YouVersion Logo
Search Icon

ယေရမိ 20

20
ပါ​ရှု​ရ​နှင့်​ပ​ဋိ​ပ​က္ခ​ဖြစ်​ခြင်း
1ထို​သို့​ယေ​ရ​မိ​ဟော​ပြော​ကြောင်း​ကို၊ ဗိ​မာန်​တော်​မှူး​ဖြစ်​သော ယဇ်​ပု​ရော​ဟိတ် ဣ​မေ​ရ​သား​ပါ​ရှု​ရ​သည် ကြား​သော​အ​ခါ၊ 2ပ​ရော​ဖက် ယေ​ရ​မိ​ကို​ရိုက်​ပုတ်၍၊ ဗိ​မာန်​တော်​နား​မှာ ဗင်္ယာ​မိန် အ​ထက်​တံ​ခါး​ဝ​တွင် ထိတ်​ခတ်၍​ထား၏။ 3နက်​ဖြန်​နေ့၌ ပါ​ရှု​ရ​သည် ယေ​ရ​မိ​ကို ထိတ်​မှ​လွှတ်​သော​အ​ခါ၊ ယေ​ရ​မိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ပါ​ရှု​ရ​ဟူ၍ မှည့်​တော်​မ​မူ။ မာ​ဂေါ​မိဿ​ဘိတ်​ဟူ၍ မှည့်​တော်​မူ၏။ 4ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​နှင့် သင်၏​အ​ဆွေ​ခင်​ပွန်း​တို့၌၊ သင့်​ကို ကြောက်​မက်​ဖွယ်​သော​အ​ရာ ဖြစ်​စေ​မည်။ သူ​တို့​သည်​လည်း၊ သင့်​မျက်​မှောက်၌ ရန်​သူ၏​ဓား​ဖြင့် ဆုံး​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​သည် ပြည်​သား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား၍၊ ဓား​နှင့် သတ်​လိမ့်​မည်။ 5ဤ​မြို့၏ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ လုပ်​ဆောင်၍ ရ​သ​မျှ​သော​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ဆည်း​ပူး​သ​မျှ​သော ရ​တ​နာ​ကို​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​တော်​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ရန်​သူ​လက်​သို့​ငါ​အပ်​သ​ဖြင့်၊ ရန်​သူ​တို့​သည် လု​ယက်၍ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ကြ​လိမ့်​မည်။ 6သင်​ပါ​ရှု​ရ​နှင့် သင်၏​အိမ်​သူ အိမ်​သား​အ​ပေါင်း​တို့​ကို​လည်း သိမ်း​သွား​ကြ​လိမ့်​မည်။ သင်​သည် ဗာ​ဗု​လုန်​မြို့​သို့ ရောက်​ရ​လိမ့်​မည်။ သင်​ဟော​ပြော​သော မု​သား​စ​ကား​ကို နား​ထောင်​သော သင်၏​အ​ဆွေ​ခင်​ပွန်း အ​ပေါင်း​တို့​နှင်​တ​ကွ၊ သင်​သည် ထို​မြို့၌​သေ၍ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု ပါ​ရှု​ရ​အား​ပြော​ဆို၏။
ယေ​ရ​မိ​၏​မြည်​တမ်း​ခြင်း
7အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​လိုက်​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထက်​အား​ကြီး၍ နိုင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကဲ့​ရဲ့​ခြင်း​ကို နေ့​တိုင်း​ခံ​ရ​ပါ၏။ လူ​တိုင်း ပြက်​ရယ်​ခြင်း​ကို ပြု​တတ်​ကြ​ပါ၏။ 8အ​ကျွန်ုပ်​သည် ဟော​ပြော​လေ​ရာ​ရာ၌ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကြောင့် အော်​ဟစ်၍ ကြွေး​ကြော်​ရ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်၌ ကဲ့​ရဲ့​ခြင်း၊ အ​စဉ်​ပြက်​ရယ်​ခြင်း​ကို ခံ​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ 9ထို​ကြောင့်၊ ငါ​သည် နှုတ်​က​ပတ်​တော်​ကို မ​ကြား​မ​ပြော၊ နာ​မ​တော်​ကို​အ​မှီ​ပြု၍ မ​ဟော​ဘဲ​နေ​မည်​ဟု သ​ဘော​ထား​သော်​လည်း၊ ငါ့​အ​ရိုး​တို့၌​ချုပ်​ထား၍၊ လောင်​သော​မီး​ကဲ့​သို့ နှုတ်​က​ပတ်​တော်​သည် ငါ့​နှ​လုံး၌ ဖြစ်​သော​ကြောင့်၊ အ​လွန်​ငြီး​ငွေ့​သ​ဖြင့် အောင့်၍​မ​နေ​နိုင်၊ 10လူ​များ​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကြား​ရ၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​ရှိ၏။ သူ​တစ်​ပါး​တို့​က သ​တင်း​ကို ကြား​ပြော​ကြ​လော့။ ငါ​တို့​သည် တစ်​ဆင့် ကြား​ပြော​လိမ့်​မည်​ဟု ဆို​ကြ၏။ ငါ၏​အ​နား​မှာ အ​စဉ်​နေ​သော ငါ၏​မိတ်​ဆွေ​အ​ပေါင်း​တို့​က၊ ငါ​တို့​သည် သူ့​ကို​နိုင်၍ အ​ငြိုး​ထား​သော​စိတ်​ပြေ​စေ​ခြင်း​ငှာ၊ သူ့​ကို သွေး​ဆောင်​ကောင်း သွေး​ဆောင်​လိမ့်​မည်​ဟု ဆို​ကြ၏။ 11သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​သူ​ရဲ​ကဲ့​သို့ ငါ့​ဘက်၌ ရှိ​တော်​မူ၏။ ထို​ကြောင့်၊ ငါ့​ကို​ညှဉ်း​ဆဲ​သော သူ​တို့​သည် မ​နိုင်​ဘဲ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ အ​ကြံ​မ​မြောက်​သော​ကြောင့် အ​လွန်​ရှက်​ကြ​လိမ့်​မည်။ မ​ပြေ​မ​ပျောက်​နိုင်​သော ထာ​ဝ​ရ​ရှက်​ကြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ 12ဖြောင့်​မတ်​သော သူ​တို့​ကို စုံ​စမ်း၍၊ နှ​လုံး​ကျောက်​ကပ်​သ​ဘော​ကို သိ​မြင်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​အ​မှု​ကို ရှေ့​တော်၌​ဖွင့်​ပြ​ပါ​သည်​ဖြစ်၍၊ သူ​တို့၌ အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​မြင်​ရ​ပါ​လိမ့်​မည်။ 13ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​လက်​မှ၊ ဆင်း​ရဲ​သော​သူ​ကို ကယ်​နုတ်​တော်​မူ​သ​တည်း။
14ငါ​ဖွား​သော နေ့​ရက်​သည် အ​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ငါ့​ကို ငါ့​အ​မိ​ဖွား​သော နေ့​ရက်​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို မ​ခံ​ပါ​စေ​နှင့်။#ယော​ဘ၊ ၃:၁-၁၉။ 15ငါ့​အ​ဘ​ထံ​သို့​သွား၍၊ ကိုယ်​တော်​သည် သား​ယောက်ျား​ကို ရ​ပါ​ပြီ​ဟု သ​တင်း​ပြော​လျက်၊ ငါ့​အ​ဘ​ကို အ​လွန်​ဝမ်း​မြောက်​စေ​သော သူ​သည် အ​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ 16ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​မ​ရ၊ ဖျက်​ဆီး​တော်​မူ​သော​မြို့​တို့​ကဲ့​သို့၊ ထို​သူ​သည်​ဖြစ်​ပါ​စေ​သော။ နံ​နက်​အ​ချိန်၌ ကြွေး​ကြော်​သံ​ကို​လည်း​ကောင်း၊ မွန်း​တည့်​အ​ချိန်၌ အော်​ဟစ်​သံ​ကို​လည်း​ကောင်း ကြား​ပါ​စေ​သော။ 17အ​ကြောင်း​မူ​ကား၊ သူ​သည် ငါ့​ကို​ဖွား​စ​က​ပင်​မ​သတ်​ဘဲ၊ ငါ့​အ​မိ၏​ဝမ်း​သည် ငါ၏​သင်္ချိုင်း​ဖြစ်၍၊ ငါ့​ကို​အ​စဉ် ကိုယ်​ဝန်​ဆောင်​မည် အ​ကြောင်း​မ​ပြု​ဘဲ နေ​ပါ​သည်​တ​ကား။ 18ငါ​သည် ပူ​ပန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​ကို​ခံ​ရ​မည် အ​ကြောင်း​နှင့် ရှက်​ကြောက်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ကို လွန်​စေ​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​ကြောင့် ငါ့​ကို ဖွား​မြင်​ရ​ပါ​သ​နည်း။

Currently Selected:

ယေရမိ 20: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in