YouVersion Logo
Search Icon

ယေရမိ 5

5
ယေ​ရု​ရှ​လင်​မြို့​၏​အ​ပြစ်
1ယေ​ရု​ရှ​လင်​မြို့​ကို အ​ပြစ်​မှ​ငါ​လွှတ်​မည်​အ​ကြောင်း၊ တ​ရား​သ​ဖြင့်​ကျင့်​သော မြို့​သား၊ သ​စ္စာ​စောင့်​သော မြို့​သား တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လျှင်၊ ထို​သူ​ကို​တွေ့​အံ့​သော​ငှာ၊ မြို့​လမ်း​တို့​၌ တောင်​မြောက်​ပြေး၍၊ ကျယ်​သော​အ​ရပ်​တို့၌ ရှာ​ဖွေ​ကြည့်​ရှု​ကြ​လော့။ 2သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု ဆို​သော်​လည်း၊ အ​ကယ်​စင်​စစ် မ​ဟုတ်​မ​မှန် ကျိန်​ဆို​တတ်​ကြ၏။
3အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။ 4ငါ​က​လည်း၊ အ​ကယ်​စင်​စစ် ဤ​သူ​တို့​သည် ဆင်း​ရဲ​သား​ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို​လည်း​ကောင်း၊ မ​သိ​သော​ကြောင့် မိုက်​ကြ၏။ 5လူ​ကြီး​များ​ထံ​သို့ ငါ​သွား၍​ပြော​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို​လည်း​ကောင်း သိ​ကြ၏​ဟု ဆို​သော်​လည်း၊ သူ​တို့​သည် ထမ်း​ပိုး​တော်​ကို ချိုး၍၊ အ​နှောင်​အ​ဖွဲ့​တော်​တို့​ကို ဖြတ်​ကြ​ပြီ။ 6ထို​ကြောင့်၊ တော​မှ​လာ​သော ခြင်္သေ့​သည် သူ​တို့​ကို​သတ်​လိမ့်​မည်။ ညဉ့်​ဦး​ယံ၌ လည်​တတ်​သော တော​ခွေး​သည် သူ​တို့​ကို ကိုက်​စား​လိမ့်​မည်။ ကျား​သစ်​သည် သူ​တို့​မြို့​ကို​စောင့်၍၊ မြို့​ပြင်​သို့ ထွက်​သွား​သော​သူ အ​ပေါင်း​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြစ်​မှား​သော အ​ပြစ်​များ၍၊ အ​ကြိမ်​ကြိမ် အ​ထပ်​ထပ် ဖောက်​ပြန်​ကြ​ပြီ။
7ထို​သို့​သော​အ​ပြစ်​မှ သင့်​ကို အ​ဘယ်​သို့ ငါ​လွှတ်​နိုင်​သ​နည်း။ သင်၏​သား​သ​မီး​တို့​သည် ငါ့​ကို​စွန့်၍၊ ဘု​ရား​မ​ဟုတ်​သော သူ​တို့​ကို တိုင်​တည်​လျက် ကျိန်​ဆို​ကြ​ပြီ။ ငါ​သည် ဝ​စွာ​ကျွေး​သော​အ​ခါ သူ​တို့​သည် ပြည်​တန်​ဆာ​အိမ်၌ စည်း​ဝေး၍ မှား​ယွင်း​ကြ​ပြီ။ 8ဝ​စွာ​စား​ရ​သော မြင်း​ကဲ့​သို့​ဖြစ်၍၊ အ​သီး​အ​သီး​အိမ်​နီး​ချင်း​မ​ယား​တို့​ကို တပ်​သော​စိတ်​နှင့် ဟီ​ကြ​ပြီ။ 9ထို​သို့​သော​အ​ပြစ်​တို့​ကို ငါ​သည် မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော​အ​မျိုး​ကို ဒဏ်​ပေး၍၊ ငါ့​စိတ်​ချင်​ရဲ​မ​ပြေ​ဘဲ နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
10မြို့​ရိုး​ပေါ်​သို့​တက်၍ ဖျက်​ဆီး​ကြ​လော့။ ပျက်​စီး​ခြင်း​ကို မ​စဲ​စေ​ကြ​နှင့်။ ခြေ​လက်​တို့​ကို ပယ်​ရှင်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား ဆိုင်​တော်​မ​မူ။ 11ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​တို့​သည် ငါ့​ထံ၌​ခံ​ဖူး​သော သ​စ္စာ​ကို​ဖျက်​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဣ​သ​ရေ​လ​ကို​ပစ်​ပယ်​ခြင်း
12သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​မ​ရှိ။ ငါ​တို့​အ​ပေါ်၌ ဘေး​ဥ​ပဒ် မ​ရောက်​ရ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ကို ငါ​တို့​သည် မ​တွေ့​ရ​ကြ။ 13ပ​ရော​ဖက်​တို့​သည် လေ​သက်​သက် ဖြစ်​ကြ၏။ သူ​တို့၌ နှုတ်​က​ပတ်​တော် မ​ရှိ။ သူ​တို့ ဟော​ပြော​သည်​အ​တိုင်း သူ​တို့​ခံ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ငြင်း​ပယ်​လျက် ဆို​တတ်​ကြ၏။ 14သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် ထို​သို့​ဆို​သော​ကြောင့်၊ ငါ့​စ​ကား​ကို သင်၏​နှုတ်၌ မီး​ကဲ့​သို့​လည်း​ကောင်း၊ ဤ​လူ​မျိုး​ကို ထင်း​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ၍ သူ​တို့​ကို မီး​လောင်​ရ​လိမ့်​မည်။ 15ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​ကို တိုက်​စေ​ဖို့ လူ​တစ်​မျိုး​ကို ဝေး​သော​အ​ရပ်​က ငါ​ဆောင်​ခဲ့​မည်။ အား​ကြီး​သော​အ​မျိုး၊ ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မျိုး၊ သူ​တို့​စ​ကား​ကို သင်​မ​သိ နား​မ​လည်​သော​အ​မျိုး ဖြစ်​လိမ့်​မည်။ 16သူ​တို့ မြား​တောင့်​သည် ဖွင့်​ထား​သော သင်္ချိုင်း​တွင်း​ဖြစ်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော​သူ ဖြစ်​ကြ၏။ 17ထို​သူ​တို့​သည် သင်၏​အ​သီး​အ​နှံ​နှင့် သင်၏​မုန့်​ကို​စား​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​သိုး​နွား​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်​ခို​လှုံ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို​လည်း​တိုက်၍ လုပ်​ကြံ​ကြ​လိမ့်​မည်။ 18သို့​ရာ​တွင်၊ ထို​ကာ​လ၌ ငါ​သည် သင်၏​အ​မှု​ကို မ​ဆုံး​ဖြတ်​သေး​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 19သူ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​တို့၌ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း​ဟု မေး​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​ကို​စွန့်​ပစ်၍၊ ကိုယ်​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့၏​အ​မှု​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ကိုယ်​မ​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်​ဟု၊ သင်​သည် သူ​တို့​အား​ဆင့်​ဆို​ရ​မည်။
လူ​မျိုး​တော်​ကို​သ​တိ​ပေး​ခြင်း
