တမန်တော် 5

5
အာနနိ​နှင့် ရှိဖိရေ
1သို့ရာတွင် အာနနိ​အမည်​ရှိသော​လူတစ်ဦး​နှင့် သူ​၏​ဇနီး​ရှဖိရေ​တို့​သည် ပိုင်ဆိုင်မှု​တချို့​ကို ရောင်းကြ၏။ 2အာနနိ​သည် ဇနီးသည်​နှင့် သဘောတူ​လျက် ရောင်းရ​ငွေ​တချို့​ကို မိမိ​အတွက် ဖယ်ထား​ကာ ကျန်​ငွေ​တချို့​ကိုသာ ယူဆောင်ခဲ့​ပြီးလျှင် တမန်တော်တို့​ထံ အပ်လေ၏။
3ပေတရု​က “အာနနိ… သင်​သည် အဘယ်ကြောင့် စာတန်​အား သင်​၏​စိတ်နှလုံး​ထဲ​၌ အုပ်စိုးခွင့်​ပေးသနည်း။ သင်​သည် မြေ​ရောင်းရသော​ငွေ​တချို့​ကို ယူထား​၍ သန့်ရှင်းသော​ဝိညာဉ်တော်​ကို လှည့်စားပြီ။ 4ထို​မြေ​ကို မရောင်းဘဲ​ရှိစဉ် သင်​ပိုင်သည်​မဟုတ်လော။ မရောင်းဘဲ​ထား​လျှင်လည်း သင်​၏​ဥစ္စာ​ပင်​ဖြစ်သည် မဟုတ်လော။ ထို​မြေ​ကို ရောင်းချ​ပြီးလျှင်​လည်း ရရှိသော​ငွေ​ကို သင်​အလိုရှိသည့်​အတိုင်း ပြုနိုင်သည်​မဟုတ်လော။ သို့သော်လည်း သင်​၏​စိတ်နှလုံး​ထဲ၌ ဤ​မကောင်းမှု​ကို အဘယ်ကြောင့် ကြံစည်ရသနည်း။ သင်​သည် ငါတို့​ကို လှည့်စားသည်​မဟုတ်။ ဘုရားသခင်​ကို လှည့်စားပြီ” ဟု ဆိုလေ၏။
5ထို​စကား​ကို ကြား​သောအခါ အာနနိ​သည် လဲကျ​၍ သေဆုံးလေ၏။ ဤ​အဖြစ်ပျက်​ကို ကြားသော​သူ​ရှိသမျှတို့​သည် အလွန်​ထိတ်လန့်ကြ၏။ 6လူငယ်​တချို့​သည် လာ​၍ သူ​၏​အလောင်း​ကို အဝတ်​နှင့် ရစ်ပတ်​ပြီးလျှင် သယ်ဆောင်သွား​၍ သင်္ဂြိုဟ်ကြ၏။
7ထို့နောက် သုံးနာရီ​ခန့်​ကြာသော် သူ​၏​ဇနီး​သည် ဖြစ်ခဲ့ပြီးသော​အဖြစ်အပျက်​ကို မသိဘဲ​ဝင်လာ၏။ 8ပေတရု​က “သင်တို့​သည် ထို​မြေ​ကို ဤ​မျှလောက်​ဖြင့် ရောင်းသလော” ဟု မေး၏။
ထို​အမျိုးသမီး​ကလည်း “ဟုတ်ပါ၏။ ဤ​မျှလောက်​ဖြင့်သာ ရောင်းပါပြီ” ဟု ပြန်ပြော၏။
9ထိုအခါ ပေတရု​က သူ့​အား “သင်တို့​နှစ်ဦးစလုံး​သည် အဘယ်ကြောင့် ထာဝရဘုရား​၏​ဝိညာဉ်တော်​ကို လှည့်စား​ရန် သဘောတူ​၍ ပူးပေါင်း​ကြံစည်ကြသနည်း။ ကြည့်လော့။ သင်​၏​ခင်ပွန်း​ကို သင်္ဂြိုဟ်သော​သူတို့​သည် တံခါး​နား​တွင် ရောက်နေကြပြီ​ဖြစ်၍ သူတို့​သည် သင့်​ကိုလည်း သယ်ဆောင်ကြ​လိမ့်မည်” ဟု ဆို၏။
10ချက်ချင်း​ပင် သူ​သည် ပေတရု​၏​ခြေရင်း​တွင် လဲကျ​၍ သေဆုံးလေ၏။ လူငယ်တို့ ဝင်လာကြ​သောအခါ ထို​အမျိုးသမီး​သေဆုံးနေသည်​ကို တွေ့ကြ​သဖြင့် သူ့​ကို သယ်ဆောင်သွား​၍ သူ​၏​ခင်ပွန်း​နံဘေး​တွင် သင်္ဂြိုဟ်ကြ၏။ 11အသင်းတော်​တစ်ခုလုံး​နှင့် ထို​အဖြစ်အပျက်​အကြောင်း​ကို ကြားသော​သူ​ရှိသမျှတို့​သည် ထိတ်လန့်ကြ၏။
လူ​အမြောက်အမြား​ကို ကျန်းမာစေခြင်း
12တမန်တော်တို့​သည် လူများ​ရှေ့​တွင် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြုကြ၏။ ထို့နောက် ယုံကြည်သူ​အပေါင်းတို့​သည် ရှောလမုန်​ဆင်ဝင်​၌ စုဝေးကြ၏။ 13ကျန်​လူများ​သည် သူတို့​နှင့် မပေါင်းသင်းဝံ့ကြ။ သို့သော် လူတို့​သည် သူတို့​ကို ရိုသေကြ၏။ 14ဘုရားသခင်​ကို​ယုံကြည်သော အမျိုးသား၊ အမျိုးသမီးတို့​၏​အရေအတွက်​သည် အလွန်​များပြားလာကြ၏။ 15လူတို့​သည် အနာရောဂါ​ရှိသော​သူများ​ကို လမ်း​နံဘေးသို့ သယ်ဆောင်လာ​၍ ခုတင်​နှင့် ဖျာ​ပေါ်တွင် ထားကြ၏။ ဤသည်​မှာ ပေတရု​ဖြတ်သွား​သောအခါ တချို့​လူနာများ​အပေါ်​သို့ သူ​၏​အရိပ်​ကျရောက်​စေရန် ဖြစ်၏။ 16ဂျေရုဆလင်မြို့​ပတ်ဝန်းကျင်​ရှိ မြို့ရွာများ​မှ လူများ​သည်လည်း စုဝေးကြ၏။ လူနာများ​နှင့် နတ်ဆိုး​၏​ညှဉ်းပန်းနှိပ်စက်ခြင်း​ခံရသည့်​သူများ​ကိုလည်း သယ်ဆောင်လာကြ​သဖြင့် ထို​လူနာ​ရှိသမျှတို့​သည် ကျန်းမာသွားကြ၏။
တမန်တော်များ​ကို ညှဉ်းပန်းနှိပ်စက်ခြင်း
17ထိုအခါ ယဇ်ပုရောဟိတ်မင်း​နှင့် သူ​၏​အပေါင်းအဖော်​ဖြစ်သော ဇဒ္ဒုကဲများ​၏​ဂိုဏ်းဝင်တို့​သည် မနာလိုစိတ်​ရှိကြ၏။ 18သူတို့​သည် တမန်တော်တို့​ကို ဖမ်းဆီး​၍ ထောင်​ထဲတွင် ထည့်ထားကြ၏။ 19သို့သော်လည်း ည​အချိန်​တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​တစ်ပါး​သည် ထောင်တံခါး​ကို ဖွင့်​၍ တမန်တော်တို့​ကို ခေါ်ထုတ်သွား​ကာ 20“ဗိမာန်တော်​သို့ သွား​၍ အသက်ရှင်ခြင်း​တရားစကား​အားလုံး​ကို လူတို့​အား ပြောပြကြလော့” ဟု ဆိုလေ၏။
21မိုးလင်း​သောအခါ ကောင်းကင်တမန်​မှာထားသည့်​အတိုင်း သူတို့​သည် ဗိမာန်တော်​သို့ ဝင်​၍ ဆုံးမသွန်သင်ကြ၏။
ယဇ်ပုရောဟိတ်မင်း​နှင့် သူ​၏​အဖွဲ့ဝင်များ​သည် အစည်းအဝေး​ပြုလုပ်​ရန် တရားလွှတ်တော်​အဖွဲ့ဝင်များ​နှင့် အစ္စရေးလူမျိုး​အကြီးအကဲတို့​ကို စုရုံးစေ၏။ ထို့နောက် တမန်တော်တို့​ကို ခေါ်ထုတ်လာ​ရန် အစောင့်တပ်သားတို့​ကို ထောင်​ထဲသို့ စေလွှတ်ကြ၏။ 22သို့ရာတွင် ဗိမာန်တော်​အစောင့်တပ်သားတို့​သည် ထောင်​သို့ ရောက်​သောအခါ တမန်တော်တို့​ကို မတွေ့​သဖြင့် ပြန်လာ​၍ 23“ထောင်​ကို လုံခြုံ​စွာ သော့ခတ်​လျက် တံခါး​ရှေ့တွင်​လည်း အစောင့်များ​ရပ်​နေကြသည်​ကို ကျွန်ုပ်တို့​တွေ့ခဲ့ပါ၏။ သို့သော် ထောင်တံခါး​ကို ဖွင့်ကြည့်​သောအခါ အထဲ​တွင် မည်သူ့​ကို​မျှ မတွေ့ပါ” ဟု ပြန်ပြောကြ၏။
24ထို​စကား​ကို​ကြား​သောအခါ ဗိမာန်တော်​တပ်မှူး​နှင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​သည် စိတ်ရှုပ်ထွေး​ကာ မည်သည့်​အမှု​ဆက်ဖြစ်လာမည်​ကို တွေးတော​လျက်​နေကြ၏။ 25ထို့နောက် လူ​တစ်ဦး​သည် ရောက်လာ​ပြီး​လျှင် “သင်တို့ ထောင်​အတွင်း၌ ထည့်ထားသော​သူတို့​သည် ဗိမာန်တော်​၌​ရပ်​လျက် လူတို့​အား ဟောပြော​သွန်သင်နေကြ၏” ဟု သတင်းပို့လေ၏။
26ထို့နောက် ဗိမာန်တော်​တပ်မှူး​သည်​အစောင့်တပ်သားများ​နှင့်အတူ သွားကြပြီး​လျှင် တမန်တော်တို့​ကို ခေါ်ဆောင်လာကြ၏။ သို့သော်လည်း လူတို့​သည် မိမိတို့​အား ကျောက်ခဲ​နှင့် ပေါက်သတ်မည်​ကို​ကြောက်​သောကြောင့် တမန်တော်တို့​ကို အကြမ်းမဖက်ကြ။ 27ထိုသို့ ခေါ်ဆောင်လာ​ပြီးလျှင် တရားလွှတ်တော်​တွင် ရပ်စေကြ၏။ ယဇ်ပုရောဟိတ်မင်း​ကလည်း 28“ထို​ယေရှု​၏​အမည်​နာမ​ဖြင့် မသွန်သင်​ရန် တင်းကျပ်သော​အမိန့်များ​ကို ငါတို့​ထုတ်ပြန်​သော်လည်း သင်တို့​သည် ဂျေရုဆလင်မြို့ တစ်မြို့လုံး​တွင် သွန်သင်ကြပြီ။ ထို​သူ​၏​သေခြင်း အတွက် ငါတို့​၌ တာဝန်ရှိသည်​ဟု သင်တို့​သည် အပြစ်တင်လိုကြ၏” ဟူ၍ ပြောဆိုလေ၏။
29သို့ရာတွင် ပေတရု​နှင့် တမန်တော်တို့​က “ကျွန်ုပ်တို့​သည် လူတို့​၏​အမိန့်အာဏာ​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်ရပါမည်။ 30သင်တို့​သစ်တိုင်#5:30 “သစ်တိုင်” မူရင်း​ဂရိ​စကားလုံး​တွင် သစ်ပင်၊ သို့မဟုတ် သစ်သား ဟု အဓိပ္ပာယ်​ရပြီး ထို​အဓိပ္ပာယ်​မှတစ်ဆင့် လက်ဝါးကပ်တိုင်​ဟုလည်း ရည်ညွှန်း​နိုင်သည်။ ဤ​စကားလုံး​ဖြင့် ပေတရု​သည် တရား ၂၁:၂၂-၂၃ ကို အရိပ်အမြွက်​ဖော်ပြခဲ့သည်။​ပေါ်မှာ ချိတ်ဆွဲ​၍ သေဒဏ်ပေးသည့်​ယေရှု​ကို ကျွန်ုပ်တို့​ဘိုးဘေးတို့​၏​ဘုရားသခင်​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်​စေတော်မူပြီ။ 31အစ္စရေးလူမျိုးများ​အား နောင်တရ​၍ အပြစ်တရား​မှ​လွှတ်​စေရန် ဘုရားသခင်​သည် ထို​အရှင်​အား ခေါင်းဆောင်​နှင့် ကယ်တင်ရှင်​အဖြစ် မိမိ​၏​လက်ယာတော်ဘက်​၌ ချီးမြောက်တော်မူပြီ။ 32ကျွန်ုပ်တို့​သည် ထို​အကြောင်းအရာများ​၏​အသိ​သက်သေများ​ဖြစ်ကြ၏။ ထို​အရှင်​ကို နာခံသော​သူတို့​အား ဘုရားသခင်​ပေးတော်မူသော သန့်ရှင်းသော​ဝိညာဉ်တော်​သည်လည်း သက်သေ​ဖြစ်တော်မူ၏” ဟူ၍ ပြန်ဖြေကြ၏။
33သူတို့​သည် ဤ​စကား​ကို ကြား​သောအခါ ဒေါသ​ထွက်​၍ တမန်တော်များ​ကို သတ်​ရန်​ဆုံးဖြတ်ကြ၏။ 34သို့သော်လည်း လူ​အားလုံးတို့​ရိုသေလေးစားရသော ကျမ်းတတ်​ပညာရှင် ဂါမလျေလ​အမည်ရှိသော ဖာရိရှဲ​တစ်ဦး​သည် တရားလွှတ်တော်​တွင် ထ​၍ တမန်တော်တို့​ကို အပြင်​သို့​ခဏ​ထွက်​စေရန် အမိန့်ပေးလေ၏။ 35ထို့နောက် သူ​က “အို အစ္စရေး​အမျိုးသားတို့… ဤ​သူတို့​အား မည်သို့ ပြုရမည်​ကို သတိပြု​ဆင်ခြင်ကြလော့။ 36ယခင်​ကလည်း သုဒ​အမည်ရှိသော​သူ​သည် မိမိကိုယ်မိမိ​ကြီးမြတ်သူ​တစ်ဦး​ဖြစ်သည်​ဟု ပြောဆို​သဖြင့် လူ​လေးရာ​ခန့်​သည် သူ​၏​နောက်သို့​လိုက်ကြ၏။ သို့သော်လည်း ထို​သူ​သည် အသတ်ခံရ​ပြီးနောက် သူ​၏​နောက်လိုက်များ​သည် လူစုကွဲ​၍ ပျောက်ကွယ်သွားကြ၏။ 37ထို့နောက် သန်းခေါင်စာရင်းကောက်ချိန်​၌ ဂါလိလဲပြည်သား ယုဒ​အမည်​ရှိသူ​တစ်ဦး​သည်လည်း လူများ​ကို စည်းရုံးခဲ့၏။ သူ​သည် အသတ်ခံရ​သောအခါ သူ​၏​နောက်လိုက်​အားလုံး​သည်လည်း ကွဲလွင့်သွားကြ၏။
38ထို့ကြောင့် ယခု​လက်ရှိ​အမှု​၌ သင်တို့​အား​ကျွန်ုပ်​ပြောလိုသည်​မှာ ဤ​သူတို့​နှင့် မပတ်သက်ကြနှင့်။ သွားကြပါစေ။ ဤ​အကြံအစည်​သည် လူ​၏​အကြံအစည်​ဖြစ်လျှင် ကျရှုံးပျက်စီးပါ​လိမ့်မည်။ 39သို့ရာတွင် ဘုရားသခင်​၏​အကြံအစည်တော်​ဖြစ်​ပါက သင်တို့​သည် ထို​သူတို့​ကို တားဆီး​၍​မရနိုင်ပါ။ ဤ​အမှု​၌ သင်တို့​ကိုယ်တိုင်​ပင်လျှင် ဘုရားသခင်​ကို ဆန့်ကျင်တိုက်ခိုက်သော​သူများ​ဖြစ်ပါ​လိမ့်မည်” ဟု ပြောလေ၏။
40သူတို့​သည် ဂါမလျေလ​၏​အဆို​ကို လက်ခံကြ​သဖြင့် တမန်တော်တို့​ကို​ခေါ်​၍ ကြိမ်ဒဏ်ပေး​ပြီးနောက် ယေရှု​၏​အမည်​နာမ​ကို အမှီပြု​လျက် မဟောပြော​ရန် အမိန့်ပေး​ကာ လွှတ်လိုက်ကြ၏။
41တမန်တော်တို့​သည် ယေရှု​၏​အမည်​နာမ​ကြောင့် အရှက်ခွဲခြင်း​ကို​ခံထိုက်သူများ​အဖြစ် ဘုရားသခင်​မှတ်ယူတော်မူ​သောကြောင့် ဝမ်းမြောက်​လျက် တရားလွှတ်တော်​မှ ထွက်သွားကြ၏။ 42ထို့နောက် ယေရှု​သည် ခရစ်တော်#5:42 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏​အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဖြစ်သည်​ဟူသော သတင်းကောင်း​ကို ဗိမာန်တော်​၌​လည်းကောင်း၊ အိမ်များ​၌​လည်းကောင်း နေ့စဉ်​မရပ်မနား ဟောပြော​သွန်သင်ကြ၏။

Tällä hetkellä valittuna:

တမန်တော် 5: BCB

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään