ကမ္ဘာဦးကျမ်း 6

6
ဘုရားသားများနှင့်လူ့သမီးများ
1မြေပြင်​ပေါ်တွင် လူ​တို့​များပြား​စပြု​လာ​၍ သူ​တို့​၌ သမီး​များ​မွေးဖွား​လာ​ကြ​သောအခါ 2ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​အဆင်းလှ​သည်​ကို​မြင်​၍ မိမိ​တို့​ကြိုက်နှစ်သက်​သော​သူ မည်သူ့ကိုမဆို မိမိ​တို့​မယား​အဖြစ်​ယူ​ကြ​၏​။ 3ထိုအခါ ထာဝရဘုရား​က “​ငါ​၏​ဝိညာဉ်​သည် လူ​တွင်​ထာဝရ​တည်#6:3 သို့မဟုတ် “လူနှင့်အစဉ်ဖက်ပြိုင်”။​မည်​မ​ဟုတ်​။ အကြောင်းမူကား လူ​သည် အသွေးအသား​ခန္ဓာ​သာ​ဖြစ်​သောကြောင့် လူ​၏​သက်တမ်း​သည် အနှစ်​တစ်ရာ့​နှစ်ဆယ်​ဖြစ်စေ​”​ဟု မိန့်​တော်မူ​၏​။ 4ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​ထံ​ဝင်​၍ ကလေး​များ​ကို​ရ​ကြ​သော​ကာလ​နှင့် ထို​ကာလ​၏​နောက်ပိုင်း​၌ မြေကြီး​ပေါ်တွင် ဧရာမလူ#6:4 မူရင်းစကားလုံး၏အသံထွက်အရ “နဖိလိမ်”။​များ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် ရှေးခေတ်​လူစွမ်းကောင်း​များ​၊ နာမည်​ကျော်စော​သူ​များ​ဖြစ်​ကြ​၏​။
ကမ္ဘာကြီးကိုစီရင်ရန် ဆုံးဖြတ်ခြင်း
5မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။ 6ထိုအခါ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် လူ​ကို​ဖန်ဆင်း​ခဲ့​သည်​ကို ဝမ်းနည်း​၍ စိတ်နှလုံး​ထိခိုက်​တော်မူ​၏​။ 7ထို့ကြောင့် ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​သော​လူ​ကို​လည်းကောင်း​၊ လူ​မှစ၍ တိရစ္ဆာန်​များ​၊ တွားသွားသောတိရစ္ဆာန်​များ​နှင့် မိုးကောင်းကင်​ငှက်​များ​ကို​လည်းကောင်း မြေပြင်​ပေါ်​မှ ငါ​သုတ်သင်ပယ်ရှင်း​မည်​။ အကြောင်းမူကား သူ​တို့​ကို ဖန်ဆင်း​ခဲ့​သည်​ကို ငါ​ဝမ်းနည်း​၏​”​ဟု မိန့်​တော်မူ​၏​။ 8သို့သော် နောဧ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မျက်နှာရ​သော​သူ​ဖြစ်​၏​။
နောဧအားသတိပေးခြင်း
9နောဧ​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ နောဧ​သည် ဖြောင့်မတ်​သော​သူ​၊ သူ​၏​မျိုးဆက်​ထဲ၌ အပြစ်တင်စရာမရှိ​သော​သူ​ဖြစ်​၏​။ နောဧ​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။ 10နောဧ​သည် ရှေမ​၊ ဟာမ​၊ ယာဖက် ဟူသော​သား​သုံး​ယောက်​ကို​ရ​၏​။
11ထို​အချိန်​၌ မြေကြီး​သည် ဘုရားသခင်​ရှေ့​တော်​၌ ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။ မြေကြီး​သည် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ 12ဘုရားသခင်​သည် မြေကြီး​ကို​ကြည့်ရှု​သောအခါ ယိုယွင်းပျက်စီး​လျက်​ရှိ​သည်​ကို မြင်​တော်မူ​၏​။ အကြောင်းမူကား မြေကြီး​ပေါ်တွင် လူ​အပေါင်း​တို့​သည် အကျင့်စရိုက်​ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။ 13ဘုရားသခင်​က နောဧ​အား “​လူ​အပေါင်း​တို့​၏​အဆုံး​သည် ငါ့​ရှေ့မှောက်​သို့​ရောက်လာ​ပြီ​။ အကြောင်းမူကား မြေကြီး​သည် သူ​တို့​ကြောင့် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို မြေကြီး​နှင့်အတူ​ဖျက်ဆီး​မည်​။