20ယာ​ကုပ်​အ​မျိုး​နေ​ရာ ယု​ဒ​ပြည်၌ ဟော​ပြော​ကြွေး​ကြော်​ရ​မည်​မှာ၊ 21အို မျက်​စိ​ရှိ​လျက်​နှင့် မ​မြင်၊ နား​ရှိ​လျက်​နှင့် မ​ကြား၊ ဉာဏ်​မဲ့​သော​လူ​မိုက်​တို့၊ နား​ထောင်​ကြ​လော့။#ဟေ​ရှာ၊ ၆:၉-၁၀။ ယေ​ဇ၊ ၁၂:၂။ မာ၊ ၈:၁၈။ 22ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပင်​လယ်​မ​လွန်​နိုင်​အောင် ဆီး​တား​ဖို့​ရာ သဲ​ကို ထာ​ဝ​ရ​အ​ပိုင်း​အ​ခြား​ခန့်​ထား​သော​ငါ​ကို သင်​တို့​သည် မ​ကြောက်​ကြ​သ​လော။ ငါ၏​ရှေ့​တော်၌ မ​တုန်​လှုပ်​ကြ​သ​လော။ ပင်​လယ်​လှိုင်း​တံ​ပိုး​တို့​သည် ထ၍​မ​နိုင်၊ ဟုန်း၍ မ​ကျော်​မ​လွန်​နိုင်​သော်​လည်း၊#ယော​ဘ၊ ၃၈:၈-၁၁။ 23ဤ​လူ​မျိုး​သည် ပြစ်​မှား​ပုန်​ကန်​သော​သ​ဘော​ရှိ၍၊ အ​စဉ်​ပုန်​ကန်​တတ်​ကြ၏။ 24အ​ချိန်​တန်​မှ အ​ရင်​မိုး​နှင့် နောက်​မိုး​ကို​ရွာ​စေ၍၊ အ​သီး​အ​နှံ​သိမ်း​မြဲ​သိမ်း​ရာ​ကာ​လ​ကို ငါ​တို့​အ​ဖို့​သို​ထား​တော်​မူ​သော ငါ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​ကြောက်​ကြ​ကုန်​အံ့​ဟု၊ သူ​တို့​သည် စိတ်​နှ​လုံး​ထဲ၌ မ​ဆို​တတ်​ကြ။ 25သင်​တို့​ဒု​စ​ရိုက်​သည် ထို​သို့​သော​အ​ရာ​တို့​ကို​လွှဲ၍၊ သင်​တို့​အ​ပြစ်​သည် သင်​တို့၏​မင်္ဂ​လာ​ကို ဆီး​တား​လေ​ပြီ။ 26ဝပ်​လျက်​နေ​သော မု​ဆိုး​ကဲ့​သို့ ချောင်း​မြောင်း​သော လူ​ဆိုး​တို့​သည် ငါ၏​လူ​တို့​တွင်​ရှိ​ကြ၏။ လူ​တို့​ကို​ထောင်​ခြင်း​ငှာ ထောင်​ချောက်​ကို​ထား​ကြ​ပြီ။ 27ငှက်​ထောင်​အိမ်​သည် ငှက်​တို့​နှင့် ပြည့်​သ​ကဲ့​သို့၊ သူ​တို့​အိမ်​သည် လှည့်​စား​ခြင်း​ပ​ရိ​ယာယ်​နှင့် ပြည့်၏။ ထို​သို့ သူ​တို့​သည် အား​တိုး​ပွား၍ ရ​တတ်​ခြင်း​သို့​ရောက်​ကြ၏။ 28ဝ​လျက်၊ မျက်​နှာ​ပြောင်​လျက်​ရှိ​ကြ၏။ ဆိုး​သော​သူ​တို့​ထက် သာ၍ ဆိုး​ကြ၏။ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။ မိ​ဘ​မ​ရှိ​သော သူ​ငယ်၏​အ​မှု​ကို​စောင့်၍ အ​နိုင်​မ​ပေး​ကြ။ ဆင်း​ရဲ​သော​သူ​ဘက်၌ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။ 29ထို​သို့​သော အ​ပြစ်​တို့​ကို ငါ​သည် မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော အ​မျိုး​ကို​ဒဏ်​ပေး​၍၊ ငါ​စိတ်​ချင်​ရဲ​မ​ပြေ​ဘဲ နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
30အံ့​ဩ​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြည်​တော်၌ ပြု​ကြ​၏။ 31ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

Currently Selected:

ယေရမိ 5: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in