YouVersion Logo
Search Icon

သုတ္တံကျမ်း 12

12
1ဆုံးမပဲ့ပြင်​ခြင်း​ကို​နှစ်သက်​သော​သူ​သည် အသိပညာ​ကို​နှစ်သက်​သော​သူ​ဖြစ်​၏​။
ဆိုဆုံးမ​ခြင်း​ကို​မုန်း​သော​သူ​မူကား အသိတရားမဲ့​သော​သူ​ဖြစ်​၏​။
2သူတော်ကောင်း​သည် ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​လိမ့်မည်​။
ကောက်ကျစ်​သော​ဉာဏ်​ရှိ​သော​သူ​မူကား အပြစ်စီရင်​ခြင်း​ခံရ​လိမ့်မည်​။
3လူ​သည် ဆိုးယုတ်မှု​အားဖြင့် မ​တည်မြဲ​နိုင်​ရာ​။
ဖြောင့်မတ်​သော​သူ​တို့​၏​အမြစ်​မူကား မ​ရွေ့​ရာ​။
4စွမ်းရည်​နှင့်​ပြည့်စုံ​သော​မယား​သည် မိမိ​ခင်ပွန်း​၏​သရဖူ​ဖြစ်​၏​။
အရှက်ကွဲ​စေ​သော​မယား​မူကား ခင်ပွန်း​၏​အရိုး​ထဲမှ ဆွေးမြည့်​သော​အရာ​ကဲ့သို့​ဖြစ်​၏​။
5ဖြောင့်မတ်​သော​သူ​တို့​၏​အကြံအစည်​တို့​သည် တရားမျှတ​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​လမ်းညွှန်​မှု​တို့​သည် လိမ်လည်လှည့်ဖြား​ခြင်း​ဖြစ်​၏​။
6ဆိုးယုတ်​သော​သူ​တို့​၏​စကား​သည် လူ​ကို​သတ်ဖြတ်​ရန် ချောင်းမြောင်း​တတ်​၏​။
ဖြောင့်မှန်​သော​သူ​တို့​၏​နှုတ်​မူကား လူ​တို့​ကို​ကယ်နုတ်​တတ်​၏​။
7ဆိုးယုတ်​သော​သူ​တို့​သည် ဖြိုလှဲ​ခြင်း​ခံရ​၍ ပျောက်ကွယ်​သွား​ကြ​၏​။
ဖြောင့်မတ်​သော​သူ​တို့​၏​အိမ်​မူကား တည်မြဲ​လိမ့်မည်​။
8လူ​သည် မိမိ​၏​ဉာဏ်စွမ်း​နှင့်အညီ ချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။
ကောက်​သော​စိတ်သဘော​ရှိ​သူ​မူကား မထီမဲ့မြင်ပြု​ခြင်း​ခံရ​လိမ့်မည်​။
9ဂုဏ်နိမ့်​သော်လည်း အစေအပါး​ရှိ​သော​သူ​သည်
ဂုဏ်ဖော်ဝါကြွား​သော်လည်း စားစရာ​မ​ရှိ​သော​သူ​ထက် ပို၍​ကောင်း​၏​။
10ဖြောင့်မတ်​သော​သူ​သည် မိမိ​တိရစ္ဆာန်​၏​အသက်​ကို ဂရုစိုက်​တတ်​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​သနားစုံမက်​ခြင်း​မူကား ရက်စက်မှု​ဖြစ်​၏​။
11မိမိ​မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​သည် အစားအစာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။
အချည်းနှီး​သော​အရာ​များ​နောက်​သို့ လိုက်​သော​သူ​မူကား အသိစိတ်​မ​ရှိ​။
12ဆိုးယုတ်​သော​သူ​သည် မကောင်းမှု​ပြု​သော​သူ​တို့ သုံး​သော​ထောင်ပိုက်​ကို တပ်မက်​ကြ​၏​။
ဖြောင့်မတ်​သော​သူ​တို့​၏​အမြစ်​မူကား ရှင်သန်သီးပွင့်​လိမ့်မည်​။
13မကောင်းမှု​ပြု​သော​သူ​သည် မိမိ​နှုတ်​ကျူးလွန်​သော​အပြစ်​အားဖြင့် ထောင်ချောက်​မိ​တတ်​၏​။
ဖြောင့်မတ်​သော​သူ​မူကား ဆင်းရဲဒုက္ခ​ထဲမှ လွတ်မြောက်​တတ်​၏​။
14လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​အားဖြင့် ကောင်း​သော​အရာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။
သူ့​လက်​၏​လုပ်ဆောင်မှု​သည်​လည်း သူ့​ထံသို့​ပြန်လာ​လိမ့်မည်​။
15ဆိုးမိုက်​သော​သူ​သည် မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို မှန်​သည်​ဟု ထင်မြင်​တတ်​၏​။
ပညာရှိ​သော​သူ​မူကား အကြံဉာဏ်​ကို​နားထောင်​တတ်​၏​။
16ဆိုးမိုက်​သော​သူ​သည် မိမိ​၏​အမျက်​ဒေါသ​ကို ချက်ချင်း​ထင်ရှား​စေ​တတ်​၏​။
ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​မူကား အရှက်ခွဲ​ခံရ​ခြင်း​ကို​ပင် ဥပေက္ခာပြု​၏​။
17ဖြောင့်မတ်​စွာ​ပြောဆို​သော​သူ​သည် သစ္စာစကား​ကို​ထွက်ဆို​တတ်​၏​။
မုသား​သက်သေ​မူကား လိမ်လည်လှည့်ဖြား​သော​စကား​ကို​ထွက်ဆို​တတ်​၏​။
18ဓား​နှင့်​ထိုး​သကဲ့သို့ မဆင်မခြင်​ပြောဆို​တတ်​သော​သူ​ရှိ​၏​။
ပညာရှိ​သော​သူ​တို့​၏​စကား​မူကား ဒဏ်ရာဒဏ်ချက်​ကို ပျောက်ကင်း​စေ​တတ်​၏​။
19မှန်ကန်​သော​နှုတ်ခမ်း​သည် ထာဝစဉ်​တည်မြဲ​၏​။
မုသားသုံး​သော​လျှာ​မူကား တစ်ခဏ​မျှသာ​တည်​၏​။
20မကောင်းမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​၏ စိတ်နှလုံး​ထဲ၌ လိမ်လည်လှည့်ဖြား​ခြင်း​ရှိ​၏​။
ငြိမ်းချမ်းရေး​အတွက် အားပေး​လှုံ့ဆော်​သော​သူ​တို့​၌​ကား ဝမ်းမြောက်​ခြင်း​ရှိ​၏​။
21ဖြောင့်မတ်​သော​သူ​အပေါ် မည်သည့်​အမင်္ဂလာ​မျှ​ကျရောက်​လိမ့်မည်​မ​ဟုတ်​။
ဆိုးယုတ်​သော​သူ​တို့​မူကား ဒုက္ခ​နှင့်​ပြည့်ဝ​ကြ​၏​။
22မုသား​နှုတ်ခမ်း​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
သစ္စာရှိ​စွာ​ပြုကျင့်​သော​သူ​တို့​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။
23ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် အသိပညာ​ကို ဖုံးကွယ်​ထား​တတ်​၏​။
မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား မိုက်မဲမှု​ကို​ကြေညာ​တတ်​၏​။
24ဝီရိယ​ရှိ​သော​သူ​၏​လက်​သည် အုပ်စိုး​ရ​လိမ့်မည်​။
လုံ့လနည်း​သော​သူ​မူကား အတင်းအကျပ်​စေခိုင်း​ခြင်း​ခံရ​လိမ့်မည်​။
25လူ​၏​စိတ်နှလုံး​တွင်​ရှိ​သော​စိုးရိမ်ပူပန်​ခြင်း​သည် သူ့​ကို​ညှိုးငယ်​စေ​တတ်​၏​။
ကောင်း​သော​စကား​မူကား သူ့​ကို​ဝမ်းမြောက်​စေ​တတ်​၏​။
26ဖြောင့်မတ်​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို လမ်းပြ​တတ်​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​မူကား သူ​တို့​ကို​ပင် မှားယွင်း​စေ​တတ်​၏​။
27လုံ့လနည်း​သော​သူ​သည် မိမိ​လိုက်​သော​သားကောင်​ကို ကင်​၍​မ​စား​ရ​။
ဝီရိယ​ရှိ​သော​သူ​မူကား အဖိုးတန်​သော​စည်းစိမ်ဥစ္စာ​ကို​ရ​တတ်​၏​။
28ဖြောင့်မတ်​သော​လမ်း​၌​အသက်ရှင်​ခြင်း​ရှိ​၍
ထို​လမ်းခရီး​တစ်လျှောက်​၌ သေ​ခြင်း​မ​ရှိ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy