YouVersion Logo
Search Icon

သုတ္တံကျမ်း 13

13
1ပညာရှိ​သော​သား​သည် ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို နားထောင်​တတ်​၏​။
ပြက်ရယ်​ပြု​သော​သား​မူကား ဆုံးမ​စကား​ကို နား​မ​ထောင်​တတ်​။
2လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​မှ ကောင်း​သော​အရာ​ကို​စား​ရ​၏​။
သစ္စာမဲ့​သော​သူ​တို့​၏​စိတ်ဆန္ဒ​ကား ရက်စက်ကြမ်းကြုတ်မှု​ဖြစ်​၏​။
3မိမိ​နှုတ်​ကို​စောင့်စည်း​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ရှောက်​၏​။
နှုတ်​ဖွာ​သော​သူ​သည် ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။
4ပျင်းရိ​သော​သူ​၏​စိတ်ဝိညာဉ်​သည် တောင့်တ​သော်လည်း မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်​။
ဝီရိယ​ရှိ​သော​သူ​တို့​၏​စိတ်ဝိညာဉ်​မူကား ကြွယ်ဝ​လိမ့်မည်​။
5ဖြောင့်မတ်​သော​သူ​သည် မုသား​စကား​ကို မုန်း​၏​။
ဆိုးယုတ်​သော​သူ​မူကား စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၍ မျက်နှာပျက်​ရ​တတ်​၏​။
6ဖြောင့်မတ်​ခြင်း​သည် တည်ကြည်​သော​လမ်း​သို့​လိုက်​သော​သူ​ကို
ကာကွယ်​စောင့်ရှောက်​တတ်​၏​။
ဆိုးယုတ်​ခြင်း​မူကား အပြစ်သား​ကို မှားယွင်း​ချွတ်ချော်​စေ​တတ်​၏​။
7ဘာမျှ​မ​ရှိ​ဘဲ​လျက် ချမ်းသာဟန်ဆောင်​သော​သူ​ရှိ​၏​။
စည်းစိမ်ဥစ္စာ​များစွာ​ရှိ​လျက်​နှင့် ဆင်းရဲ​ဟန်ဆောင်​သော​သူ​ရှိ​၏​။
8လူ​၏​ဓနဥစ္စာ​သည် သူ့​အသက်​ကို​ပြန်ရွေး​သော အဖိုးအခ​ဖြစ်​၏​။
ဆင်းရဲ​သော​သူ​မူကား မည်သည့်​ခြိမ်းခြောက်​သံ​ကို​မျှ မ​ကြား​ရ​ပေ​။
9ဖြောင့်မတ်​သော​သူ​တို့​၏​အလင်း​သည် ထွန်းလင်းတောက်ပ​လိမ့်မည်#13:9 တိုက်ရိုက်ပြန်ဆိုလျှင် “ဝမ်းမြောက်”။​။
ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​မူကား ငြိမ်း​လိမ့်မည်​။
10မာနထောင်လွှား​ခြင်း​သည် ခိုက်ရန်​ကို​သာ​ဖြစ်ပွား​စေ​တတ်​၏​။
အကြံပေး​ခြင်း​ကို​လက်ခံ​သော​သူ​၌​ကား ဉာဏ်ပညာ​ရှိ​၏​။
11လွယ်လွယ်​ရ​သော​စည်းစိမ်ဥစ္စာ​သည် လျော့နည်း​သွား​တတ်​၏​။
နည်းနည်းချင်း​စုဆောင်း​သော​သူ​မူကား စည်းစိမ်ဥစ္စာ​ကို​တိုးပွား​စေ​တတ်​၏​။
12မျှော်မှန်း​သော​အရာ​ကြန့်ကြာ​နေ​ပါက စိတ်​မသာမယာ​ဖြစ်​တတ်​၏​။
အလိုဆန္ဒ​ပြည့်ဝ​ခြင်း​မူကား အသက်​ပင်​သဖွယ်​ဖြစ်​၏​။
13နှုတ်ကပတ်တော်​ကို​မထီမဲ့မြင်ပြု​သော​သူ​သည်
မိမိ​အပေါ်​မိမိ ပျက်စီး​ခြင်း​ကို​သက်ရောက်​စေ​လိမ့်မည်​။
ပညတ်တော်​ကို​ရိုသေ​သော​သူ​မူကား ဆုလာဘ်​ကို​ရရှိ​လိမ့်မည်​။
14ပညာရှိ​သော​သူ​၏​သွန်သင်ချက်​သည် အသက်​စမ်းရေတွင်း​ဖြစ်၍
သေ​ခြင်း​၏​ထောင်ချောက်​များ​မှ​ဖယ်ခွာ​စေ​တတ်​၏​။
15ကောင်း​သော​ဉာဏ်စွမ်း​သည် မျက်နှာရ​စေ​တတ်​၏​။
သစ္စာမဲ့​သော​သူ​၏​လမ်းခရီး​ကား ကြမ်းတမ်း​၏​။
16ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​တိုင်း​သည် အသိပညာ​ရှိ​စွာ​ပြုကျင့်​တတ်​၏​။
မိုက်မဲ​သော​သူ​မူကား မိမိ​၏​မိုက်မဲမှု​ကို ပေါ်လွင်​ထင်ရှား​စေ​တတ်​၏​။
17ဆိုးယုတ်​သော​စေတမန်​သည် ဒုက္ခတွင်း​ထဲသို့​ကျရောက်​တတ်​၏​။
သစ္စာရှိ​သော​သံတမန်​မူကား ဒဏ်ရာဒဏ်ချက်​ကို ပျောက်ကင်း​စေ​တတ်​၏​။
18ဆင်းရဲ​ခြင်း​နှင့်​အရှက်ကွဲ​ခြင်း​သည်
ဆုံးမပဲ့ပြင်​ခြင်း​ကို​လျစ်လျူရှု​သော​သူ​ထံသို့ ရောက်လာ​လိမ့်မည်​။
ဆိုဆုံးမစကား​ကို​စောင့်ထိန်း​သော​သူ​မူကား
ဂုဏ်ပြုချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။
19အလိုဆန္ဒ​ပြည့်ဝ​ခြင်း​သည် စိတ်ဝိညာဉ်​အတွက် နှစ်သက်​ဖွယ်​ဖြစ်​၏​။
သို့သော် မကောင်းမှု​မှ​ဖယ်ခွာ​ခြင်း​သည် မိုက်မဲ​သော​သူ​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။
20ပညာရှိ​သော​သူ​တို့​နှင့်အတူ လျှောက်လှမ်း​သော​သူ​သည် ပညာရှိ​လာ​လိမ့်မည်​။
မိုက်မဲ​သော​သူ​တို့​နှင့်အတူ​ပေါင်းဖော်​သော​သူ​မူကား ဒုက္ခရောက်​လိမ့်မည်​။
21ဒုက္ခ​သည် အပြစ်သား​တို့​၏​နောက်​သို့ လိုက်​တတ်​၏​။
ဖြောင့်မတ်​သော​သူ​တို့​မူကား ကောင်း​သော​ဆုလာဘ်​ကို​ရရှိ​လိမ့်မည်​။
22သူတော်ကောင်း​သည် သားမြေး​တို့​အတွက် အမွေ​ကို​ချန်ထား​တတ်​၏​။
အပြစ်ပြု​သော​သူ​၏​ဥစ္စာပစ္စည်း​မူကား ဖြောင့်မတ်​သော​သူ​အတွက် သိုမှီး​ထား​ခြင်း​ခံရ​၏​။
23ဆင်းရဲ​သော​သူ​တီ​သော​လယ်မြေ​သည် များစွာ​သော​အစားအစာ​ကို ဖြစ်ထွန်း​စေ​တတ်​၏​။
သို့သော် မတရားမှု​ကြောင့် ဖျက်ဆီး​ခြင်း​ခံရ​တတ်​၏​။
24ကြိမ်လုံး​ကို​မသုံး​သော​သူ​သည် မိမိ​သား​ကို​မုန်း​သော​သူ​ဖြစ်​၏​။
သား​ကို​ချစ်​သော​သူ​မူကား သူ့​ကို​ကြိုးစား​၍​ဆုံးမပဲ့ပြင်​တတ်​၏​။
25ဖြောင့်မတ်​သော​သူ​သည် မိမိ​စိတ်ဆန္ဒ ပြည့်စုံကြွယ်ဝ​သည့်​တိုင်အောင် စား​ရ​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​ဝမ်း​မူကား ဟာ​နေ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in