YouVersion Logo
Search Icon

ဆာလံကျမ်း 65

65
ကမ္ဘာမြေကြီးကို ဘုရားသခင် ဂရုစိုက်တော်မူခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ​သီချင်း
1အို ဘုရားသခင်​၊ ချီးမွမ်း​ခြင်း​သည် ဇိအုန်​၌ ကိုယ်တော်​ကို စောင့်ကြို​နေ​ပါ​၏​။
ပြု​ထား​သော​ကတိသစ္စာ​ကို​လည်း ကိုယ်တော်​ထံ ပြည့်စုံ​စေ​ပါ​မည်​။
2ဆုတောင်းချက်​ကို​နားညောင်း​တော်မူ​သော​အရှင်​၊
လူ​အပေါင်း​တို့​သည် ကိုယ်တော့်​ထံသို့ လာ​ကြ​ပါ​လိမ့်မည်​။
3ဒုစရိုက်​များ​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​သောအခါ
ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကျူးလွန်​သော အပြစ်​များ​ကို ဖြေလွှတ်​တော်မူ​၏​။
4ကိုယ်တော်​၏​တံတိုင်း​တော်​များ​အတွင်း​၌​နေထိုင်​စေရန် ကိုယ်တော်​ရွေးချယ်​၍
အထံ​တော်​သို့​ခေါ်ဆောင်​လာ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။
အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏ သန့်ရှင်း​သော​ဗိမာန်တော်​တည်းဟူသော
ကိုယ်တော်​၏​အိမ်​တော်​မှ​ကောင်းမြတ်​သော​အရာ​ဖြင့် ပြည့်စုံကြွယ်ဝ​ကြ​ပါ​လိမ့်မည်​။
5အကျွန်ုပ်​တို့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊
ကိုယ်တော်​သည် အံ့ဩဖွယ်​အမှု​များ​ဖြင့် ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​တို့​ကို​ထူး​တော်မူ​၏​။
ကိုယ်တော်​သည် ကမ္ဘာမြေ​အစွန်း​ရှိသမျှ​နှင့် ဝေးလံ​သော​ပင်လယ်​၌​နေ​သော​သူ​တို့​၏ ကိုးစား​ရာ​ဖြစ်​တော်မူ​၏​။
6ကိုယ်တော်​သည် မိမိကိုယ်မိမိ အစွမ်းတန်ခိုး​တော်​နှင့်​ပတ်စည်း​လျက်
တောင်​များ​ကို မိမိ​၏​တန်ခိုး​တော်​ဖြင့် တည်​စေ​တော်မူ​၏​။
7ကိုယ်တော်​သည် သမုဒ္ဒရာ​တို့​၏​မြည်ဟည်းသံ​၊ ၎င်း​တို့​ထဲမှ​လှိုင်းတံပိုး​များ​၏​မြည်ဟည်းသံ​နှင့်
တိုင်းသူပြည်သား​တို့​၏ အုတ်အော်သောင်းနင်း​ဖြစ်​ခြင်း​တို့​ကို ငြိမ်သက်​စေ​တော်မူ​၏​။
8သို့ဖြစ်၍ အဝေးဆုံး​သော​အရပ်​တို့​၌ နေထိုင်​သော​သူ​တို့​သည်
ကိုယ်တော်​၏​နိမိတ်လက္ခဏာ​များ​ကြောင့် ကြောက်ရွံ့​ကြ​ပါ​၏​။
ကိုယ်တော်​သည် နံနက်​မိုးသောက်ချိန်​၊ နေဝင်ချိန်​တို့​၌
ရွှင်လန်း​စွာ​သီချင်း​သီဆိုသံ​ကို ထွက်ပေါ်​စေ​တော်မူ​ပါ​၏​။
9ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍
၎င်း​အပေါ် ရေ​ကို​သွန်းဖြိုး​စေ​လျက် အလွန်​ကြွယ်ဝ​စေ​တော်မူ​၏​။
ဘုရားသခင်​၏​မြစ်​သည် ရေ​နှင့်​ပြည့်​လျက်​ရှိ​၏​။
ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို ထိုသို့​ပြင်ဆင်​၍ လူ​တို့​အား
ကောက်ပဲသီးနှံ​များ​ကို​ပေး​တော်မူ​၏​။
10ကိုယ်တော်​သည် ထို​မြေ​ပေါ်မှ​ထွန်ကြောင်း​တို့​ကို စိုစွတ်​စေ​၍ ထယ်စာ​တို့​ကို ညီညာ​စေ​တော်မူ​၏​။
ရွာသွန်း​သော​မိုး​အားဖြင့် ထို​မြေ​ကို​ပျော့ပျောင်း​စေ​၍ ၎င်း​၌​ပေါက်​သော​အပင်​ကို ကောင်းချီးပေး​တော်မူ​၏​။
11ကိုယ်တော်​သည် တစ်နှစ်တာကာလ​ကို မိမိ​၏​ကောင်းမြတ်​ခြင်း​သရဖူ ဆောင်း​ပေး​တော်မူ​၏​။
ကိုယ်တော်​၏​လမ်း​တော်​တို့​သည်​လည်း ကြွယ်ဝခြင်း​နှင့်​ပြည့်လျှံ​လျက်​ရှိ​ပါ​၏​။
12တောကန္တာရ​မှ​ကျက်စား​ရာ​အရပ်​တို့​သည် ပြည့်လျှံ​လျက်​ရှိ​၍
တောင်ကုန်း​များ​သည် ရွှင်လန်း​ခြင်း​ဖြင့် လွှမ်းခြုံ​လျက်​ရှိ​ကြ​ပါ​၏​။
13မြက်ခင်းပြင်​တို့​သည် သိုးအုပ်​နှင့်​ပြည့်စုံ​လျက် ချိုင့်ဝှမ်း​တို့​သည် ဂျုံစပါး​နှင့်​ဖုံးလွှမ်း​လျက်​ရှိ​ပါ​၏​။
၎င်း​တို့​သည် ဝမ်းမြောက်​စွာ​ကြွေးကြော်​၍ သီချင်းဆို​ကြ​ပါ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in