မာကု 4
4
မျိုးစေ့ကြဲသောလယ်သမား ပုံဥပမာ
1တစ်ဖန် ယေရှုသည် အိုင်နံဘေး၌ ဟောပြောသွန်သင်တော်မူ၏။ အလွန်များပြားလှသောလူအုပ်ကြီးသည် ကိုယ်တော့်အနားသို့ စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။ 2ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် သွန်သင်တော်မူ၏။ ထိုသို့ သွန်သင်ရာတွင် ကိုယ်တော်က 3“နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။ 4မျိုးစေ့ကြဲရာတွင် အချို့အစေ့တို့မှာ လမ်းပေါ်တွင်ကျသဖြင့် ငှက်တို့သည် လာ၍ ကောက်စားကြ၏။ 5တချို့မှာ မြေနည်း၍ ကျောက်ပေါသောနေရာတွင် ကျပြီး မြေတိမ်သောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။ 6သို့သော် နေထွက်သောအခါ အပူဒဏ်ခံရပြီး အမြစ်လည်းမစွဲသောကြောင့် ညှိုးနွမ်းသွားကြ၏။ 7တချို့မှာ ဆူးပင်ကြားတွင် ကျပြီး ဆူးပင်တို့သည် ကြီးထွား၍ ထိုအပင်ငယ်တို့ကို ပိတ်ဆို့ထားကြသဖြင့် အသီးမသီးနိုင်ကြ။ 8တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟူ၍ ဖြစ်၏။ 9ထို့နောက် ကိုယ်တော်က “နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။
10လူထုပရိသတ်ရှင်းချိန်၌ တပည့်တော်ဆယ့်နှစ်ပါးနှင့်တကွ ကိုယ်တော့်အနားတွင် ဝန်းရံကြသောသူတို့က ပုံဥပမာများ၏ အဓိပ္ပာယ်ကို မေးလျှောက်ကြ၏။
11ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော်လည်း အပြင်လူများအတွက်မှာမူ ပုံဥပမာဖြင့် ပြောပြရ၏။ 12အဘယ်ကြောင့်ဆိုသော်
‘သူတို့သည် ငါလုပ်ဆောင်သည့်အရာကို ကြည့်လျက်နှင့်ပင်
သဘောမပေါက်နိုင်ကြ။
ငါပြောသည့်စကားကို နားထောင်လျက်နှင့်ပင်
နားမလည်။
အကယ်၍ သူတို့သည် သဘောပေါက်၍ နားလည်ပါက ငါ့ထံသို့ ပြောင်းလဲ၍
ခွင့်လွှတ်တော်မူခြင်းကို ခံရကြလိမ့်မည်’ ”#4:12 ဟေရှာ ၆:၉-၁၀။
ဟု မိန့်တော်မူ၏။
13ထို့နောက် ယေရှုက “သင်တို့သည် ဤပုံဥပမာကိုပင် နားမလည်လျှင် အခြားပုံဥပမာများကို မည်သို့နားလည်ကြမည်နည်း။ 14မျိုးစေ့ကြဲသူသည် ဘုရားသခင်၏တရားစကားကို ကြဲ၏။ 15လူတချို့သည် လမ်းပေါ်တွင် ကျသောမျိုးစေ့နှင့် တူ၏။ တရားစကားကို သူတို့ကြားသည်နှင့် စာတန်သည် ချက်ချင်းလာ၍ သူတို့၏စိတ်နှလုံး၌ ကြဲထားသော ထိုတရားစကားကို နုတ်ယူသွား၏။ 16အခြားသောသူတို့သည် ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့နှင့် တူ၏။ ထိုသူတို့သည် တရားစကားကို ကြား၍ ဝမ်းမြောက်စွာ ချက်ချင်းခံယူ၏။ 17သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။ 18ကျန်တချို့သည် ဆူးပင်ကြားတွင် ကျသောမျိုးစေ့နှင့်တူ၏။ ထိုသူတို့သည် တရားစကားကို ကြားသော်လည်း 19လောကီရေးရာကိုစိုးရိမ်ခြင်း၊ စည်းစိမ်၏ဖြားယောင်းခြင်းနှင့် အခြားတပ်မက်ခြင်းတို့က ထိုတရားစကားကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်ကြ။ 20အခြားသူတို့မှာမူ ကောင်းသောမြေ၌ ကျသည့်မျိုးစေ့နှင့်တူ၏။ ထိုသူတို့သည် တရားစကားကို ကြား၍ ခံယူသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟု မိန့်တော်မူ၏။
မီးခွက်ပုံဥပမာ
21ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ဆီမီးခွက်ကို ထွန်း၍ တောင်းအောက်၊ သို့မဟုတ် ခုတင်အောက်၌ ထားလေ့ရှိသလော။ ဆီမီးတိုင်ပေါ်တွင်သာ တင်ထားလေ့ရှိသည်မဟုတ်လော။ 22ဖုံးကွယ်ထားသမျှသည် ဖော်ထုတ်ခံရလိမ့်မည်။ လျှို့ဝှက်ထားသမျှတို့သည် ပေါ်လာလိမ့်မည်။ 23နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။ 24ထို့နောက် ယေရှုက “သင်တို့ ကြားနာရသည့်အရာကို အာရုံစိုက်ကြလော့။ သူတစ်ပါးကို ပေးသောစံနှုန်းနှင့်အညီ သင်တို့သည်လည်း ပြန်ရလိမ့်မည်။ ထိုထက်မက သင်တို့လက်ခံရရှိလိမ့်မည်။ 25ရှိသောသူတို့ကို များစွာထပ်၍ ပေးတော်မူလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ရှိသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ကြီးထွားလာသောမျိုးစေ့ ပုံဥပမာ
26ထို့နောက် ယေရှုက “ဘုရားသခင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် လယ်၌ မျိုးစေ့ကို ကြဲ၏။ 27သူသည် မျိုးစေ့ကြဲပြီးနောက် နေ့နှင့်ညအလျောက် အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အပင်ပေါက်၍ ကြီးထွားလေ၏။ သို့သော် မည်သို့ပေါက်၍ ကြီးထွားသည်ကို သူမသိ။ 28မြေသည် အလိုအလျောက် အသီးသီးစေ၏။ ဦးစွာ အညှောက်၊ ထို့နောက် အနှံ၊ တစ်ဖန် ထိုအနှံထဲမှ အောင်သောအဆန်ကို ဖြစ်စေ၏။ 29အသီးမှည့်၍ ရိတ်သိမ်းချိန်ရောက်သောအခါ လယ်သမားသည် ချက်ချင်းသွား၍ တံစဉ်ဖြင့် ရိတ်သိမ်းတတ်၏” ဟု မိန့်တော်မူ၏။
မုန်ညင်းစေ့ ပုံဥပမာ
30တစ်ဖန် ယေရှုက “ဘုရားသခင်၏နိုင်ငံတော်ကို မည်သို့ဖော်ပြရမည်နည်း။ မည်သည့် ပုံဥပမာကို သုံး၍ ဖော်ပြရမည်နည်း။ 31ကောင်းကင်နိုင်ငံတော်သည် မြေတွင် စိုက်ထားသောမုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မျိုးစေ့များအနက် အသေးငယ်ဆုံးဖြစ်၏။ 32သို့သော် ကြီးထွားလာသောအခါ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ကြီးမားသောအကိုင်းအခက်များလည်း ထွက်လာ၏။ ငှက်များပင် ထိုအပင်၏အရိပ်၌ နား၍ အသိုက်ဆောက်ကြ၏” ဟု မိန့်တော်မူ၏။
33ယေရှုသည် ထိုသို့သောပုံဥပမာများဖြင့် တရားတော်ကို ထိုသူတို့နားလည်နိုင်သမျှ ဟောပြောတော်မူ၏။ 34ပုံဥပမာများမသုံးဘဲ လူထုပရိသတ်တို့အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များနှင့် သီးခြားရှိချိန်တွင် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို သူတို့အား ရှင်းပြတော်မူ၏။
လေမုန်တိုင်းကို ငြိမ်သက်စေတော်မူခြင်း
35ထိုနေ့ ညနေရောက်သောအခါ ယေရှုသည် တပည့်တော်တို့အား “တစ်ဖက်ကမ်းသို့ ကူးကြစို့” ဟု မိန့်တော်မူ၏။ 36ထို့ကြောင့် တပည့်တော်တို့သည် လူထုပရိသတ်ကို ချန်ရစ်၍ ကိုယ်တော်ရှိနေတော်မူသည့် လှေပေါ်သို့ တက်ကာ ထွက်ခွာကြ၏။ အခြားလှေများလည်း လိုက်ပါကြ၏။ 37ထိုအခါ လေပြင်းမုန်တိုင်း တိုက်၍ လှိုင်းပုတ်သဖြင့် လှေသည် ရေနှင့်ပြည့်လုမတတ် ဖြစ်လေ၏။
38ယေရှုသည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်အား နှိုးပြီးလျှင် “ဆရာတော်… အကျွန်ုပ်တို့ရေနစ်သေရတော့မည်ကို ဂရုမစိုက်ဘဲနေတော်မူသလော” ဟု အော်ဟစ်၍ လျှောက်ကြ၏။
39ယေရှုသည် ထလျက် လေကို ဆုံးမတော်မူ၍ လှိုင်းတံပိုးအား “တိတ်ဆိတ်ငြိမ်သက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေသည် ချက်ချင်းငြိမ်၍ အလွန်သာယာသွားလေ၏။ 40ထို့နောက် ယေရှုက တပည့်တော်တို့အား “သင်တို့သည် အဘယ်ကြောင့် ကြောက်လန့်ကြသနည်း။ ယုံကြည်ခြင်း မရှိကြသေးသလော” ဟု မေးတော်မူ၏။
41တပည့်တော်တို့သည်လည်း အလွန်အံ့သြထိတ်လန့်လျက် “ဤသူသည် မည်သူနည်း။ လေနှင့် လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်း ပြောဆိုကြ၏။
वर्तमान में चयनित:
မာကု 4: BCB
हाइलाइट
शेयर
कॉपी

Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.