ယေဇကျေလ 48
48
အနွယ်များအားမြေခွဲဝေခြင်း
1ဣသရေလအမျိုး ခရိုင်စုအမည်ကား၊ မြောက်ဘက်၌ ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက်၊ ဟာမတ်မြို့နယ် တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မှသည် ပင်လယ်တိုင်အောင်လည်းကောင်း ဒန်ခရိုင်ရှိရမည်။ 2ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။ 3အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။ 4နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှေခရိုင်ရှိရမည်။ 5မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။ 6ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။ 7ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
ပူဇော်ရသော မြေကွက်
8ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ခရိုင်အလျားနှင့် ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာနရှိရမည်။ 9ထာဝရဘုရားအား ပူဇော်ရသောမြေကွက်မူကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။ 10ထိုသန့်ရှင်းသော ပူဇော်သကာသည် ယဇ်ပရောဟိတ်ဖို့ ဖြစ်၍ မြောက်ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ အနံတစ်သောင်း၊ အရှေ့ဘက်၌ အနံတစ်သောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင်ကျယ်၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။ 11ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသောအခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကိုအစဉ်ဆောင်၍ သန့်ရှင်းသော ဇာဒုတ်သား ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ 12လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သောမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ အလွန်သန့်ရှင်းသောမြေ ဖြစ်ရမည်။ 13ယဇ်ပုရောဟိတ် မြေအနားမှာလေဝိလူနေရာ မြေကွက်သည် အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။ 14ထိုမြေသည် ထာဝရဘုရားအဖို့သန့်ရှင်းသောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသောဥစ္စာနှင့် မဖယ်လှယ်ရ။ အဖိုးနှင့် မရောင်းရ။
15နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေးသော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည်စရာဖို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။ 16မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေးထောင်ငါးရာ၊ တောင်ဘက်၌ လေးထောင်ငါးရာ၊ အရှေ့ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေးထောင်ငါးရာရှိရမည်။ 17မြို့နယ်ကား၊ မြောက်ဘက်၌ နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။ 18သန့်ရှင်းသော မြေအနားမှာ အလျား၌ ကြွင်းသေးသော အရှေ့ဘက်၌ တစ်သောင်း၊ အနောက်ဘက်၌ တစ်သောင်း ကျယ်သောမြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဖို့ဖြစ်ရမည်။ 19မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်းထဲက ရွေးကောက်ရမည်။ 20ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ နှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။
မင်းသားအဖို့မြေ
21ထိုသန့်ရှင်းသော ပူဇော်သကာမြေနှင့် မြို့နယ်နှစ်ဖက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဖို့ ဖြစ်ရမည်။ သန့်ရှင်းသောပူဇော်သကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာကျရမည်။ 22ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဖက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှသည် မင်းသားအဖို့ဖြစ်ရမည်။
အခြားအနွယ်များအတွက်မြေ
23ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။ 24ဗင်္ယာမိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရှိမောင်ခရိုင် ရှိရမည်။ 25ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင် ရှိရမည်။ 26ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင် ရှိရမည်။ 27ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင် ရှိရမည်။ 28ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။ 29ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေခံစရာဖို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီးဖြစ်သတည်းဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
မြို့တံခါးများ
30မြို့မှထွက်ရာတံခါးများ ဟူမူကား၊ မြို့မြောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ 31မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။ 32မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။ 33မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။ 34မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။#ဗျာ၊ ၂၁:၁၂-၁၃။ 35ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား၊ တစ်သောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့်သတည်း။
ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
Currently Selected:
ယေဇကျေလ 48: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.