YouVersion Logo
Search Icon

သုတ္တံကျမ်း 31

31
လေမွေလမင်းကြီး၏စကားများ
1လေမွေလ​မင်းကြီး​၏​စကား​များ​။
သူ​၏​မယ်တော်​က သူ့​ကို​သွန်သင်​သော​ဩဝါဒ​စကား​မှာ
2ငါ့​သား​၊ ငါ​မည်သို့​ပြော​ရ​မည်နည်း​။ ငါ့​ဝမ်း​မှ​ဖွား​သော​သား​၊ ငါ​မည်သို့​ပြော​ရ​မည်နည်း​။
ငါ​၏​ကတိသစ္စာ​နှင့်ဆိုင်သော​သား​၊ ငါ​မည်သို့​ပြော​ရ​မည်နည်း​။
3သင်​၏​ခွန်အား​ကို မိန်းမ​တို့​အား​လည်းကောင်း​၊
သင်​၏​အားမာန်​တို့​ကို ရှင်ဘုရင်​တို့​ကို​ဖျက်ဆီး​တတ်​သော​သူ​တို့​အား​လည်းကောင်း မ​ပေး​နှင့်​။
4အို လေမွေလ​၊ စပျစ်ဝိုင်​သောက်​ခြင်း​သည် ရှင်ဘုရင်​တို့​နှင့်​မ​သင့်လျော်​ပေ​။
ရှင်ဘုရင်​တို့​နှင့်​မ​သင့်လျော်​ပေ​။
သေရည်သေရက်​ကို​တောင့်တ​ခြင်း​သည်​လည်း
အုပ်ချုပ်​သူ​တို့​အတွက် မ​သင့်လျော်​ပေ​။
5သူ​တို့​သည် သောက်​သောအခါ ပြဋ္ဌာန်း​ထား​သော​အရာ​ကို​မေ့လျော့​၍
ဖိစီးနှိပ်စက်မှု​ခံရ​သော​သူ​အပေါင်း​တို့​၏ အမှုအခင်း​ကို လွဲမှား​စွာ​စီရင်​မည်​ကို စိုးရိမ်​ရ​၏​။
6ဆုံးပါး​တော့​မည့်​သူ​အား သေရည်သေရက်​ကို​လည်းကောင်း​၊
စိတ်​ဒုက္ခရောက်​နေ​သော​သူ​အား စပျစ်ဝိုင်​ကို​လည်းကောင်း ပေး​လော့​။
7သူ​တို့​သည် သောက်​သောအခါ မိမိ​တို့​၏​ဆင်းရဲ​ခြင်း​ကို​မေ့လျော့​သွား​လိမ့်မည်​။
မိမိ​တို့​၏​အခက်အခဲ​ပြဿနာ​ကို​လည်း သတိရ​တော့​မည်​မ​ဟုတ်​။
8သင်​သည် ပြောဆို​နိုင်စွမ်း​မ​ရှိ​သူ​အတွက်​လည်းကောင်း​၊
မှီခိုရာမဲ့​သော​သူ​အားလုံး​၏ အမှုအခင်း​အတွက်​လည်းကောင်း
သင်​၏​နှုတ်​ကို​ဖွင့်​လော့​။
9သင်​၏​နှုတ်​ကို​ဖွင့်​လျက် ဖြောင့်မတ်​စွာ​တရားစီရင်​လော့​။
အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​၏​အခွင့်အရေး​ကို ကာကွယ်စောင့်ရှောက်​ပေး​လော့​။
စွမ်းရည်ရှိသောမယား
10စွမ်းရည်​နှင့်​ပြည့်စုံ​သော​မယား​ကို မည်သူ​တွေ့​နိုင်​သနည်း​။
ထိုသို့သော​မယား​သည် ပတ္တမြား​ထက်​များစွာ​အဖိုးထိုက်​၏​။
11သူ့​ခင်ပွန်း​သည် စိတ်နှလုံး​ထဲ၌ သူ့​ကို​ယုံကြည်စိတ်ချ​သဖြင့်
စည်းစိမ်ဥစ္စာ​ချို့တဲ့​သည်​ဟူ၍​မ​ရှိ​။
12ထို​မယား​သည် မိမိ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ခင်ပွန်းသည်​အား
ဆိုးကျိုး​မ​ပြု​၊ ကောင်းကျိုး​ကို​သာ​ပြု​တတ်​၏​။
13သူ​သည် သိုးမွေး​နှင့်​ဗီသွာလျှော်​ကို​ရှာ​ပြီးလျှင်
မိမိ​၏​လက်​ဖြင့် စိတ်ပါလက်ပါ​လုပ်ဆောင်​တတ်​၏​။
14ကုန်သွယ်​သင်္ဘော​များ​ကဲ့သို့ မိမိ​၏​အစားအစာ​ကို
ဝေးလံ​သော​အရပ်​မှ​သယ်ဆောင်​လာ​တတ်​၏​။
15မိုးမလင်းမီ​ထ​ပြီး မိမိ​အိမ်သူအိမ်သား​များ​အတွက် စားစရာ​ကို​ပြင်ဆင်​၍
အစေခံ​မိန်းကလေး​များ​ကို အလုပ်​ခွဲဝေ​သတ်မှတ်​ပေး​တတ်​၏​။
