တမန်တော် 4
4
ပေတရုနှင့် ယောဟန် တရားလွှတ်တော်၌ စစ်ဆေးခံခြင်း
1ပေတရုနှင့် ယောဟန်တို့သည် လူတို့အား တရားဟောလျက်နေစဉ် ဗိမာန်တော်အစောင့်တပ်မှူးအပါအဝင် ယဇ်ပုရောဟိတ်များနှင့် ဇဒ္ဒုကဲတို့သည် သူတို့ထံသို့ ရောက်လာကြ၏။ 2တမန်တော်တို့သည် လူတို့အား ဆုံးမသွန်သင်၍ ယေရှုအားဖြင့် သေလွန်သောသူတို့ပြန်ရှင်ကြသည့်အကြောင်းကို ဟောပြောနေသောကြောင့် ထိုသူတို့သည် အလွန်စိတ်အနှောင့်အယှက်ဖြစ်ကြ၏။ 3သူတို့သည် ပေတရုနှင့် ယောဟန်တို့ကို ဖမ်းဆီး၍ ညနေစောင်းပြီဖြစ်သောကြောင့် အချုပ်ခန်းတွင် နောက်တစ်နေ့တိုင်အောင် ချုပ်ထားကြ၏။ 4သို့သော်လည်း တရားစကားကို ကြားသောလူများစွာတို့သည် ယုံကြည်လာကြပြီး ယခင်ယုံကြည်သောသူများအပါအဝင် အမျိုးသားအရေအတွက် ငါးထောင်ခန့်အထိ ရှိလာ၏။
5နောက်တစ်နေ့၌ အာဏာပိုင်များ၊ အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများသည် ဂျေရုဆလင်မြို့၌ စည်းဝေးကြ၏။ 6ထိုသူတို့နှင့်အတူ ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန်းဒါးနှင့် ယဇ်ပုရောဟိတ်မင်း၏မိသားစုဝင်အပေါင်းတို့သည်လည်း ရှိကြ၏။ 7တမန်တော်တို့ကို သူတို့အလယ်၌ ရပ်စေပြီးသောအခါ “သင်တို့သည် မည်သည့်တန်ခိုး၊ မည်သည့် အမည်နာမအားဖြင့် ဤအမှုကို ပြုသနည်း” ဟု မေးမြန်းကြ၏။
8ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် “လူတို့၏အာဏာပိုင်များနှင့် အကြီးအကဲများတို့… 9ခြေမသန်စွမ်းသူအား ကောင်းမှုပြုသောကြောင့် ထိုလူကို မည်သို့အကောင်းပကတိအတိုင်း ဖြစ်စေသနည်းဟု ယနေ့ ကျွန်ုပ်တို့စစ်ဆေးခံရလျှင် 10နာဇရက်မြို့သား ယေရှုခရစ်တော်#4:10 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။၏အမည်နာမအားဖြင့် ထိုသူသည် သင်တို့ရှေ့၌ ကျန်းမာသန်စွမ်းလျက်ရှိသည်ကို သင်တို့မှစ၍ အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြလော့။ ထိုယေရှုမှာ သင်တို့လက်ဝါးကပ်တိုင်တွင် သတ်သော်လည်း သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသောသူဖြစ်၏။ 11ကျမ်းစာ၌
‘တိုက်ဆောက်သောသင်တို့ ပယ်ထားသည့်ကျောက်သည်
ထောင့်ချုပ်ကျောက်ဖြစ်လာ၏’#4:11 ဆာ ၈:၂။ ဟု ရည်ညွှန်းခံရသူမှာ ဤယေရှုပင်ဖြစ်၏။
12ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်အောက်တွင် ထိုအရှင်၏အမည်နာမမှတစ်ပါး ကျွန်ုပ်တို့ကို ကယ်တင်နိုင်သောအခြားအမည်နာမ မရှိပါ” ဟု ဖြေဆိုလေ၏။
