YouVersion Logo
Search Icon

သုတ္တံကျမ်း 21

21
1ရှင်ဘုရင်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၏​လက်​တော်​၌​ရှိ​၍ ရေစီး​သော​ချောင်း​များ​ကဲ့သို့​ဖြစ်​၏​။
ကိုယ်တော်​သည် ၎င်း​ကို အလို​တော်​ရှိ​သည့် နေရာတိုင်း​သို့ လှည့်​စေ​တော်မူ​၏​။
2လူ​သည် မိမိ​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​ကို မှန်​သည်​ဟု ထင်မြင်​တတ်​၏​။
သို့သော် ထာဝရဘုရား​သည် စိတ်နှလုံး​ကို​ချိန်တွယ်​တော်မူ​၏​။
3ထာဝရဘုရား​သည် ယဇ်ပူဇော်​ခြင်း​ထက်
ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​ကို ပို၍​နှစ်သက်​တော်မူ​၏​။
4ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​တည်းဟူသော ထောင်လွှား​သော​မျက်နှာ​နှင့်
မော်ကြွား​သော​စိတ်နှလုံး​တို့​သည် အပြစ်​ဖြစ်​၏​။
5ဝီရိယ​ရှိ​သော​သူ​၏​အကြံအစည်​တို့​သည် အကျိုးအမြတ်​ကို ဧကန်​ဖြစ်​စေ​၏​။
အလျင်စလို​ပြုမူ​သော​သူ​တိုင်း​ကား ချို့တဲ့​နွမ်းပါး​ခြင်း​သို့​သာ​ရောက်​တတ်​၏​။
6မုသားသုံး​သော​လျှာ​ဖြင့် ဥစ္စာဘဏ္ဍာ​များ​ကို​ဆည်းပူး​ခြင်း​သည်
လွင့်သွား​သော​အခိုးအငွေ့​ဖြစ်​ပြီး သေ​ခြင်း​ကို​ရှာဖွေ​ခြင်း​ဖြစ်​၏​။
7ဆိုးယုတ်​သော​သူ​တို့​သည် တရား​သော​အမှု​ကို​မ​ပြု​လို​ကြ​သောကြောင့်
သူ​တို့​၏​အကြမ်းဖက်မှု​သည် သူ​တို့​ကို​သုတ်သင်​ရှင်းလင်း​လိမ့်မည်​။
8အပြစ်ရှိ​သော​သူ​၏​လမ်း​သည် ကွေ့ကောက်​၏​။
သန့်ရှင်းစင်ကြယ်​သော​သူ​၏​လုပ်ဆောင်ချက်​မူကား ဖြောင့်မှန်​၏​။
9ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​နှင့် တစ်​အိမ်​တည်း​အတူ​နေ​ရ​ခြင်း​ထက်
ခေါင်မိုးပြင်​ထောင့်​၌​နေ​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။
10ဆိုးယုတ်​သော​သူ​၏​စိတ်ဝိညာဉ်​သည် မကောင်းမှု​ကို တောင့်တ​တတ်​၏​။
သူ​၏​အိမ်နီးချင်း​သည် သူ့​မျက်ဝန်း​၌ သနား​တတ်​သော​သဘော​ကို​ရှာ​မ​တွေ့​။
11ပြက်ရယ်​ပြု​တတ်​သော​သူ အပြစ်ဒဏ်​ခံရ​သောအခါ
အသိဉာဏ်​နည်းပါး​သော​သူ​သည် ဉာဏ်ပညာရှိ​လာ​တတ်​၏​။
ပညာရှိ​သော​သူ​သည် သွန်သင်​ခြင်း​ခံရ​သောအခါ
အသိပညာ​တိုးပွား​တတ်​၏​။
12ဖြောင့်မတ်​တော်မူ​သော​အရှင်​သည် ဆိုးယုတ်​သော​သူ​၏​အိမ်​ကို​မှတ်​၍
ထို​ဆိုးယုတ်​သော​သူ​တို့​ကို ပျက်စီး​ခြင်း​ထဲသို့ ပစ်ချ​တော်မူ​၏​။
13ဆင်းရဲ​သော​သူ​၏​ငိုကြွေးသံ​ကို​မ​ကြား​လို​၍ မိမိ​နား​ကို​ပိတ်​ထား​သော​သူ​သည်
ကိုယ်တိုင်​ဟစ်ခေါ်​သောအခါ မည်သူမျှ သူ့​ကို​ထူး​လိမ့်မည်​မ​ဟုတ်​။
14တိတ်တဆိတ်​ပေး​သော​လက်ဆောင်​သည် အမျက်​ကို​လည်းကောင်း​၊
လျှို့ဝှက်​စွာ​ပေး​သော​တံစိုးလက်ဆောင်​သည်
ပြင်းထန်​သော​အမျက်ဒေါသ​ကို​လည်းကောင်း ပြေ​စေ​တတ်​၏​။
15တရား​သော​အမှု​ကို​ပြု​ခြင်း​သည် ဖြောင့်မတ်​သော​သူ​တို့​အတွက် ဝမ်းမြောက်​ခြင်း​ဖြစ်​၍
အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​အတွက် ထိတ်လန့်​ခြင်း​ဖြစ်​၏​။
16ပညာသတိ​လမ်း​မှ​လွဲသွား​သော​သူ​သည်
သေသူ၏ဝိညာဉ်​အစုအဝေး​ထဲ၌ နေရာ​ကျ​လိမ့်မည်​။
17အပျော်အပါး​ကို​နှစ်သက်​သော​သူ​သည် ချို့တဲ့​နွမ်းပါး​သော​သူ​ဖြစ်​သွား​လိမ့်မည်​။
စပျစ်ဝိုင်​နှင့်​ဆီ​ကို​နှစ်သက်​သော​သူ​သည်​လည်း ချမ်းသာကြွယ်ဝ​လာ​လိမ့်မည်​မ​ဟုတ်​။
18ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​အတွက်​လည်းကောင်း​၊
သစ္စာမဲ့​သော​သူ​သည် ဖြောင့်မှန်​သော​သူ​အတွက်​လည်းကောင်း
ရွေးနုတ်စရာ​အဖိုးအခ​ဖြစ်​ရ​လိမ့်မည်​။
19စိတ်ဆတ်​၍ ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​နှင့် နေ​ရ​ခြင်း​ထက်
တောကန္တာရ​အရပ်​၌​နေ​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။
20ပညာရှိ​သော​သူ​၏​အိမ်​၌ နှစ်လိုဖွယ်​ကောင်း​သော​ဥစ္စာဘဏ္ဍာ​နှင့် ဆီ​ရှိ​၏​။
မိုက်မဲ​သော​သူ​ကား ထို​အရာ​တို့​ကို သုံးဖြုန်း​တတ်​၏​။
21ဖြောင့်မတ်​ခြင်း​နှင့် မေတ္တာကရုဏာ​ကို လက်ကိုင်ပြု​သော​သူ​သည်
အသက်ရှင်​ခြင်း​၊ ဖြောင့်မတ်​ခြင်း​နှင့် ဂုဏ်သရေ​ကို တွေ့ရှိ​လိမ့်မည်​။
22ပညာရှိ​သော​သူ​သည် သူရဲကောင်း​တို့​၏​မြို့​သို့ ချီတက်​၍
သူ​တို့​ကိုးစား​သော ခိုင်ခံ့​သည့်​နေရာ​ကို ဖြိုချ​တတ်​၏​။
23မိမိ​နှုတ်​နှင့် လျှာ​ကို စောင့်ထိန်း​သော​သူ​သည်
မိမိ​အသက်​ကို ဆင်းရဲဒုက္ခ​မှ စောင့်ထိန်း​သော​သူ​ဖြစ်​၏​။
24မာနထောင်လွှား​လျက် ခက်ထန်​မောက်မာ​သော​သူ​၏​အမည်​မှာ
“​ပြက်ရယ်​ပြု​တတ်​သော​သူ​” ဟူ၍​ဖြစ်​၏​။
သူ​သည် အလွန်​မာနထောင်လွှား​သော​စိတ်​နှင့် ပြုမူ​တတ်​၏​။
25ပျင်းရိ​သော​သူ​၏​လက်​သည် အလုပ်​လုပ်​ရန်​ငြင်းဆန်​သောကြောင့်
သူ​၏​အလိုဆန္ဒ​သည် သူ့​ကို​သေ​စေ​တတ်​၏​။
26သူ​သည် အလိုရှိ​သည့်​အရာ​ကို တစ်နေ့လုံး တောင့်တ​နေ​တတ်​၏​။
ဖြောင့်မတ်​သော​သူ​မူကား တွန့်တို​ခြင်း​မ​ရှိ​ဘဲ ပေးကမ်း​တတ်​၏​။
27ဆိုးယုတ်​သော​သူ​၏​ယဇ်ကောင်​သည် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။
ထို့ထက်မက ၎င်း​ကို ဆိုးညစ်​သော​အကြံ​ဖြင့် ယူဆောင်​လာ​လျှင်
ပို၍​ပင် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။
28လိမ်လည်​သော​သက်သေ​သည် ပျက်စီး​သွား​လိမ့်မည်​။
ကိုယ်တိုင်​ကြား​ရ​သော​သူ​မူကား အစဉ်​ပြောဆို​နေ​လိမ့်မည်​။
29ဆိုးယုတ်​သော​သူ​သည် မျက်နှာ​ပြောင်တိုက်​တတ်​၏​။
ဖြောင့်မှန်​သော​သူ​မူကား မိမိ​သွား​ရာ​လမ်း​ကို သိရှိနားလည်​၏​။
30မည်သည့်​ဉာဏ်ပညာ​၊ ထိုးထွင်းဉာဏ်​၊ အကြံဉာဏ်​မျှ
ထာဝရဘုရား​ကို​ဆန့်ကျင်​၍ မ​တည်​နိုင်​။
31စစ်တိုက်​ရ​မည့်​နေ့​အတွက် မြင်း​ကို​ပြင်ဆင်​ထား​သော်လည်း
အောင်ပွဲ​သည် ထာဝရဘုရား​နှင့်​ဆိုင်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in