16လယ်ယာ​ကို​ကြည့်ရှု​သုံးသပ်​ပြီးမှ ၎င်း​ကို​ဝယ်ယူ​၍
မိမိ​လက်​နှင့် လုပ်ကိုင်​ရရှိ​သော​အကျိုးအမြတ်​ဖြင့် စပျစ်ခြံ​ကို​စိုက်ပျိုး​တတ်​၏​။
17မိမိ​ခါး​ကို အစွမ်းသတ္တိ​နှင့်​စည်း​၍
မိမိ​လက်မောင်း​တို့​ကို သန်မာ​စေ​တတ်​၏​။
18မိမိ​၏​ကုန်ပစ္စည်း​သည် အကျိုးအမြတ်​ရှိ​ကြောင်း​ကို သိမြင်​တတ်​၏​။
သူ​၏​မီးခွက်​သည် ညအချိန်​၌ မ​ငြိမ်း​တတ်​။
19သူ​သည် မိမိ​၏​လက်​တွင် ဗိုင်းလိပ်တံ​ကို​ကိုင်​ထား​လျက်
မိမိ​၏​လက်​ထဲ၌ ရစ်လုံး​ကို​ဆုပ်ကိုင်​ထား​တတ်​၏​။
20အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက် မိမိ​လက်​ကို​ဖြန့်​ပေး​၍
နွမ်းပါး​သော​သူ​တို့​အတွက် မိမိ​လက်​တို့​ကို​ကမ်းပေး​တတ်​၏​။
21သူ​၏​အိမ်သူအိမ်သား​အားလုံး​သည် ကတ္တီပါနီ​ကို​ဝတ်ဆင်​ထား​သည်​ဖြစ်၍
နှင်းပွင့်​ကျ​သော်လည်း သူ​သည် မိမိ​အိမ်သူအိမ်သား​များ​အတွက် မ​စိုးရိမ်​ရ​ပေ​။
22သူ​သည် မိမိ​အတွက် အိပ်ရာခင်း​များ​ကို​ပြုလုပ်​၍
သူ​၏​အဝတ်တန်ဆာ​သည် ဗီသွာချည်ထည်​နှင့် ခရမ်းရောင်​အထည်​ဖြစ်​၏​။
23သူ​၏​ခင်ပွန်း​သည် အရပ်​လူကြီး​တို့​နှင့်အတူ
မြို့​တံခါး​၌​ထိုင်​လေ့​ရှိ​၍ လူသိ​များ​သော​သူ​ဖြစ်​၏​။
24သူ​သည် ပိတ်ချော​ဝတ်ရုံ​များ​ကို​ပြုလုပ်​ရောင်းချ​ကာ
ခါးဝတ်တန်ဆာ​များ​ကို​လည်း ကုန်သည်​များ​ထံ​သွင်း​တတ်​၏​။
25အစွမ်းသတ္တိ​နှင့်​ခန့်ညားထည်ဝါမှု​သည် သူ​၏​အဝတ်တန်ဆာ​ဖြစ်၍
သူ​သည် လာ​မည့်​နေ့ရက်​များ​အတွက် ရယ်မော​နိုင်​၏​။
26သူ​သည် ဉာဏ်ပညာ​ဖြင့် မိမိ​နှုတ်​ကို​ဖွင့်​တတ်​၏​။
သူ​၏​လျှာ​ပေါ်၌ မေတ္တာကရုဏာ​နှင့်​ပြည့်စုံ​သော သွန်သင်ချက်​ရှိ​၏​။
27မိမိ​အိမ်သူအိမ်သား​တို့​၏​အရေးကိစ္စ​များ​ကို သေချာ​စွာ​ကြည့်ရှု​တတ်​၏​။
ပျင်းရိ​ခြင်း​အစာ​ကို မ​စား​တတ်​။
28သူ​၏​သားသမီး​တို့​သည်​ထ​၍
သူ့​ကို မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​တတ်​ကြ​၏​။
သူ​၏​ခင်ပွန်း​သည်​လည်း
29“​စွမ်းရည်ရှိရှိ​လုပ်ဆောင်​တတ်​သော​အမျိုးသမီး​များစွာ​ရှိ​သော်လည်း
သင်​သည် ထို​သူ​အားလုံး​ထက်​သာလွန်​၏​”​ဟု
သူ့​ကို​ချီးမွမ်း​တတ်​၏​။
30တင့်တယ်​ခြင်း​သည် လှည့်ဖြား​တတ်​၏​။ လှပ​ခြင်း​သည်​လည်း အချည်းနှီး​ဖြစ်​၏​။
သို့သော် ထာဝရဘုရား​ကို​ကြောက်ရွံ့​သော မိန်းမ​သည် ချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။
31ထိုသို့သော​မိန်းမ​အား သူ့​လက်​ဖြင့် လုပ်ကိုင်​ရရှိ​သော​အကျိုးအမြတ်​ကို​ပေး​လော့​။
သူ​ပြု​သော​အမှု​အတွက် မြို့​တံခါး​တို့​၌ သူ့​ကို​ချီးမွမ်း​ကြ​ပါစေ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy