YouVersion Logo
Search Icon

ဆာလံကျမ်း 35

35
အောင်ပွဲရရန် ဆုတောင်းခြင်း
ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ဆန့်ကျင်ဘက်​ပြု​သော​သူ​တို့​ကို ဆန့်ကျင်ဘက်​ပြု​တော်မူ​ပါ​။
အကျွန်ုပ်​ကို​တိုက်ခိုက်​သော​သူ​တို့​ကို တိုက်ခိုက်​တော်မူ​ပါ​။
2ဒိုင်းလွှား​၊ ဒိုင်းကာ​ကို​ကိုင်ဆောင်​၍
အကျွန်ုပ်​ကို​ကူညီမစ​ရန် ထ​တော်မူ​ပါ​။
3လှံ​နှင့်​အဲမောင်း​ကို​လည်း​ဆွဲယူ​၍ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ကို ရင်ဆိုင်​တော်မူ​ပါ​။
“​ငါ​သည် သင့်​ကို​ကယ်တင်​သော​သူ​ဖြစ်​သည်​”​ဟု အကျွန်ုပ်​၏​စိတ်ဝိညာဉ်​အား မိန့်​တော်မူ​ပါ​။
4အကျွန်ုပ်​အသက်​ကို​ရန်ရှာ​သော​သူ​တို့​သည် အရှက်ကွဲ​၍ အသရေပျက်​ကြ​ရ​ပါစေသော​။
အကျွန်ုပ်​ဒုက္ခ​ရောက်​ရန်​ကြံစည်​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။
5ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် သူ​တို့​ကို​မောင်းထုတ်​၍
သူ​တို့​သည် လေ​ထဲ​လွင့်ပါ​သွား​သော​ဖွဲ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။
6ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် သူ​တို့​ကို​လိုက်လံ​၍
သူ​တို့​လမ်း​သည် မှောင်​လျက်​ချော်​ပါစေသော​။
7အကြောင်းမူကား သူ​တို့​သည် အကြောင်းမဲ့ အကျွန်ုပ်​အတွက် ပိုက်ကွန်​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​၏​။
အကြောင်းမဲ့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဖမ်းမိ​ရန် တွင်း​ကို​တူး​ကြ​၏​။
8ပျက်စီးဆုံးပါး​ခြင်း​သည် ထိုသို့​သော​သူ​အပေါ် အမှတ်မထင်​ကျရောက်​ပါစေသော​။
သူ​လျှို့ဝှက်​စွာ​ထောင်​ထား​သော​ပိုက်ကွန်​၌ သူ​ကိုယ်တိုင်​ပြန်မိ​၍ ထို​ပျက်စီးဆုံးပါး​ခြင်း​ထဲသို့​ပင် ကျရောက်​ပါစေသော​။
9ထိုအခါ ငါ​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​၌​ရွှင်လန်း​၍
ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်မြူး​လိမ့်မည်​။
10အကျွန်ုပ်​၏​အရိုး​ရှိသမျှ​တို့​က “​အို ထာဝရဘုရား​၊ မည်သူ​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။
ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​ကို သူ့​ထက်​အားကြီး​သော​သူ​၏​လက်​မှ ကယ်နုတ်​တော်မူ​၏​။
အကယ်စင်စစ် အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို လုယူ​တတ်​သော​သူ​၏​လက်​မှ ကယ်နုတ်​တော်မူ​၏​”​ဟု လျှောက်​ကြ​လိမ့်မည်​။
11ရက်စက်ကြမ်းကြုတ်​သော​သက်သေ​တို့​သည် ထ​ကြ​၍
ငါ​မ​သိ​သော​အရာ​များ​ကို ငါ့​အား​မေးမြန်း​ကြ​၏​။
12သူ​တို့​သည် ငါ့​အား အကောင်း​ကို​အဆိုး​ဖြင့်​တုံ့ပြန်​၍
ငါ​၏​စိတ်ဝိညာဉ်​ကို အထီးကျန်​ညှိုးငယ်​စေ​ကြ​၏​။
13ငါ​မူကား သူ​တို့​ဖျားနာ​သောအခါ လျှော်တေအဝတ်​ကို​ဝတ်​၍ အစာရှောင်​လျက် မိမိကိုယ်မိမိ​ချိုးနှိမ်​၏​။
ငါ​၏​ဆုတောင်းချက် ငါ့​ရင်ခွင်​သို့​သာ ပြန်လှည့်​လာ​သောအခါ
14ငါ​သည် ငါ​၏​မိတ်ဆွေ​၊ ငါ​၏​ညီအစ်ကို​အတွက်​ကဲ့သို့ ကြေကွဲ​လျက်
မိခင်​အတွက် ငိုကြွေးမြည်တမ်း​သကဲ့သို့ ခေါင်း​ငိုက်စိုက်ချ​၍ ဝမ်းနည်း​ပူဆွေး​ခဲ့​၏​။
15သို့သော် ငါ​လဲ​သောအခါ သူ​တို့​သည် ဝမ်းမြောက်​လျက်​စုဝေး​ကြ​၏​။
ရန်ပြု​ရိုက်ပုတ်​သော​သူ​တို့​သည် ငါ့​တစ်ဖက်​၌​စုဝေး​ကြ​၏​။ ထို​သူ​တို့​ကို​လည်း ငါ​မ​သိ​ရ​။
သူ​တို့​သည် ငါ့​ကို​မ​ရပ်​မ​နား​ဆုတ်ဖြဲ​ကြ​၏​။
16ပွဲ​၌​လှောင်ပြောင်​ကဲ့ရဲ့​တတ်​သော ဘုရားတရားမဲ့​သူ​များ​ကဲ့သို့
သူ​တို့​သည် ငါ့​ကို​ကြည့်​လျက် အံကြိတ်​ကြ​၏​။
17အို ဘုရားရှင်​၊ ကိုယ်တော်​သည် မည်မျှ​ကြာ​အောင် ကြည့်​လျက်​နေ​တော်မူ​မည်နည်း​။
အကျွန်ုပ်​၏​အသက်​ကို သူ​တို့​၏​ဖျက်ဆီး​ခြင်း​ဘေး​မှ​လည်းကောင်း​၊
အကျွန်ုပ်​၏​တစ်ခုတည်း​သော​အသက်​ကို ခြင်္သေ့ပျို​တို့​၏​ဘေး​မှ​လည်းကောင်း ကယ်မ​တော်မူ​ပါ​။
18ထိုအခါ အကျွန်ုပ်​သည် လူအစုအဝေး​ကြီး​အလယ်​တွင် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​မည်​။
လူထုပရိသတ်​ကြီး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။
19လှည့်ဖြား​တတ်​သော​အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကြောင့် ဝမ်းမြောက်​ရ​သော​အခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။#ဆာ 69:4၊ ယော 15:25။
အကျွန်ုပ်​ကို အကြောင်းမဲ့​မုန်း​သော​သူ​တို့​သည်​လည်း မျက်စိ​မှိတ်ပြ​ရ​သော​အခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။
20အကြောင်းမူကား သူ​တို့​သည် ငြိမ်းချမ်းရေး​စကား​ကို​မ​ပြော​ဘဲ အေးချမ်း​စွာ​နေထိုင်​သော​ပြည်သား​တို့​တစ်ဖက်​၌
လိမ်လည်လှည့်ဖြား​သော​စကား​တို့​ကို လုပ်ကြံ​ပြောဆို​ကြ​ပါ​၏​။
21သူ​တို့​သည် အကျွန်ုပ်​ကို​ကြည့်​လျက် မိမိ​တို့​ပါးစပ်​ကို​ကျယ်စွာ​ဖွင့်​ကာ
“​ဟား​ဟား​၊ ငါ​တို့​မျက်စိ​နှင့် မြင်​ခဲ့​ရ​ပြီ​”​ဟု ဆို​ကြ​ပါ​၏​။
22အို ထာဝရဘုရား​၊ ကိုယ်တော်​မြင်​တော်မူ​ပါ​၏​။ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။
အို ဘုရားရှင်​၊ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။
23အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​အရှင်​၊ တရားမျှတမှု​ကို​အကျွန်ုပ်​ရရှိ​ရန်​နှင့်
အကျွန်ုပ်​၏​အမှုကိစ္စ​အတွက် နိုးကြွ​၍​ထ​တော်မူ​ပါ​။
24အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်အညီ
အကျွန်ုပ်​၌​အပြစ်​မ​ရှိ​ကြောင်း​စီရင်​တော်မူ​ပါ​။
သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကြောင့် ဝမ်းမြောက်​ရ​သော​အခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။
25သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​ထဲ၌ “​ဟား​ဟား​၊ ငါ​တို့​အလို​ပြည့်စုံ​ပြီ​”​ဟု အောက်မေ့​ခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။
“​သူ့​ကို ငါ​တို့​ဝါးမျို​ပြီ​”​ဟု ပြောဆို​ခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။
26အကျွန်ုပ်​ဒုက္ခ​ရောက်​သည်​ကို ဝမ်းမြောက်​သော​သူ​တို့​သည် အတူတကွ​အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။
အကျွန်ုပ်​နှင့်ယှဉ်၍ မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တို့​သည် အရှက်ကွဲ​ခြင်း​နှင့်
အသရေပျက်​ခြင်း​ကို ဝတ်ဆင်​ကြ​ရ​ပါစေသော​။
27အကျွန်ုပ်​၏​ဖြောင့်မတ်​ခြင်း​ကို နှစ်သက်​သော​သူ​တို့​သည် ဝမ်းမြောက်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​ပါစေသော​။
“​မိမိ​အစေအပါး​၏​ကောင်းစား​ခြင်း​ကို နှစ်သက်​တော်မူ​သော​ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​”​ဟု
သူ​တို့​သည် အစဉ်မပြတ်​မြွက်ဆို​ကြ​ပါစေသော​။
28ထိုအခါ အကျွန်ုပ်​၏​နှုတ်#35:28 တိုက်ရိုက်ပြန်ဆိုလျှင် “လျှာ”။​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်
ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို တစ်နေ့လုံး​မြွက်ဆို​ပါ​မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in