မာကု 3
3
ဥပုသ်နေ့တွင် ကျန်းမာစေတော်မူခြင်း
1ယေရှုသည် ဂျူးဝတ်ပြုဆောင်သို့ တစ်ဖန်ကြွတော်မူလျှင် လက်တစ်ဖက်သေသောသူတစ်ဦးကို တွေ့မြင်တော်မူ၏။ 2ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် ယေရှုသည် ဥပုသ်နေ့တွင် ထိုသူအား ကုသမည်၊ မကုသမည်ကို စောင့်ကြည့်နေကြ၏။
3ယေရှုက ထိုလက်တစ်ဖက်သေသောသူအား “လူတို့ရှေ့ လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ 4ထို့နောက် ထိုသူတို့အား “ဥပုသ်နေ့တွင် ကောင်းမှုကို ပြုသင့်သလော။ သို့မဟုတ် မကောင်းမှုကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော။ သို့မဟုတ် သတ်ဖြတ်သင့်သလော” ဟု မေးတော်မူ၏။ သို့သော် သူတို့သည် မဖြေဘဲနေကြ၏။
5ယေရှုသည် အမျက်တော်ဖြင့် ထိုသူတို့ပတ်လည်သို့ ကြည့်ပြီးမှ သူတို့၏ ခေါင်းမာမှုအတွက် ဝမ်းနည်းတော်မူ၏။ ထို့နောက် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်သောအခါ သူ၏လက်သည် အကောင်းပကတိအတိုင်း ဖြစ်လေ၏။
6ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို ဟေရုဒ်ဘက်တော်သားများနှင့် ချက်ချင်းတိုင်ပင်ကြ၏။
ယေရှုနောက်တော်သို့ လူထုပရိသတ်လိုက်ခြင်း
7ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်သို့ ကြွတော်မူလျှင် လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြ၏။ ထိုသူတို့သည် ဂါလိလဲပြည်မှစ၍ ယုဒပြည်၊ 8ဂျေရုဆလင်မြို့၊ ဣဒုမဲပြည်၊ ဂျော်ဒန်မြစ် တစ်ဖက်ကမ်းဒေသ၊ ဆီဒုန်မြို့နှင့် တိုင်ရာမြို့ စသည့် ပတ်ဝန်းကျင်ဒေသတို့မှ လာသောသူများဖြစ်ကြ၏။ ကိုယ်တော်ပြုတော်မူသမျှသော အံ့ဖွယ်နိမိတ်လက္ခဏာသတင်းသည် အရပ်ရပ်သို့ ပျံ့နှံ့သဖြင့် လူများစွာတို့သည် ကိုယ်တော်ထံသို့ လာကြ၏။
9ယေရှုသည် မိမိကို လူထုပရိသတ် မတိုးကြိတ်မိစေလိုသဖြင့် တပည့်တော်တို့အား လှေတစ်စီး အသင့်ပြင်ထားရန် မိန့်တော်မူ၏။ 10အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူများစွာကို ကျန်းမာစေတော်မူသဖြင့် ရောဂါဝေဒနာရှင်များက ယေရှုကို တို့ထိရန် တိုးဝှေ့ကြသောကြောင့်ဖြစ်၏။ 11နတ်ဆိုးပူးသော သူတို့သည် ကိုယ်တော်ကို တွေ့မြင်သည့် အခါတိုင်း ရှေ့တော်၌ ဝပ်တွားခယလျက် “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ဟစ်အော်ကြ၏။ 12သို့သော်လည်း ကိုယ်တော်က မိမိမည်သူဖြစ်ကြောင်း မဖော်ပြရန် ထိုနတ်ဆိုးတို့အား တင်းကျပ်စွာ သတိပေးတော်မူ၏။
တမန်တော်ဆယ့်နှစ်ပါးကို ရွေးချယ်တော်မူခြင်း
13ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့ တက်၍ မိမိအလိုရှိသောသူတချို့ကို ခေါ်တော်မူ၏။ ထိုသူတို့သည် ကိုယ်တော်ထံသို့ လာကြ၏။ 14-15ထိုသူတို့ထဲမှ ဆယ့်နှစ်ဦးကို ရွေးချယ်၍ တမန်တော်များဟု သတ်မှတ်ခေါ်ဝေါ်တော်မူ၏။#3:14-15 အချို့သော လက်ရေးမူကျမ်းများတွင် ဤ “တမန်တော်များဟု သတ်မှတ်ခေါ်ဝေါ်တော်မူ၏” ဟူသည့် စာကြောင်း မပါဝင်ပါ။ ထို့နောက် သူတို့အား “ငါ့အနားတွင် ရှိနေစေရန် သင်တို့ကို ငါရွေးချယ်ခန့်ထား၏။ တရားဟောရန်အတွက် သင်တို့ကို ငါစေလွှတ်မည်။ နတ်ဆိုးနှင်ထုတ်နိုင်သောအခွင့်အာဏာကိုလည်း ငါပေးမည်” ဟု မိန့်တော်မူ၏။ 16ထိုရွေးချယ်ခံရသော ဆယ့်နှစ်ဦးတို့၏ အမည်များမှာ
ပေတရုဟု ယေရှုမှည့်ခေါ်ထားတော်မူသော ရှိမုန်၊
17မိုးကြိုးသားဟု အဓိပ္ပာယ်ရသည့် ဗောနေဂရက်ဟု ယေရှုမှည့်ခေါ်ထားတော်မူသော ဇေဗေဒဲ၏ သားများဖြစ်သည့် ယာကုပ်နှင့် ယောဟန်၊
18အန္ဒြေ၊
ဖိလိပ္ပု၊
ဗာသောလမဲ၊
မဿဲ၊
သောမ၊
အာလဖဲ၏ သား ယာကုပ်၊
သဒ္ဒဲ၊
မျိုးချစ်စိတ်ထက်သန်သူ#3:18 မူရင်းဂရိကျမ်းတွင် “ကာနနိတ်လူမျိုး” ဟု ဖော်ပြထားပြီး ၎င်းသည် ဂျူးမျိုးချစ်စိတ်ရှိသူများအား ခေါ်ဝေါ်သည့် အာရမိတ်အခေါ်ဖြစ်သည်။ ရှိမုန်၊
19ယေရှုကို သစ္စာဖောက်သော ယုဒရှကာရုတ်တို့
ဖြစ်ကြ၏။
ယေရှုနှင့် နတ်ဆိုးမင်း
20ထို့နောက် ယေရှုသည် အိမ်သို့ ဝင်တော်မူလျှင် လူထုပရိသတ်တို့သည် ထပ်မံစုဝေးလာကြ၏။ ထို့ကြောင့် ကိုယ်တော်နှင့် တပည့်တော်တို့သည် အစာစားချိန်ပင် မရကြပေ။ 21ကိုယ်တော်၏ မိသားစုဝင်တို့သည် ဖြစ်ပျက်သမျှကို ကြားလျှင် ကိုယ်တော်ကို ထိန်းချုပ်ရန် ရောက်လာကြ၏။ သူတို့က “သူသည် စိတ်ဖောက်ပြန်နေပြီ” ဟု ဆိုကြ၏။
22သို့သော် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာများက “သူသည် နတ်ဆိုးမင်းဗေလဇေဗုလ ပူးနေသူဖြစ်၏။ ထိုနတ်ဆိုး၏တန်ခိုးဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။
23ယေရှုက ထိုသူတို့ကို ခေါ်၍ ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “စာတန်သည် စာတန်ကို မည်သို့ နှင်ထုတ်ပါမည်နည်း။ 24နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပြိုကွဲလိမ့်မည်။ 25ထိုနည်းတူ မိသားစုတစ်စုတွင် အချင်းချင်း စိတ်ဝမ်းကွဲလျှင် ပြိုကွဲလိမ့်မည်။ 26အကယ်၍ စာတန်သည် မိမိကိုယ်မိမိ ဆန့်ကျင်ပုန်ကန်လျက် ကွဲပြားလျှင် သူသည် မတည်မြဲနိုင်ဘဲ ကျဆုံးလိမ့်မည်။ 27ခွန်အားကြီးသောသူကို ဦးစွာ မချည်နှောင်ဘဲ သူ၏ အိမ်သို့ ဝင်၍ ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ ထိုသူထက် ခွန်အားကြီးသော တစ်စုံတစ်ယောက်က သူ့ကို ချည်နှောင်ပြီးမှသာ သူ၏ အိမ်ကို ဖောက်ထွင်းလုယူနိုင်မည်။
28ငါအမှန်ဆိုရလျှင် လူတို့သည် မိမိတို့၏ အပြစ်ရှိသမျှနှင့် ဘုရားသခင်ကို စော်ကားသောစကားများအတွက် ခွင့်လွှတ်တော်မူခြင်းခံရနိုင်၏။ 29သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုသောသူမှာမူ မည်သည့်အခါမျှ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။ ထာဝရပြစ်ဒဏ်ကို ခံထိုက်သောသူဖြစ်သည်” ဟူ၍ဖြစ်၏။ 30ထိုသို့ မိန့်တော်မူရခြင်းမှာ လူတို့က “သူသည် နတ်ဆိုးပူးနေသူဖြစ်သည်” ဟု ပြောဆိုကြသောကြောင့်ဖြစ်၏။
ယေရှု၏ စစ်မှန်သောမိသားစု
31ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကို တွေ့ဆုံရန် ရောက်လာကြ၏။ သူတို့သည် အပြင်တွင် ရပ်လျက် လူလွှတ်ကာ ကိုယ်တော်ကို ခေါ်ကြ၏။ 32ယေရှုအနားတွင် ထိုင်နေကြသောပရိသတ်တို့က “ကိုယ်တော်၏ မယ်တော်နှင့် ညီတော်တို့#3:32 အချို့လက်ရေးမူကျမ်းများတွင် “နှမတော်တို့” ပါဝင်သည်။သည် ကိုယ်တော့်ကို မေး၍ အပြင်၌ စောင့်နေကြပါသည်” ဟု လျှောက်ကြ၏။
33ယေရှုက “ငါ့မိခင်သည် မည်သူနည်း။ ငါ့ညီများသည် မည်သူတို့နည်း” ဟု မေးတော်မူ၏။ 34ထို့နောက် မိမိဘေးပတ်လည်တွင် ထိုင်နေကြသောသူများကို ကြည့်တော်မူပြီးလျှင် “ဤသူတို့သည် ငါ့မိခင်နှင့် ငါ့ညီများ ဖြစ်ကြ၏။ 35ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
वर्तमान में चयनित:
မာကု 3: BCB
हाइलाइट
शेयर
कॉपी

Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.