YouVersion Logo
Search Icon

ဆာလံကျမ်း 33

33
ဖန်ဆင်းရှင်ထာဝရဘုရားကို ချီးမွမ်းခြင်း
1ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​ထံသို့ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။
ချီးမွမ်း​ခြင်း​သည် ဖြောင့်မှန်​သော​သူ​တို့​နှင့် သင့်လျော်​ပေ​၏​။
2စောင်း​တီး​၍ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​လော့​။
ဆယ်​ကြိုး​တပ်​စောင်းပြား​တီး​၍ ကိုယ်တော်​ကို​သီဆိုချီးမွမ်း​ကြ​လော့​။
3ကိုယ်တော်​ထံသို့ သီချင်း​အသစ်​ကို​သီကျူး​ကြ​လော့​။
ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​နှင့်တကွ ကျွမ်းကျင်​စွာ​တီးခတ်​ကြ​လော့​။
4အကြောင်းမူကား ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဖြောင့်မှန်​၏​။
ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ရှိသမျှ​တို့​သည် သစ္စာ​နှင့်​ပြည့်စုံ​ကြ​၏​။
5ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​တို့​ကို နှစ်သက်​တော်မူ​၏​။
ကမ္ဘာမြေကြီး​သည် ထာဝရဘုရား​၏ မေတ္တာကရုဏာ​တော်​နှင့်​ပြည့်ဝ​လျက်​ရှိ​၏​။
6ကောင်းကင်​သည် ထာဝရဘုရား​၏ နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း​၊
ကောင်းကင်တန်ဆာ​ရှိသမျှ​တို့​သည် နှုတ်​တော်​မှ​ထွက်သက်လေ​အားဖြင့်​လည်းကောင်း ဖန်ဆင်း​ခြင်း​ခံရ​၏​။
7ကိုယ်တော်​သည် ပင်လယ်​ရေ​များ​ကို တာတမံ​ကဲ့သို့​စုဝေး​စေ​၍
နက်ရှိုင်း​သော​ရေထု​များ​ကို သိုလှောင်​တိုက်​ထဲ၌ ထား​တော်မူ​၏​။
8မြေကြီးသား​အပေါင်း​တို့​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​ပါစေ​။
ကမ္ဘာလောက​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါစေ​။
9အကြောင်းမူကား ကိုယ်တော်​မြွက်ဆို​တော်မူ​သောအခါ ထို​အတိုင်း​ဖြစ်​၏​။
ကိုယ်တော်​အမိန့်ပေး​တော်မူ​သောအခါ ထို​အတိုင်း​တည်​လျက်​နေ​၏​။
10ထာဝရဘုရား​သည် တိုင်းနိုင်ငံ​တို့​၏​အကြံဉာဏ်​ကို ပယ်ဖျက်​၍
လူမျိုး​တို့​၏​အကြံအစည်​များ​ကို ဟန့်တား​တော်မူ​၏​။
11ထာဝရဘုရား​၏​အကြံဉာဏ်​သည် အစဉ်အမြဲ​တည်​၍
ကိုယ်တော်​၏​စိတ်နှလုံး​အကြံအစည်​တို့​သည် မျိုးဆက်​အစဉ်အဆက်​တည်​၏​။
12ထာဝရဘုရား​ကို မိမိ​ဘုရား​အဖြစ်​ကိုးကွယ်​သော​တိုင်းနိုင်ငံ​နှင့်
ကိုယ်တော်​၏​အမွေခံ​အဖြစ် ကိုယ်တော်​ရွေးချယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။
13ထာဝရဘုရား​သည် ကောင်းကင်ဘုံ​မှ အောက်​သို့​ကြည့်​၍
လူသား​အပေါင်း​တို့​ကို မြင်​တော်မူ​၏​။
14ကိုယ်တော်​သည် ကမ္ဘာမြေ​ပေါ် နေထိုင်​သော​သူ​အပေါင်း​တို့​ကို
မိမိ​စံပယ်​ရာ​အရပ်​မှ ကြည့်ရှု​တော်မူ​၏​။
15သူ​တို့​အားလုံး​၏​စိတ်နှလုံး​ကို ပုံဖော်ဖန်ဆင်း​၍
သူ​တို့​ပြု​သော​အမှု​အားလုံး​တို့​ကို သိရှိနားလည်​တော်မူ​၏​။
16ရှင်ဘုရင်​သည် စစ်သည်​အလုံးအရင်း​ကြောင့် ကယ်တင်​ခြင်း​ခံရ​သည်​မ​ဟုတ်​။
စစ်သူရဲ​သည် ကြီးမား​သော​ခွန်အား​ကြောင့် လွတ်မြောက်​ခွင့်​ရ​သည်​မ​ဟုတ်​။
17မြင်း​သည် အောင်ပွဲ​အတွက် အချည်းနှီး​သော​မျှော်လင့်ချက်​ဖြစ်​၏​။
၎င်း​၏​ကြီးမား​သော​ခွန်အား​က​လည်း မ​ကယ်ယူ​နိုင်​။
18ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့်
မိမိ​မေတ္တာကရုဏာ​တော်​ကို မျှော်လင့်ကိုးစား​သော​သူ​တို့​၏​စိတ်ဝိညာဉ်​ကို ကြည့်ရှု​တော်မူ​၏​။
19ထိုသို့​ကြည့်ရှု​တော်မူ​ခြင်း​မှာ သူ​တို့​၏​စိတ်ဝိညာဉ်​ကို
သေ​ခြင်း​မှ​ကယ်နုတ်​ရန်​နှင့် ငတ်မွတ်ခေါင်းပါး​သည့်​ကာလ​၌
သူ​တို့​ကို​ဆက်၍​အသက်ရှင်​စေရန်​ဖြစ်​၏​။
20ငါ​တို့​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​ကို​စောင့်မျှော်​၏​။
ကိုယ်တော်​သည် ငါ​တို့​ကို​ကူညီမစ​သော​အရှင်​၊ ငါ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
21အကြောင်းမူကား ငါ​တို့​သည် ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ယုံကြည်ကိုးစား​ကြ​သောကြောင့်
ငါ​တို့​၏​စိတ်နှလုံး​သည် ကိုယ်တော်​၌​ဝမ်းမြောက်​ခြင်း​ရှိ​၏​။
22အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​မျှော်လင့်ကိုးစား​ကြ​သည်​နှင့်အညီ
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​တို့​အပေါ်​သက်ရောက်​ပါစေသော​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in