YouVersion Logo
Search Icon

ဆာလံကျမ်း 34

34
ဖြောင့်မတ်သောသူတို့ကို ကယ်နုတ်တော်မူသောထာဝရဘုရား
ဒါဝိဒ်​သည် အဘိမလက်​မင်းကြီး​ရှေ့​၌ ရူးသွပ်​ဟန်ဆောင်​၍ သူ့​ကို​အဘိမလက်​မင်းကြီး​နှင်ထုတ်​သဖြင့် သူ​ထွက်သွား​သောအခါ စပ်ဆို​သော​ဆာလံ​။
1ငါ​သည် ထာဝရဘုရား​ကို အစဉ်အမြဲ​ကောင်းချီးထောမနာ​ပြု​၏​။
ငါ​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို အစဉ်​မြွက်ဆို​မည်​။
2ငါ​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​၌​ဂုဏ်ယူဝါကြွား​မည်​။
စိတ်နှိမ့်ချ​သော​သူ​တို့​သည် ကြားသိ​၍​ဝမ်းမြောက်​ကြ​ပါစေသော​။
3ထာဝရဘုရား​ကြီးမြတ်​တော်မူ​ကြောင်း​ကို ငါ​နှင့်အတူ​ဖော်ပြ​ကြ​လော့​။
ကိုယ်တော်​၏​နာမ​တော်​ကို အတူတကွ​ချီးမြှောက်​ကြ​စို့​။
4ငါ​သည် ထာဝရဘုရား​ကို​ရှာ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​လျက်
ငါ​ကြောက်လန့်​သော​အမှု​အားလုံး​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။
5ကိုယ်တော်​ကို​စေ့စေ့ကြည့်​သော​သူ​တို့​သည် ထွန်းလင်း​ဝင်းပ​၍
မည်သည့်​အခါ​မျှ မျက်နှာပျက်​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။
6အဖိနှိပ်​ခံရ​သော​ဤ​သူ ခေါ်​သောအခါ ထာဝရဘုရား​သည် နားထောင်​၍
သူ​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ့​ကို​ကယ်တင်​တော်မူ​၏​။
7ထာဝရဘုရား​၏​ကောင်းကင်တမန်​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ပတ်လည်​၌ တပ်ချ​၍
သူ​တို့​ကို​ကယ်မ​ကြ​၏​။
8ထာဝရဘုရား​ကောင်းမြတ်​တော်မူ​ကြောင်း မြည်းစမ်း​၍​သိမြင်​ကြ​လော့​။
ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။
9ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​တို့​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ချို့တဲ့​နွမ်းပါး​ခြင်း​မ​ရှိ​ရ​။
10ခြင်္သေ့ပျို​တို့​သည် အစာ​ချို့တဲ့​၍ ဆာလောင်မွတ်သိပ်​တတ်​ကြ​၏​။
ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​မူကား ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ချို့တဲ့​လိမ့်မည်​မ​ဟုတ်​။
11သားသမီး​တို့​၊ လာ​ကြ​လော့​။ ငါ့​ကို​နားထောင်​ကြ​လော့​။
ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​အကြောင်း​ကို သင်​တို့​အား ငါ​သင်ကြား​ပေး​မည်​။
12အသက်ရှင်​ခြင်း​ကို​နှစ်သက်​၍ ကောင်း​သော​အရာ​ကို​တွေ့မြင်​ရ​ရန်
နေ့ရက်​ကာလ​တို့​ကို​လိုလား​သော​သူ​ကား မည်သူ​နည်း​။
13မိမိ​လျှာ​ကို မကောင်းမှု​မှ​လည်းကောင်း​၊ မိမိ​နှုတ်ခမ်း​ကို လိမ်လည်လှည့်ဖြား​ပြောဆို​ခြင်း​မှ​လည်းကောင်း
ကင်းဝေး​အောင်​စောင့်စည်း​လော့​။
14မကောင်းမှု​မှ​ဖယ်ခွာ​၍ ကောင်း​သော​အမှု​ကို​ပြု​လော့​။
ငြိမ်းချမ်းမှု​ကို​ရှာဖွေ​၍ ၎င်း​ကို​လက်ကိုင်ပြု​လော့​။
15ထာဝရဘုရား​၏​မျက်စိ​တော်​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​၍
ကိုယ်တော်​၏​နား​တော်​သည် သူ​တို့​၏​အော်ဟစ်သံ​ကို​နားထောင်​တော်မူ​၏​။
16ထာဝရဘုရား​သည် မကောင်းမှု​ပြု​သော​သူ​တို့​နှင့် ပတ်သက်​သည့်​အောက်မေ့စရာ​ကို
ကမ္ဘာမြေကြီး​ပေါ်မှ​ဖယ်ရှား​ရန် သူ​တို့​ထံမှ မျက်နှာလွှဲ​တော်မူ​၏​။#၁ပေ 3:10-12။
17ဖြောင့်မတ်​သော​သူ​တို့ အော်ဟစ်​တောင်းလျှောက်​ကြ​သောအခါ ထာဝရဘုရား​သည်​နားညောင်း​၍
သူ​တို့​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။
18ထာဝရဘုရား​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​နှင့် နီး​တော်မူ​၍
စိတ်ကြေမွ​သော​သူ​တို့​ကို ကယ်တင်​တော်မူ​၏​။
19ဖြောင့်မတ်​သော​သူ​သည် ဒုက္ခ​များစွာ​ခံရ​သော်လည်း
ထို​ဒုက္ခ​အားလုံး​ထဲမှ သူ့​ကို ထာဝရဘုရား​ကယ်နုတ်​တော်မူ​၏​။
20သူ​၏​အရိုး​ရှိသမျှ​တို့​ကို​စောင့်ရှောက်​တော်မူ​၍
ထို​အရိုး​တစ်ချောင်းမျှ​ချိုးဖဲ့​ခြင်း​မ​ခံရ​။#ယော 19:36။
21မကောင်းမှု​သည် ဆိုးယုတ်​သော​သူ​တို့​ကို​သေဆုံး​စေ​လိမ့်မည်​။
ဖြောင့်မတ်​သော​သူ​ကို​မုန်း​သော​သူ​တို့​သည်​လည်း ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​လိမ့်မည်​။
22ထာဝရဘုရား​သည် မိမိ​အစေအပါး​တို့​၏ စိတ်ဝိညာဉ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​သည်​ဖြစ်၍
ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တစ်စုံတစ်ဦး​မျှ ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in