YouVersion Logo
Search Icon

ယေရမိ 6

6
ယေ​ရု​ရှ​လင်​မြို့​ကိုဆုံးမ​ခြင်း
1အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။ 2အ​ဆင်း​လှ၍ နူး​ညံ့​သိမ်​မွေ့​သော​သူ​တည်း​ဟူ​သော ဇိ​အုန်​သ​တို့​သ​မီး​ကို ငါ​ဖျက်​ဆီး​မည်။ 3သိုး​ထိန်း​တို့​သည် သိုး​စု​များ​ပါ​လျက် သူ့​ထံ​သို့​လာ၍၊ သူ့​တစ်​ဖက်​ပတ်​လည်၌ တဲ​ဆောက်၍၊ အ​သီး​အ​သီး မိ​မိ​တို့​နေ​ရာ​မှာ ကျက်​စား​ကြ​လိမ့်​မည်။ 4သူ့​ကို စစ်​တိုက်​ခြင်း​ငှာ​ပြင်​ကြ​လော့။ ထ​ကြ။ မွန်း​တည့်​အ​ချိန်၌ တက်​သွား​ကြ​ကုန်​အံ့။ ငါ​တို့၌​ခက်​လှ၏။ မွန်း​လွဲ​ပြီ။ မိုး​ချုပ်​လေ​ပြီ။ 5ထ​ကြ။ ည​အ​ခါ​တက်​သွား၍၊ သူ၏​ဘုံ​ဗိ​မာန်​တို့​ကို ဖျက်​ဆီး​ကြ​ကုန်​အံ့​ဟု ဆို​ကြ​လိမ့်​မည်။ 6ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သစ်​ပင်​တို့​ကို ခုတ်​လှဲ​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ မြေ​ရိုး​ကို​ဖို့​ကြ​လော့။ ဤ​မြို့​သည် ဆုံး​မ​စ​ရာ​ကောင်း​သော​မြို့ ဖြစ်၏။ မြို့​ထဲ၌ ညှဉ်း​ဆဲ​ခြင်း​သက်​သက် ရှိ၏။ 7စမ်း​ရေ​ပေါက်​ဝ​မှ ရေ​သည် စီး​ထွက်​သ​ကဲ့​သို့၊ ထို​မြို့​သည် ဒု​စ​ရိုက်​ကို ထွက်​စေ​တတ်၏။ မြို့​ထဲ၌ လု​ယူ​ဖျက်​ဆီး​ခြင်း​အ​သံ​ကို ကြား​ရ၏။ အ​နာ​များ​နှင့် ဒဏ်​ချက်​ရာ​များ​ကို အ​စဉ်​ငါ​မြင်​ရ၏။ 8အို ယေ​ရု​ရှ​လင်​မြို့၊ ဆုံး​မ​ခြင်း​ကို​ခံ​လော့။ သို့​မ​ဟုတ်၊ သင့်​ကို​ငါ​ရွံ​ရှာ​မည်။ သင့်​ကို​ပယ်​ရှင်း၍ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။
ပုန်​ကန်​သည့်​ဣ​သ​ရေ​လ
9ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​နွယ်​ပင်၌ အ​ကျန်​အ​ကြွင်း​ကို လိုက်၍ ဆွတ်​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် ဣ​သ​ရေ​လ၌ ကျန်​ကြွင်း​သော​အ​ရာ​ကို​လိုက်၍ အ​ကုန်​အ​စင်​ဆွတ်​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​ဆွတ်​သော သူ​ကဲ့​သို့၊ သင်၏​လက်​ကို ခြင်း​တောင်း​ထဲ​သို့ တစ်​ဖန်​သွင်း​ဦး​လော့။ 10သူ​တို့​သည် နား​ထောင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ကို ငါ​ပြော၍ သ​တိ​ပေး​ရ​မည်​နည်း။ သူ​တို့​နား​သည် အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော နား​ဖြစ်၍၊ သူ​တို့​သည် နား​မ​ထောင်​နိုင်​ကြ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် သူ​တို့​ကဲ့​ရဲ့​စ​ရာ​ဖြစ်၏။ ထို​နှုတ်​က​ပတ်​တော်​ကို မ​နှစ်​သက်​ကြ။ 11ထို​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​နှင့် ပြည့်​ဝ၏။ အောင့်၍ မ​နေ​နိုင်။ လမ်း၌​ရှိ​သော သူ​ငယ်​များ​နှင့် စု​ဝေး​သော လူ​ပျို​များ​အ​ပေါ်​သို့ အ​မျက်​တော်​ကို ငါ​သွန်း​လောင်း​မည်။ လင်​မ​ယား​အ​စုံ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သော​သူ​နှင့် အို​လွန်း​သော​သူ​ကို​လည်း​ကောင်း သိမ်း​သွား​မည်။ 12သူ​တို့​အိမ်​နှင့်​တ​ကွ လယ်​ယာ၊ မိန်း​မ​တို့​သည် သူ​တစ်​ပါး​လက်​သို့ ရောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပြည်​သူ​ပြည်​သား​တို့​ကို ငါ​ဒဏ်​ခတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ယေ၊ ၈:၁၀-၁၂။ 13အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော စီး​ပွား​ကို​ရှာ​ကြ၏။ ပ​ရော​ဖက်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ် ရှိ​သ​မျှ​တို့​သည် မု​သား​ကို​သုံး​ကြ၏။ 14ချမ်း​သာ​မ​ရှိ​သော​အ​ခါ ချမ်း​သာ၊ ချမ်း​သာ​ဟု ပြော​ဆို​လျက်၊ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​အ​နာ​ကို ပေါ့​လျော့​စွာ ကု​ကြ၏။#ယေ​ဇ၊ ၁၃:၁၀။ 15သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း​မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဘု​ရား​သ​ခင်​၏တရား​ကို​ငြင်းပယ်​ခြင်း
16ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို ရှာ​ဖွေ​လျက်၊ ကောင်း​သော​လမ်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း၍၊ ထို​လမ်း​သို့​လိုက်​ကြ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​သက်​သာ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ငါ​တို့​သည် မ​လိုက်​ဟု ပြန်​ပြော​ကြ၏။#မ၊ ၁၁:၂၉။ 17ငါ​က​လည်း၊ တံ​ပိုး​မှုတ်​သံ​ကို​နား​ထောင်​ကြ​လော့​ဟု ဆို​လျက်၊ သင်​တို့​အ​ပေါ်၌ ကင်း​စောင့်​တို့​ကို ခန့်​ထား​သော​အ​ခါ၊ ငါ​တို့​သည် နား​မ​ထောင်​ဟု ပြန်​ပြော​ကြ၏။ 18သို့​ဖြစ်၍၊ အို တစ်​ပါး​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ရှိ​နေ​သော​ပ​ရိ​သတ်​တို့၊ သိ​မှတ်​ကြ​လော့။ 19အို မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ​လူ​မျိုး​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ ငါ့​တ​ရား​ကို​လည်း​ငြင်း​ပယ်​သော​ကြောင့်၊ သူ​တို့​အ​လို​အ​လျောက် ကြံ​စည်​ခြင်း​အ​ကျိုး​အ​ပြစ်​တည်း​ဟူ​သော၊ ကြီး​စွာ​သော ဘေး​ဥ​ပဒ်​ကို၊ သူ​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။ 20ရှေ​ဘ​ပြည်​မှ လော​ဗန်​ကို​လည်း​ကောင်း၊ ဝေး​သော​ပြည်​မှ မွှေး​သော​ကြံ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​ဆောင်​ခဲ့​သ​နည်း။ သင်​တို့​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​အ​လို​မ​ရှိ။ ပူ​ဇော်​သော​ယဇ်​အ​မျိုး​မျိုး​ကို ငါ​မ​နှစ်​သက်။ 21ထို​အ​ကြောင်း​ကြောင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထိ​မိ၍ လဲ​စ​ရာ​တို့​ကို ဤ​လူ​မျိုး​ရှေ့​မှာ ငါ​ထား​မည်။ အ​ဘ​နှင့် သား​တို့​သည် ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ အိမ်​နီး​ချင်း​နှင့် အ​ဆွေ​ခင်​ပွန်း​တို့​သည် အ​တူ​ပျက်​စီး​ကြ​လိမ့်​မည်။
မြောက်​မျက်နှာမှပေါ်လာမည်
22ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မျိုး​တစ်​မျိုး​သည် မြောက်​မျက်​နှာ​မှ ပေါ်​လာ​လိမ့်​မည်။ ကြီး​စွာ​သော​လူ​မျိုး​ကို မြေ​ကြီး​စွန်း​မှ ငါ​နှိုး​ဆော်​မည်။ 23လေး​နှင့်​လှံ​တို့​ကို လက်​စွဲ​ကြ၏။ ကြမ်း​ကြုတ်​သော​အ​မျိုး​ဖြစ်၍၊ သ​နား​ခြင်း​က​ရု​ဏာ မ​ရှိ။ သူ​တို့​စ​ကား​သံ​သည် သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ ဟုန်း​တတ်၏။ အို ဇိ​အုန်​သ​တို့​သ​မီး၊ စစ်​သူ​ရဲ​ကဲ့​သို့ တပ်​ခင်း​ကျင်း​လျက် မြင်း​စီး၍၊ သင်​ရှိ​ရာ​သို့ ချီ​လာ​ကြ​လိမ့်​မည်။ 24ထို​သ​တင်း​ကို ငါ​တို့​သည်​ကြား၍ လက်​အား​လျော့​ကြ၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။ 25တော​သို့ မ​ထွက်​ကြ​နှင့်။ လမ်း​မှာ​မ​သွား​ကြ​နှင့်။ ရန်​သူ၌ ဓား​ပါ၏။ အ​ရပ်​ရပ်၌ ဘေး​ရှိ၏။ 26အို ငါ၏​လူ​မျိုး​သ​တို့​သ​မီး၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း၍ ပြာ၌​လူး​လည်း​လော့။ တစ်​ယောက်​တည်း​သော​သား​သေ​သည်​ကို ငို​ကြွေး​သ​ကဲ့​သို့၊ ငို​ကြွေး၍ ပြင်း​စွာ​မြည်​တမ်း​လော့။ လု​ယူ​ဖျက်​ဆီး​သော​သူ​သည် ငါ​တို့​ကို ချက်​ချင်း​တိုက်​လိမ့်​မည်။
27သင်​သည် ငါ၏​လူ​မျိုး​ကျင့်​သော အ​ကျင့်​ဓ​လေ့​တို့​ကို စစ်၍​သိ​မည်​အ​ကြောင်း၊ စစ်​သော​သူ​အ​ရာ၌​ရဲ​တိုက်​ကဲ့​သို့ သင့်​ကို ငါ​ခန့်​ထား၏။ 28ထို​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ဖောက်​ပြန်​သော​သူ၊ ကုန်း​တိုက်​တတ်​သော​သူ ဖြစ်​ကြ၏။ ကြေး​ဝါ​နှင့် သံ​သက်​သက်၊ ဖျက်​တတ်​သော အ​ရာ​သက်​သက် ဖြစ်​ကြ၏။ 29ဖို​ကို မီး​လောင်​ပြီ။ ခဲ​လည်း​ကုန်​ပြီ။ စစ်​သော​သူ​သည်​မှုတ်၍ အ​ကျိုး​ကို​မ​ရ။ ညံ့​သော​အ​ရာ​ကို မ​ထုတ်​မ​ပယ်​နိုင်။ 30ထို​သူ​တို့​ကို ပယ်​သော​ငွေ​ဟူ၍​ခေါ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​တော်​မူ၏။

Currently Selected:

ယေရမိ 6: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in