13ပေတရုနှင့် ယောဟန်တို့မှာ ပညာတတ်မဟုတ်၊ သာမန်လူသာဖြစ်လျက်နှင့် ထိုသို့ရဲစွမ်းသတ္တိရှိကြသည်ကို မြင်သောအခါ ထိုသူတို့သည် အံ့သြကြ၏။ ထို့ပြင် ယေရှု၏အပေါင်းအဖော်များဖြစ်ကြောင်းကိုလည်း မှတ်မိကြ၏။ 14ကျန်းမာသွားသောသူသည် တမန်တော်တို့၏ဘေးတွင် ရပ်နေသည်ကို မြင်နေရသဖြင့် ဆန့်ကျင်ပြောဆိုရန်စကား မရှိကြ။ 15ထို့ကြောင့် သူတို့သည် တမန်တော်တို့ကို တရားလွှတ်တော်အစည်းအဝေးမှ ထွက်သွားရန် အမိန့်ပေး၍ ထိုအမှုကို အချင်းချင်း ဆွေးနွေးတိုင်ပင်ကြ၏။
16သူတို့က “ငါတို့သည် သူတို့ကို မည်သို့ပြုရမည်နည်း။ သူတို့သည် ဂျေရုဆလင်မြို့၌ နေသောသူတို့အား ထင်ရှားသောနိမိတ်လက္ခဏာကို ပြခဲ့ပြီးဖြစ်သည်ကို ငါတို့မငြင်းဆိုနိုင်ကြ။ 17သို့သော်လည်း ထိုတရားသည် လူတို့တွင် ပျံ့နှံ့မသွားစေရန် ထိန်းသိမ်းလျက် ထိုအမည်နာမအားဖြင့် တစ်စုံတစ်ယောက်ကိုမျှ မဟောပြောရန် သူတို့အား သတိပေးကြစို့” ဟု ပြောဆိုကြ၏။ 18ထို့ကြောင့် သူတို့သည် တမန်တော်တို့ကို ခေါ်ကာ ယေရှု၏အမည်နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းကို လုံးဝမပြုရန် အမိန့်ပေးကြ၏။
19သို့ရာတွင် ပေတရုနှင့် ယောဟန်တို့က “ဘုရားသခင်၏စကားတော်ကို နားမထောင်ဘဲ သင်တို့၏စကားကို နားထောင်ခြင်းသည် ဘုရားသခင်၏ရှေ့တော်၌ မှန်သည်မမှန်သည်ကို သင်တို့ဆုံးဖြတ်ကြလော့။ 20ကျွန်ုပ်တို့သည် မြင်တွေ့၍ ကြားခဲ့ပြီးသောအရာတို့ကို မဟောပြောဘဲမနေနိုင်ပါ” ဟု ပြန်ဖြေကြ၏။
21တရားလွှတ်တော်အဖွဲ့ဝင်တို့သည်လည်း တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်သတိပေး၍ လွှတ်လိုက်ကြ၏။ လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သောအရာအတွက် ဘုရားသခင်ကို ချီးမွမ်းကြသောကြောင့် တရားလွှတ်တော်အဖွဲ့ဝင်တို့သည် တမန်တော်တို့အား ပြစ်ဒဏ်ပေးရန် နည်းလမ်းရှာမတွေ့ကြပေ။ 22ဤနိမိတ်လက္ခဏာအားဖြင့် အကောင်းပကတိဖြစ်လာသောသူသည် အသက်လေးဆယ်ကျော်ရှိ၏။
ရဲရင့်ခြင်းအတွက် ယုံကြည်သူများဆုတောင်းခြင်း
23ပေတရုနှင့်ယောဟန်တို့သည် လွတ်လာပြီးနောက် အခြားယုံကြည်သူများထံသို့ သွား၍ မိမိတို့အား ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့ပြောခဲ့သမျှတို့ကို ပြန်ပြောပြကြ၏။ 24ထိုအကြောင်းအရာကို ကြားသောအခါ သူတို့က “ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူ၍ အရာအားလုံးကို အုပ်စိုးတော်မူသောဘုရားသခင်… 25ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အကျွန်ုပ်တို့၏ဖခင်ကြီး အစေခံဒါဝိဒ်မင်းကြီးမှတစ်ဆင့် မိန့်တော်မူသည်မှာ
‘လူမျိုးခြားတို့သည် အဘယ်ကြောင့် အမျက်ဒေါသထွက်ကြသနည်း။
လူတို့သည် အချည်းနှီးအမှုတို့ကို အဘယ်ကြောင့် ကြံစည်ကြသနည်း။
26လောကီရှင်ဘုရင်တို့သည် ထကြ၍
အာဏာပိုင်တို့သည် အတူတကွစုရုံးလျက်
ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြု၍
ဘိသိက်ခံရသူကို ပုန်ကန်ကြ၏’#4:26 ဆာ ၂:၁-၂။
ဟူ၍ ဖြစ်၏။
27ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။ 28ထိုသူတို့သည် အရှင်၏တန်ခိုးတော်နှင့် အလိုတော်အရ ကြိုတင်စီမံတော်မူသည့်အတိုင်းဖြစ်လာရန် ထိုသို့ပြုလုပ်ကြခြင်းဖြစ်၏။ 29အို ထာဝရဘုရား… ယခုတွင် သူတို့၏ခြိမ်းခြောက်ခြင်းကို မှတ်တော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ရဲစွမ်းသတ္တိနှင့် ဟောပြောရန် ကိုယ်တော်၏အစေအပါးတို့အား အခွင့်ပေးတော်မူပါ။ 30အို ဘုရားသခင်… လူများကို ကျန်းမာစေရန် လက်တော်ကို ဆန့်တော်မူစဉ် သန့်ရှင်းတော်မူသောအစေခံ#4:30 မူရင်းဂရိကျမ်းတွင် “ကလေး” ဟု ဖော်ပြထားပြီး အကြောင်းအရာအပေါ် မူတည်၍ “သား၊” သို့မဟုတ် “အစေခံ” ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ယေရှု၏အမည်နာမအားဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ဖြစ်ပေါ်စေတော်မူပါ” ဟု ဘုရားသခင်ထံ ဆုတောင်းကြ၏။
31ထိုသို့ ဆုတောင်းပြီးနောက် စုရုံးနေသောနေရာသည် တုန်ခါလျက် ထိုသူအားလုံးတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။
ဥစ္စာပစ္စည်းများကို မျှဝေခြင်း
32ယခုအခါ၌ ယုံကြည်သောသူရှိသမျှတို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြသဖြင့် မည်သူမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်သည်ဟု မဆိုဘဲ ရှိသမျှဥစ္စာတို့ကို မျှဝေအသုံးပြုကြ၏။ 33သခင်ယေရှု၏ရှင်ပြန်ထမြောက်တော်မူခြင်းကို တမန်တော်တို့သည် ကြီးမြတ်သောတန်ခိုးနှင့် သက်သေခံကြသဖြင့် ဘုရားသခင်၏ကြီးမြတ်သောကျေးဇူးတော်သည်လည်း သူတို့အပေါ်တွင် ရှိလေ၏။ 34ထိုသူတို့တွင် ဆင်းရဲချို့တဲ့သောသူ တစ်ယောက်မျှမရှိ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်အိမ်ခြံမြေများပိုင်ဆိုင်သောသူတို့သည် ပိုင်ဆိုင်သောအရာများကို ရောင်းပြီးလျှင် ရသောငွေများကို ယူဆောင်လာ၍ 35တမန်တော်တို့ထံ အပ်ကြသောကြောင့်ဖြစ်၏။#4:35 မူရင်းဂရိကျမ်းတွင် “တမန်တော်တို့၏ခြေရင်းတွင် ချထားကြပြီး” ဟူ၍ ဖော်ပြထားသည်။ တမန်တော်တို့ကလည်း လူတစ်ဦးစီ၏လိုအပ်သည့် ပမာဏအတိုင်း ပေးကမ်းဝေငှကြ၏။
36ထိုသူတို့တွင် ယောသပ်အမည်ရှိသူတစ်ယောက် ရှိ၏။ တမန်တော်များက သူ့အား ဗာနဗဟု ခေါ်ကြ၏။ ထိုအမည်မှာ “နှစ်သိမ့်ခြင်း၏သား” ဟူ၍ အဓိပ္ပာယ်ရ၏။ ထိုသူသည် လေဝိမျိုးနွယ်တစ်ဦးဖြစ်၍ ဆိုက်ပရပ်ကျွန်းသားလည်းဖြစ်၏။ 37ဗာနဗသည် မိမိပိုင်ဆိုင်သောလယ်ယာမြေကို ရောင်းပြီးလျှင် ရသောငွေကို ယူဆောင်ခဲ့၍ တမန်တော်တို့ထံ အပ်လေ၏။
Tällä hetkellä valittuna:
တမန်တော် 4: BCB
Korostus
Jaa
Kopioi

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.