14ဂေါဖရ​သစ်သား​ဖြင့် သင်္ဘော​တစ်​စင်း​ကို သင့်​အဖို့​တည်ဆောက်​လော့​။ သင်္ဘော​အတွင်း​၌​အခန်း​များ​ဖွဲ့​၍ အတွင်း​၊ အပြင်​ကို သစ်စေး​နှင့်​သုတ်​လော့​။ 15သင်္ဘော​တည်ဆောက်​ရ​မည့်​ပုံစံ​မှာ ဤသို့​ဖြစ်​၏​။ သင်္ဘော​အလျား​သည် အတောင်​သုံး​ရာ#6:15 “5400 လက်မ သို့မဟုတ် 13500 စင်တီမီတာ”။​၊ အနံ​သည် အတောင်​ငါးဆယ်#6:15 “900 လက်မ သို့မဟုတ် 2250 စင်တီမီတာ”။​၊ အမြင့်​သည် အတောင်​သုံးဆယ်#6:15 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။​ရှိ​ရ​မည်​။ 16သင်္ဘော​အတွက် အမိုး#6:16 သို့မဟုတ် “ပြတင်းပေါက်”၊ “လေဝင်ပေါက်”။​လုပ်​၍ ၎င်း​ကို ကိုယ်ထည်​အထက် တစ်တောင်#6:16 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။​အမြင့်​တွင်​ရှိ​စေ​ရ​မည်​။ သင်္ဘော​၏​နံဘေး​တွင် တံခါးပေါက်​ကို လုပ်​ရ​မည်​။ သင်္ဘော​ကို ပထမ​ထပ်​၊ ဒုတိယ​ထပ်​နှင့်​တတိယ​ထပ်​ဟူ၍ သုံး​ထပ်​တည်ဆောက်​ရ​မည်​။
17ကြည့်ရှု​လော့​။ သက်ရှိ​သတ္တဝါ​အပေါင်း​တို့​ကို ကောင်းကင်​အောက်​မှ ဖျက်ဆီး​ရန် ငါ​ကိုယ်တိုင် မြေကြီး​ပေါ်တွင် ရေ​လွှမ်းမိုးမှု​ဖြစ်​စေ​မည်​။ မြေကြီး​ပေါ်မှာ​ရှိသမျှ​တို့​သည် သေ​ကြ​ရ​မည်​။ 18သို့သော် ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သင်​၌​တည်​စေ​မည်​။ သင်​သည် သင်​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲသို့​ဝင်​ရ​မည်​။ 19သက်ရှိ​အပေါင်း​၊ သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​အမ​တစ်စုံစီ​ကို​ယူ​၍ သင်​နှင့်အတူ​အသက်ချမ်းသာ​ရ​ရန် သင်္ဘော​ထဲသို့​သွင်း​ရ​မည်​။ 20ငှက်​များ​ထဲမှ အမျိုး​အလိုက်​၊ တိရစ္ဆာန်​များ​ထဲမှ အမျိုး​အလိုက်​၊ မြေ​ပေါ်ရှိ တွားသွားသောတိရစ္ဆာန်​အပေါင်း​တို့​ထဲမှ အမျိုး​အလိုက် အထီး​အမ​တစ်စုံစီ​တို့​သည် အသက်ချမ်းသာ​ရ​ရန် သင့်​ထံသို့​လာ​ကြ​လိမ့်မည်​။ 21သင်​သည် စားသုံး​နိုင်​သော​အစားအစာ​အမျိုးမျိုး​ကို​ယူ​၍ သင့်​ထံ၌​သို​ထား​ပြီး သင်​နှင့်​တိရစ္ဆာန်​တို့​၏​စားစရာ​ဖြစ်​စေ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 22နောဧ​သည် ထိုသို့​ပြု​၏​။ မိမိ​အား​ဘုရားသခင်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။

اکنون انتخاب شده:

ကမ္ဘာဦးကျမ်း 6: MSBU

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید