သုတ္တံကျမ်း 14
14
1ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။
မိုက်မဲသောမိန်းမမူကား ၎င်းကို မိမိလက်ဖြင့် ဖြိုဖျက်တတ်၏။
2ဖြောင့်မှန်စွာလျှောက်လှမ်းသောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။
သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူမူကား
ကိုယ်တော်ကိုမထီမဲ့မြင်ပြုတတ်၏။
3ဆိုးမိုက်သောသူ၏နှုတ်တွင် မာန်မာနအတက်ပေါက်လျက်ရှိ၏။
ပညာရှိသောသူတို့၏နှုတ်ခမ်းမူကား သူတို့ကိုစောင့်ရှောက်လိမ့်မည်။
4နွားမရှိလျှင် တင်းကုပ်သည် သန့်ရှင်း၏။
သို့သော် နွား၏ခွန်အားဖြင့် များစွာသောအသီးအနှံတို့ကိုရရှိ၏။
5သစ္စာရှိသောသက်သေသည် လိမ်လည်ခြင်းမပြု။
မုသားသက်သေမူကား လိမ်လည်ထွက်ဆိုတတ်၏။
6ပြက်ရယ်ပြုတတ်သောသူသည် ဉာဏ်ပညာကိုရှာဖွေသော်လည်း မတွေ့ပေ။
အသိဉာဏ်ရှိသောသူမူကား အသိပညာကိုရလွယ်၏။
7မိုက်မဲသောသူ၏ရှေ့မှောက်မှ ထွက်သွားလော့။
အကြောင်းမူကား သူ့ထံမှ အသိပညာစကားကို သင်ရရှိမည်မဟုတ်။
8ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။
မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
9ဆိုးမိုက်သောသူတို့သည် ဒုစရိုက်ဖြေရာယဇ်ကို ပြက်ရယ်ပြုတတ်ကြ၏။
ဖြောင့်မှန်သောသူတို့ကြား၌ကား နှစ်သက်လက်ခံခြင်းရှိ၏။
10စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။
မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။
11ဆိုးယုတ်သောသူတို့၏အိမ်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။
ဖြောင့်မှန်သောသူတို့၏တဲမူကား ပွင့်လန်းဝေဆာလိမ့်မည်။
12လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်း
အဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏။
13ရယ်မောလျက်နေစဉ်ပင် စိတ်နှလုံးသည် နာကျင်နေတတ်၏။
ဝမ်းမြောက်ခြင်း၏အဆုံး၌လည်း ပူဆွေးခြင်းရှိတတ်၏။
14စိတ်သဘောဖောက်ပြန်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ဝအီလိမ့်မည်။
သူတော်ကောင်းမူကား မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ပြည့်စုံကြွယ်ဝလိမ့်မည်။
15အသိဉာဏ်နည်းပါးသောသူသည် အရာအားလုံးကိုယုံတတ်၏။
ဆင်ခြင်ဉာဏ်ရှိသောသူမူကား မိမိ၏ခြေလှမ်းကို ဆင်ခြင်သုံးသပ်တတ်၏။
16ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။
မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။
17စိတ်တိုသောသူသည် မိုက်မဲသောအမှုကိုပြုတတ်၏။
ကောက်ကျစ်သောဉာဏ်ရှိသောသူသည်လည်း အမုန်းခံရလိမ့်မည်။
18အသိဉာဏ်နည်းပါးသောသူတို့သည် မိုက်မဲမှုကိုအမွေဆက်ခံရကြ၏။
ဆင်ခြင်ဉာဏ်ရှိသောသူတို့မူကား အသိပညာသရဖူကိုဆောင်းရကြ၏။
19မကောင်းမှုပြုသောသူတို့သည် သူတော်ကောင်းတို့၏ရှေ့၌လည်းကောင်း၊
ဆိုးယုတ်သောသူတို့သည် ဖြောင့်မတ်သောသူ၏ တံခါးဝ၌လည်းကောင်း
ဦးညွှတ်ကြရ၏။
20ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း၏မုန်းတီးခြင်းကိုပင်ခံရ၏။
ချမ်းသာသောသူမူကား ချစ်ခင်သူများ၏။
21မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြုသောသူဖြစ်၏။
ဆင်းရဲချို့တဲ့သောသူတို့ကို သနားသောသူမူကား မင်္ဂလာရှိ၏။
22မကောင်းမှုကို တွေးတောကြံစည်သောသူတို့သည်
လမ်းလွဲသွားကြသည်မဟုတ်လော။
ကောင်းသောအမှုကို တွေးတောကြံစည်သောသူတို့မူကား
မေတ္တာကရုဏာနှင့်သမ္မာတရားကို တွေ့ရှိကြလိမ့်မည်။
23ခက်ခဲပင်ပန်းသောအလုပ်ရှိသမျှတို့၌ အကျိုးအမြတ်ရှိ၏။
အပြောသက်သက်မူကား ချို့တဲ့နွမ်းပါးခြင်းကိုသာဖြစ်စေ၏။
24ပညာရှိသောသူတို့၏သရဖူသည် သူတို့၏ဓနဥစ္စာဖြစ်၏။
မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား မိုက်မဲမှုဖြစ်၏။
25မှန်ကန်သောသက်သေသည် အသက်ကိုကယ်နုတ်တတ်၏။
လိမ်လည်ထွက်ဆိုသောသူမူကား လိမ်လည်လှည့်ဖြားတတ်၏။
26ထာဝရဘုရားကိုကြောက်ရွံ့သောသူ၌ တန်ခိုးကြီးသောကိုးစားရာရှိ၍
၎င်းသည် သူ၏သားသမီးတို့အတွက် ခိုလှုံရာဖြစ်လိမ့်မည်။
27ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်စမ်းရေတွင်းဖြစ်၍
သေခြင်း၏ထောင်ချောက်များမှ ဖယ်ခွာစေတတ်၏။
28ပြည်သူပြည်သားများပြားခြင်းသည် ရှင်ဘုရင်အတွက် အသရေဖြစ်၏။
တိုင်းသူပြည်သားမရှိခြင်းမူကား အုပ်ချုပ်သူအတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။
29စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။
စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
30တည်ငြိမ်သောစိတ်နှလုံးသည် ကိုယ်ခန္ဓာ၏အသက်ဖြစ်၏။
မနာလိုဝန်တိုခြင်းမူကား အရိုးတို့ကိုဆွေးမြည့်စေတတ်၏။
31ဆင်းရဲသောသူကို နှိပ်စက်သောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။
နွမ်းပါးသောသူကို သနားသောသူမူကား ကိုယ်တော်ကို ရိုသေလေးမြတ်သောသူဖြစ်၏။
32ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။
ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
33ဉာဏ်ပညာသည် အသိဉာဏ်ရှိသောသူ၏ စိတ်နှလုံးထဲ၌ ကိန်းဝပ်၍
မိုက်မဲသောသူတို့၏အလယ်၌ပင် ကိုယ့်ကိုယ်ကိုယ်ဖော်ပြတတ်၏။
34ဖြောင့်မတ်ခြင်းသည် တိုင်းပြည်ကိုချီးမြှောက်တတ်၏။
အပြစ်မူကား တိုင်းသူပြည်သားတို့ကို အရှက်ကွဲစေတတ်၏။
35ပညာသတိရှိသောအစေအပါးကို ရှင်ဘုရင်နှစ်သက်တတ်၏။
အရှက်ကွဲစေသောသူအပေါ်၌မူကား အမျက်တော်သက်ရောက်တတ်၏။
Currently Selected:
သုတ္တံကျမ်း 14: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative