။
32ဤသို့ဖြင့် သူတို့​သည် ဆိတ်ငြိမ်သော​အရပ်​သို့ အခြား​လူ​မပါဘဲ လှေစီး​၍ သွားကြ၏။ 33သို့သော် လူများစွာတို့​သည် သူတို့​သွားကြသည်​ကို မြင်​၍ ယေရှု​နှင့်​တပည့်တော်တို့​ဖြစ်ကြောင်း​ကို သိကြ၏။ ထို့ကြောင့် မြို့ရွာများ​မှ ထွက်​၍ ကုန်းကြောင်း​ဖြင့် လိုက်ကြ​ရာ ယေရှု​နှင့် တပည့်တော်တို့​ထက်ပင် စော​၍ ရောက်နှင့်ကြ၏။ 34ယေရှု​သည် လှေ​ပေါ်မှ​ဆင်း​သောအခါ လူအုပ်ကြီး​ကို တွေ့မြင်တော်မူ​လျှင် သူတို့​သည် သိုးထိန်း​မရှိသော သိုးများ​ကဲ့သို့ ဖြစ်​သောကြောင့် သနားကြင်နာစိတ်​ရှိတော်မူ၏။ ထို့ကြောင့် သူတို့​အား အကြောင်းအရာ​များစွာ​ကို ဟောပြော​သွန်သင်တော်မူ၏။
35ညနေခင်း​ရောက်​သောအခါ တပည့်တော်တို့​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍ “ဤ​နေရာ​သည် လူသူ​ကင်းဝေးသော​အရပ်​ဖြစ်ပြီး မိုး​လည်း​ချုပ်ပါတော့မည်။ 36လူတို့​သည် မြို့ရွာများ​သို့ သွား​၍ စားစရာများ​ဝယ်ယူ​နိုင်ရန် သူတို့​ကို ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
37သို့သော်​ယေရှု​က “ထို​သူတို့​အတွက် စားစရာ​ကို သင်တို့​ပေးကြလော့” ဟု မိန့်တော်မူ၏။
တပည့်တော်တို့​က “အကျွန်ုပ်တို့​သည် သွား​၍ ငွေဒင်္ဂါး​ပြားနှစ်ရာ#6:37 မူရင်း​ဂရိကျမ်း​တွင် “ဒေနာရိ​ပြား​နှစ်ရာ” ဟု ပါရှိပြီး ဒေနာရိ​တစ်ပြား​၏ တန်ဖိုး​သည် လုပ်သား​တစ်ဦး​၏​တစ်နေ့တာ​လုပ်အားခ​နှင့် ညီမျှသည်။​ဖြင့် မုန့်​ကို​ဝယ်​ကာ သူတို့​အား ကျွေးရပါမည်လော” ဟု ဖြေဆိုကြ၏။
38ယေရှု​က “သင်တို့​တွင် မုန့်​မည်မျှ​ရှိသနည်း။ သွား​၍ ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
တပည့်တော်တို့​သည်လည်း တွေ့​သောအခါ “မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင် ရှိပါသည်” ဟု လျှောက်ကြ၏။
39ထို့နောက် ယေရှု​က လူထု​ပရိသတ်တို့​ကို မြက်ခင်း​ပေါ်တွင် အုပ်စုဖွဲ့​၍ ထိုင်​စေရန် တပည့်တော်တို့​ကို မိန့်တော်မူ၏။ 40လူတို့​သည်လည်း တစ်စု​လျှင် တစ်ရာ​တစ်စု၊ ငါးဆယ်​တစ်စု​ဖြင့် အသီးသီး အုပ်စုဖွဲ့​၍ ထိုင်ကြ၏။
41ထို့နောက် ကိုယ်တော်​သည် မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင်​ကို ယူ​လျက် ကောင်းကင်​သို့ မျှော်ကြည့်​ကာ ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်​ကို ချိုးဖဲ့​၍ လူထု​ပရိသတ်တို့​ကို ဝေငှ​ရန် တပည့်တော်တို့​အား ပေးတော်မူ၏။ ငါးနှစ်ကောင်​ကိုလည်း လူတို့​အား ဝေတော်မူ၏။ 42လူ​အပေါင်းတို့​သည် ဝလင်​စွာ စားကြ၏၊ 43ထို့နောက် တပည့်တော်တို့​သည် မုန့်​နှင့်​ငါး အကျိုးအပဲ့များ​ကို တောင်း​ထဲသို့ ကောက်သိမ်း​ရာ ဆယ့်နှစ်တောင်း​အပြည့်​ရကြ၏။ 44မုန့်​ကို​စားသော အမျိုးသား​အရေအတွက်​မှာ ငါးထောင်​ရှိ၏။
ရေ​ပေါ်တွင် လမ်းလျှောက်တော်မူခြင်း
45ထို့နောက် ယေရှု​သည် လူထု​ပရိသတ်တို့​ကို ပြန်လွှတ်တော်မူ​စဉ် တပည့်တော်တို့​ကိုလည်း လှေ​ပေါ်သို့ ချက်ချင်း​တက်စေ​၍ ကမ်းတစ်ဖက်​၌ ရှိသော ဗက်ဇဲဒမြို့​သို့ သွားနှင့်​စေတော်မူ၏။ 46ကိုယ်တော်​သည် လူထု​ပရိသတ်တို့​ကို နှုတ်ဆက်တော်မူ​ပြီးနောက် ဆုတောင်း​ရန် တောင်ပေါ်​သို့ တက်ကြွတော်မူ၏။
47ညအချိန်​ရောက်သော် တပည့်တော်တို့​၏ လှေ​သည် အိုင်​အလယ်​၌ ရောက်နေ၏။ ယေရှု​မှာမူ ကုန်း​ပေါ်၌ တစ်ကိုယ်တည်း​ရှိတော်မူ၏။ 48လေ​သည် ဆန့်ကျင်ဘက်​တိုက်​သောကြောင့် တပည့်တော်တို့​သည် ပင်ပန်း​စွာ အားစိုက်​လှော်ခတ်ကြရသည်​ကို မြင်တော်မူ၏။ နံနက်​သုံးနာရီ#6:48 မူရင်း​ဂရိကျမ်း​တွင် “ည​၏ လေးပိုင်းမြောက်​အချိန်” ဟု ဖော်ပြထားသည်။​ခန့်​တွင် ကိုယ်တော်​သည် ရေ​ပေါ်တွင် လမ်းလျှောက်တော်မူ​၍ တပည့်တော်တို့ ရှိရာ​သို့ ကြွ​ကာ သူ​တို့​ကို ကျော်ဖြတ်​ရန် ပြုတော်မူ၏။ 49ထိုသို့ ရေ​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်တော်မူသည်​ကို တပည့်တော်တို့​မြင်​သောအခါ တစ္ဆေ​ဟု ထင်မှတ်​၍ အော်ဟစ်ကြ၏။ 50ထိုသူ​အပေါင်းတို့​သည် ယေရှု​ကို မြင်​သောအခါ ကြောက်လန့်ကြ၏။
ထိုအခါ ယေရှု​က “မစိုးရိမ်နှင့်။ ငါ​ပင်​ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့​အား ချက်ချင်း​မိန့်တော်မူ၏။ 51ထို့နောက် သူတို့​ရှိ​ရာ လှေ​ပေါ်သို့ တက်တော်မူ​လျှင် လေ​ငြိမ်သွားလေ၏။ တပည့်တော်တို့​သည် အလွန်​မိန်းမောတွေဝေ​လျက် နေကြ၏။ 52အဘယ်ကြောင့်ဆိုသော် သူတို့​သည် မုန့်​နှင့်​ပတ်သက်၍ ပြသော​အံ့ဖွယ်တန်ခိုး​ကို နားမလည်ကြ​သောကြောင့် ဖြစ်၏။ ခံယူ​နိုင်ရန်​လည်း သူတို့​သည် ခေါင်းမာကြ၏။
53ကမ်းတစ်ဖက်​သို့ ကူးကြ​ပြီးနောက် ဂင်နေသရက်နယ်​သို့ ရောက်​သော် လှေ​ကို ကမ်းကပ်ကြ၏။ 54လှေ​ပေါ်မှ ဆင်း​သောအခါ လူတို့​သည် ယေရှု​ကို ချက်ချင်း​မှတ်မိကြ​သဖြင့် 55ထို​နယ်​တစ်ခွင်လုံး​သို့ ပြေးသွားကြ၏။ ထို့နောက် ကိုယ်တော်​ရှိတော်မူသည်​ဟု ကြားသိရသော​နေရာ​သို့ မကျန်းမာသူများ​ကို အိပ်ရာ​နှင့်တကွ ခေါ်ဆောင်လာကြ၏။ 56လူတို့​သည် ကိုယ်တော်​ကြွတော်မူသည့် မြို့၊ ရွာ၊ ကျေးလက်ဒေသ​တိုင်း​၌ မကျန်းမာသူများ​ကို ဈေးအရပ်တို့​တွင် ချထားကြ၏။ ထို​သူတို့​က မကျန်းမာသူများ​အား ဝတ်ရုံတော်​၏ အမြိတ်​ကို​မျှ တို့ထိခွင့်​ပေး​ရန် တောင်းပန်ကြ၏။ တို့ထိသော​သူ​တိုင်း​လည်း ကျန်းမာလာကြ၏။

वर्तमान में चयनित:

မာကု 6: BCB

हाइलाइट

शेयर

कॉपी

None

Want to have your highlights saved across all your devices? Sign up or sign in