ဟေရှာယ 59
59
အပြစ်ကိုနောင်တရခြင်း
1ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည် မဟုတ်။ 2သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှာ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။ 3သင်တို့လက်သည် အသွေးနှင့်လည်းကောင်း၊ လက်ချောင်းတို့သည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူးကြ၏။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့် မုသားစကား၊ အဓမ္မစကားကို ပြောတတ်ကြ၏။ 4တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ်သူမျှမစောင့်၊ အနတ္တကိုကိုးစား၍ မုသားစကားကို ပြောတတ်ကြ၏။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အဓမ္မအမှုကို ဖွားကြ၏။ 5သူတို့သည် မြွေဆိုး၏အဥတို့ကိုဝပ်၍ ပေါက်စေကြ၏။ ပင့်ကူအမြှေးကိုလည်း ရက်ကြ၏။ သူတို့ဥများကို စားသောသူသည် သေတတ်၏။ အဥကိုခွဲလျှင် မြွေဆိုးပေါက်တတ်၏။ 6သူတို့ရက်သောအမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကို မခြုံရကြ။ သူတို့ပြုသောအမှုသည် အဓမ္မအမှုဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသောအမှုရှိ၏။ 7သူတို့ခြေသည် အဓမ္မအမှုကိုပြုခြင်းငှာ ပြေးတတ်၏။ အပြစ်မရှိသောသူ၏အသက်ကို သတ်ခြင်းငှာလျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းရှိ၏။ 8ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွားရာတွင် တရားမပါ။ မိမိတို့သွားစရာဖို့ ကောက်သောလမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသောသူ မည်သည်ကား၊ ချမ်းသာကို မသိရ။#ရော၊ ၃:၁၅-၁၇။
မိမိတို့အပြစ်များကိုလူတို့ ဖော်ပြဝန်ခံကြခြင်း
9ထိုကြောင့်၊ ဖြောင့်မတ်စွာစီရင်ခြင်းသည် ငါတို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမီ။ အလင်းကို မျှော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကိုမျှော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။ 10မမြင်နိုင်သော သူကဲ့သို့ နံရံကိုစမ်းသပ်ရကြ၏။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ်ကို ခံစားလျက်၊ သေသောသူကဲ့သို့ ဖြစ်ကြ၏။ 11ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မျှော်လင့်၍ မရကြ။ ကယ်တင်ခြင်းကျေးဇူးကို မျှော်လင့်သော်လည်း၊ ငါတို့နှင့် ဝေးလှ၏။ 12ငါတို့အပြစ်တို့သည် ရှေ့တော်၌များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တစ်ဖက်၌ သက်သေခံကြ၏။ ကိုယ်အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။ 13ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကိုပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသောစကား၊ ပုန်ကန်သောစကားကို ပြောခြင်း၊ မဟုတ်မမှန်သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆိုခြင်းကို ပြုကြပြီ။ 14ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။ 15သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကိုရှောင်သောသူသည် လုယူခြင်းကိုခံရ၏။ ထိုအမှုကို ထာဝရဘုရားသည်မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။
16လူတစ်ယောက်မျှမရှိသည်ကို မြင်တော်မူ၏။ တောင်းပန်သောသူ တစ်ယောက်မျှမရှိသည်ကို အံ့ဩတော်မူ၏။ ထိုကြောင့်၊ မိမိလက်တော်သည် မိမိအဖို့ ကယ်တင်ခြင်းအမှုကိုပြု၍၊ မိမိဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့်၏။#ဟေရှာ၊ ၆၃:၅။ 17ဖြောင့်မတ်ခြင်း တရားတည်းဟူသော ရင်ကျပ်ကိုဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်း အဝတ်ကိုလည်းကောင်း၊ စိတ်အားကြီးခြင်းဝတ်လုံကိုလည်းကောင်း ယူတင်ဝတ်ဆောင်တော်မူ၏။#ဧ၊ ၆:၁၄၊ ၁၇။ ၁သက်၊ ၅:၈။ 18သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေးတော်မူမည်။ ရန်ဘက်ပြုသောသူတို့အား အမျက်တော်ကိုလည်းကောင်း၊ ရန်သူတို့ ခံထိုက်သည်အတိုင်းအပြစ်ကိုလည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့အား အကျိုးအပြစ်ကိုလည်းကောင်း ဆပ်ပေးတော်မူမည်။ 19သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက်ရာအရပ်သားတို့သည် ထာဝရဘုရား၏နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည်။ ရန်သူသည် ရေလွှမ်းမိုးသကဲ့သို့ဝင်သောအခါ၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတားတော်မူမည်။ 20ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရွေးနုတ်သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရားသောအမှုမှ လွှဲသော ယာကုပ်အမျိုးသားတို့ရှိရာသို့ ရောက်လတ္တံ့။#ရော၊ ၁၁:၂၆။ 21သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရားဟူမူကား၊ သင်၏အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ်နှင့် သင်၏နှုတ်၌ ငါထားသောစကားသည်၊ ယခုမှစ၍ ကာလအစဉ်အဆက် သင်၏နှုတ်၊ သင့်အမျိုးအနွယ်၏နှုတ်နှင့်၊ သင့်အမျိုးအနွယ်၏ အမျိုးအနွယ်၏နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရားမိန့်တော်မူ၏။
Currently Selected:
ဟေရှာယ 59: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.