မာကု 2
2
လေဖြတ်သူတစ်ဦးကို ကျန်းမာစေတော်မူခြင်း
1ရက်အနည်းငယ် ကြာပြီးနောက် ယေရှုသည် ကပေရနောင်မြို့သို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်သို့ ကိုယ်တော်ရောက်ရှိနေတော်မူသည့်သတင်းသည် ပျံ့နှံ့လေ၏။ 2ထို့ကြောင့် လူများစွာတို့သည် ကိုယ်တော်ရှိတော်မူသည့်အိမ်သို့ စုဝေးလာကြသဖြင့် တံခါးအပြင်ဘက်၌ပင် နေရာမရှိတော့ပေ။ ကိုယ်တော်သည် လူတို့အား တရားတော်ကို ဟောတော်မူ၏။ 3ထိုအခါ လူလေးဦးသည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ဖြင့်ထမ်း၍ ကိုယ်တော်ထံသို့ သယ်ဆောင်လာကြ၏။ 4သို့သော်လည်း လူထုပရိသတ်ရှိနေသဖြင့် သူတို့သည် ကိုယ်တော်ထံသို့ မချဉ်းကပ်နိုင်ကြပေ။ ထို့ကြောင့် ကိုယ်တော်ရှိသည့်နေရာအထက်မှ အမိုးကို ခွာ၍ လူနာကို ထမ်းစင်နှင့်တကွ ရှေ့တော်သို့ ကြိုးဖြင့် လျှောချကြ၏။ 5ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
6သို့သော် ထိုနေရာ၌ ထိုင်နေကြသော ကျမ်းတတ်ဆရာတချို့က 7“ဤလူသည် အဘယ်ကြောင့် ထိုသို့ပြောဆိုရသနည်း။ ဘုရားသခင်ကို စော်ကားသောစကားဖြစ်၏။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
8ယေရှုသည် ကျမ်းတတ်ဆရာများက ထိုသို့တွေးတောနေကြသည်ကို ချက်ချင်းသိတော်မူသဖြင့် သူတို့အား “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။ 9ဤလေဖြတ်သူအား ‘သင်၏အပြစ်များကို ခွင့်လွှတ်ပြီ’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ၍ သင့်ထမ်းစင်ကို ယူလျက် လမ်းလျှောက်လော့’ ဟု ပြောရန် ပို၍လွယ်ကူသလော။ 10သို့သော် လူသား#2:10 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။သည် ဤလောကတွင် အပြစ်လွှတ်ပိုင်သောအခွင့်အာဏာရှိကြောင်း သင်တို့ကို ငါသက်သေပြမည်” ဟု ဆိုကာ လေဖြတ်သူအား 11“ထလော့။ သင့်ထမ်းစင်ကို ယူ၍ အိမ်သို့ ပြန်လော့” ဟု မိန့်တော်မူ၏။
12ထိုသူသည် ချက်ချင်း ထ၍ ထမ်းစင်ကို ယူကာ လူထုကြားမှ ထွက်သွားလေ၏။ လူတို့သည် အံ့အားသင့်လျက် “ဤသို့သောအဖြစ်အပျက်မျိုးကို မည်သည့်အခါမျှ မမြင်ဖူးပါ” ဟု ပြောဆိုကာ ဘုရားသခင်ကို ချီးမွမ်းကြ၏။
လေဝိဟု အမည်ရသော မဿဲကို ခေါ်တော်မူခြင်း
13ထို့နောက် ယေရှုသည် အိုင်နံဘေးသို့ တစ်ဖန်ကြွ၍ မိမိထံ ရောက်လာကြသော လူထုပရိသတ်အား သွန်သင်တော်မူ၏။ 14လမ်း၌ ကြွတော်မူစဉ် အာလဖဲ၏သား လေဝိသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ် ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။
15ထို့နောက် ယေရှုနှင့် တပည့်တော်တို့သည် လေဝိ၏အိမ်တွင် ညစာသုံးဆောင်ကြ၏။#2:15 မူရင်းဂရိကျမ်းတွင် “လျောင်းတော်မူစဉ်” ဟု တွေ့ရှိရသည်။ ပထမရာစုအရှေ့အလယ်ပိုင်း၌ အစာစားသုံးရာတွင် စားပွဲရှေ့၌ထိုင်၍ စားသုံးလေ့မရှိပါ။ ကြမ်းပြင်ပေါ်၌ အခြားတစ်ဦးအပေါ် မှီလျောင်း၍ စားပွဲကိုဦးတည်ကာ စားသောက်လေ့ရှိသည်။ ထိုနေရာ၌ အခွန်ကောက်သူများနှင့် အပြစ်သားများလည်း ပါကြ၏။ ယေရှုနောက်လိုက်များထဲတွင် ထိုသို့သောသူများစွာ ပါဝင်၏။ 16ထိုသို့ ကိုယ်တော်သည် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်တော်မူသည်ကို ဖာရိရှဲအဖွဲ့ဝင် ကျမ်းတတ်ဆရာတို့ မြင်သောအခါ “သူသည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း” ဟု တပည့်တော်တို့အား မေးကြ၏။
17ထိုသို့ မေးကြသည်ကို ယေရှုကြားတော်မူလျှင် “ကျန်းမာသောသူတို့သည် ဆရာဝန်ကို မလိုအပ်ပါ။ ဖျားနာသောသူတို့သာလျှင် လိုအပ်ကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် ငါလာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
အစာရှောင်ခြင်းအကြောင်း ဆွေးနွေးခြင်း
18တစ်နေ့သောအခါ နှစ်ခြင်းဆရာယောဟန်၏ တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်နေကြ၏။ ထိုစဉ် လူတချို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် အစာရှောင်သကဲ့သို့ ကိုယ်တော်၏တပည့်များမှာ အဘယ်ကြောင့် အစာမရှောင်ဘဲနေကြသနည်း” ဟု မေးလျှောက်ကြ၏။
19ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် အစာရှောင်တတ်ကြသလော။ သတို့သား ရှိနေသည့်ကာလပတ်လုံး သူတို့သည် အစာမရှောင်ကြ။ 20သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန်ကာလ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
21မည်သူမျှ အထည်ဟောင်းကို ပိတ်စသစ်ဖြင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ပိတ်စသစ်သည် ရုန်းသဖြင့် အထည်ဟောင်း၏စုတ်ပြဲရာအပေါက်သည် ပို၍ ကျယ်လိမ့်မည်။
22ထို့အတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်းထဲသို့ ထည့်လေ့မရှိကြ။ ထိုသို့ထည့်လျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးအဟောင်းကို ပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်နှင့် သားရေဘူးနှစ်ခုလုံး ဆုံးရှုံးလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်တွင်သာ ထည့်ရ၏” ဟု ထိုသူတို့ကို မိန့်တော်မူ၏။
ဥပုသ်နေ့အကြောင်း ဆွေးနွေးခြင်း
23ဥပုသ်နေ့တစ်နေ့တွင် ယေရှုသည် ဂျုံခင်းများကို ဖြတ်၍ ကြွတော်မူစဉ် တပည့်တော်တို့က ဂျုံနှံများကို ခြွေဆွတ်ကြ၏။
24ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
25ယေရှုက “ယဇ်ပရောဟိတ်မင်းအဗျာသာ လက်ထက်၌ ဒါဝိဒ်မင်းသည် မိမိနှင့်နောက်လိုက်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့တစ်ခါမျှ မဖတ်ဖူးကြသလော။ 26သူသည် ဘုရားသခင်၏အိမ်တော်အတွင်းသို့ ဝင်လျက် ယဇ်ပုရောဟိတ်များမှအပ အခြားမည်သူမျှ စားခွင့်မရှိသည့် သန့်ရှင်းသောမုန့်ကို ယူ၍ စား၏။ ထို့ပြင် သူ၏ အပေါင်းအဖော်များကိုလည်း ပေး၏။
27ဥပုသ်နေ့သည် လူအတွက်ဖြစ်၏။ လူသည် ဥပုသ်နေ့အတွက် ဖြစ်သည်မဟုတ်။ 28ထို့ကြောင့် လူသားသည် ဥပုသ်နေ့၏ အရှင်သခင်ဖြစ်သည်” ဟု မိန့်တော်မူ၏။
वर्तमान में चयनित:
မာကု 2: BCB
हाइलाइट
शेयर
कॉपी

Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.