YouVersion Logo
Search Icon

သုတ္တံကျမ်း 22

22
1များစွာ​သော​ဓနဥစ္စာ​ထက် ဂုဏ်သတင်း​ကျော်စော​ခြင်း​ကို ရွေးချယ်​သင့်​၏​။
မျက်နှာရ​ခြင်း​သည် ရွှေ​၊ ငွေ​တို့​ထက် ပို၍​ကောင်း​၏​။
2ချမ်းသာ​သော​သူ​နှင့် ဆင်းရဲ​သော​သူ​တို့​၏ တူညီ​သော​အချက်​မှာ
သူ​တို့​အားလုံး​ကို ထာဝရဘုရား​ဖန်ဆင်း​တော်မူ​ခြင်း​ပင်​ဖြစ်​၏​။
3ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် ဘေးအန္တရာယ်​ကို​မြင်​၍ ပုန်းရှောင်​တတ်​၏​။
အသိပညာ​နည်းပါး​သော​သူ​မူကား ဆက်သွား​၍ အပြစ်ဒဏ်​ခံရ​တတ်​၏​။
4စိတ်နှိမ့်ချ​ခြင်း​နှင့် ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​အကျိုး​ကား
ဓနဥစ္စာ​၊ ဂုဏ်သရေ​နှင့် အသက်ရှင်​ခြင်း​ဖြစ်​၏​။
5ကောက်ကျစ်​သော​သူ​၏​လမ်း​၌ ဆူးပင်​များ​နှင့် ကျော့ကွင်း​များ​ရှိ​ကြ​၏​။
မိမိ​၏​စိတ်ဝိညာဉ်​ကို​စောင့်ထိန်း​သော​သူ​သည် ထို​အရာ​တို့​ကို ဝေးဝေးရှောင်​တတ်​၏​။
6ကလေးသူငယ်​ကို​သွန်သင်​၍ သူ​သွား​ရ​မည့်​လမ်း​သို့​ဦးတည့်​ပေး​လော့​။
သို့ပြုလျှင် သူ​သည်​အသက်ကြီး​သောအခါ ထို​လမ်း​မှ​မ​ဖယ်ခွာ​ဘဲ​နေ​လိမ့်မည်​။
7ချမ်းသာ​သော​သူ​သည် ဆင်းရဲ​သော​သူ​ကို အုပ်စိုး​ရ​၏​။
ချေးယူ​သော​သူ​သည်​လည်း ချေး​ပေး​သော​သူ​၏ ကျွန်​ဖြစ်​ရ​၏​။
8မတရားမှု​မျိုးစေ့​ကို​ကြဲ​သော​သူ​သည် ဆင်းရဲဒုက္ခ​ကို​ရိတ်သိမ်း​ရ​၍
သူ​၏​ဒေါသ​ကြိမ်လုံး​သည် ပျက်စီး​သွား​လိမ့်မည်​။
9စေတနာ​စိတ်​ရှိ​သော​သူ​သည် မိမိ​၏​အစားအစာ​ကို
ဆင်းရဲ​သော​သူ​အား ပေးကမ်း​သောကြောင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​လိမ့်မည်​။
10ပြက်ရယ်​ပြု​တတ်​သော​သူ​ကို နှင်ထုတ်​လော့​။
သို့ပြုလျှင် အငြင်းပွားမှု​သည် ထွက်သွား​၍
ခိုက်ရန်​ဖြစ်​ခြင်း​နှင့်​အရှက်ကွဲ​ခြင်း​သည်​လည်း အဆုံးသတ်​သွား​လိမ့်မည်​။
11စိတ်နှလုံး​စင်ကြယ်​ခြင်း​ကို​နှစ်သက်​၍ ယဉ်ကျေး​သိမ်မွေ့​စွာ​ပြောဆို​တတ်​သော​သူ​သည်
ရှင်ဘုရင်​၏​မိတ်ဆွေ​ဖြစ်​ရ​လိမ့်မည်​။
12ထာဝရဘုရား​၏​မျက်စိ​တော်​သည် အသိပညာ​ကို ထိန်းသိမ်းစောင့်ရှောက်​တော်မူ​၏​။
သစ္စာမဲ့​သော​သူ​၏​စကား​တို့​ကို​ကား မှားယွင်း​ချွတ်ချော်​စေ​တော်မူ​၏​။
13ပျင်းရိ​သော​သူ​က “​အပြင်ဘက်​၌ ခြင်္သေ့​ရှိ​၏​။
ငါ​သည် လမ်းမ​ပေါ်တွင် ကိုက်သတ်​ခံရ​လိမ့်မည်​”​ဟု ဆို​တတ်​၏​။
14အကျင့်​ဖောက်ပြား​သော​မိန်းမ​တို့​၏​နှုတ်​သည် နက်​သော​တွင်း​ဖြစ်​၏​။
ထာဝရဘုရား​၏​အမျက်​တော်​သင့်​သော​သူ​သည် ထို​တွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။
15မိုက်မဲ​ခြင်း​သည် ကလေးသူငယ်​၏​စိတ်နှလုံး​တွင် နှောင်ဖွဲ့​လျက်​ရှိ​၏​။
သို့သော် ဆုံးမပဲ့ပြင်​သော​ကြိမ်လုံး​သည် ၎င်း​ကို သူ​နှင့်​ဝေးကွာ​စေ​လိမ့်မည်​။
16မိမိ​ဥစ္စာ​တိုးပွား​စေရန် ဆင်းရဲ​သော​သူ​ကို​နှိပ်စက်​သော​သူ​၊
သို့မဟုတ် ချမ်းသာ​သော​သူ​ကို ပေးကမ်း​သော​သူ​သည်
အမှန်ပင် ချို့တဲ့​နွမ်းပါး​ခြင်း​သို့​ရောက်​လိမ့်မည်​။
ပညာရှိတို့၏အခြားသောစကားများ
17သင့်​နား​ကို​စွင့်​၍ ပညာရှိ​တို့​၏​စကား​များ​ကို နားထောင်​လော့​။
သင့်​စိတ်နှလုံး​၌ ငါ​၏​အသိပညာ​ကို သွင်း​ထား​လော့​။
18အကြောင်းမူကား ထို​အရာ​တို့​ကို သင့်​အထဲ​၌ စောင့်ထိန်း​ထား​၍
ထို​အရာ​ရှိသမျှ​တို့​ကို သင်​၏​နှုတ်​၌​အသင့်ရှိ​စေ​လျှင်
နှစ်လို​ဖွယ်​ကောင်း​သော​အရာ​ဖြစ်​လိမ့်မည်​။
19သင်​သည် ထာဝရဘုရား​ကို​ကိုးစား​မည့်​အကြောင်း
သင့်​ကို အထူးသဖြင့်​သင့်​ကို ယနေ့ ငါ​သွန်သင်​လေ​ပြီ​။
20ငါ​သည် အကြံပြုချက်​နှင့်​အသိပညာ​ဆိုင်ရာ စကား​အခွန်း​သုံးဆယ်​ကို
သင့်​အတွက် ရေးထား​ပြီ​မ​ဟုတ်​လော​။
21ဤသည်ကား သင်​သည် မှန်ကန်​သော​စကား​စစ်စစ်​တို့​ကို သိ​စေရန်​နှင့်
သင့်​ကို​စေလွှတ်​သော​သူ​များ​အား မှန်ကန်​သော​စကား​တို့​ဖြင့် ဖြေကြား​နိုင်​ရန်​ဖြစ်​၏​။
22ဆင်းရဲ​သော​သူ​ကို ဆင်းရဲ​သည်​ဆို​၍ ခေါင်းပုံ​မ​ဖြတ်​နှင့်​။
အဖိနှိပ်​ခံရ​သော​သူ​ကို​လည်း မြို့​တံခါး​၌ မ​ညှဉ်းဆဲ​နှင့်​။
23အကြောင်းမူကား ထာဝရဘုရား​သည် သူ​တို့​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍
သူ​တို့​ထံမှ​လုယူ​သော​သူ​တို့​၏​အသက်​ကို လုယူ​တော်မူ​လိမ့်မည်​။
24စိတ်တို​သော​သူ​နှင့် မ​ပေါင်းဖော်​နှင့်​။
ဒေါသကြီး​သော​သူ​နှင့်အတူ မ​လိုက်​နှင့်​။
25လိုက်​လျှင် သင်​သည် သူ​၏​လမ်းစဉ်​တို့​ကို​သင်ယူ​၍
သင်​ကိုယ်တိုင် ထောင်ချောက်​မိ​လိမ့်မည်​။
26ကတိ​ခံဝန်​ချက်​ပေး​သော​သူ​များ​နှင့် ကြွေးမြီ​များ​အတွက်
အာမခံ​သော​သူ​များ​ထဲတွင် မ​ပါ​နှင့်​။
27သင်​၌​ပေးလျော်​ရန်​မ​ရှိ​သောအခါ သင့်​ကိုယ်​အောက်​မှ
သင့်​အိပ်ရာ​ကို​ယူသွား​လျှင် မည်သို့နည်း​။
28သင်​၏​ဘိုးဘေး​များ​စိုက်ထူ​ခဲ့​သော
ရှေးယခင်​နယ်နိမိတ်​ကို မ​ရွှေ့​နှင့်​။
29မိမိ​အလုပ်​တွင် ကျွမ်းကျင်​သော​သူ​ကို သင်​မြင်​သလော​။
ထို​သူ​သည် ရှင်ဘုရင်​တို့​ရှေ့မှောက်​၌ ခစား​ရ​လိမ့်မည်​။
သာမန်​လူ​တို့​ရှေ့​၌ ခစား​ရ​လိမ့်မည်​မ​ဟုတ်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in