YouVersion Logo
Search Icon

သုတ္တံကျမ်း 14

14
1ပညာရှိ​သော​မိန်းမ​သည် မိမိ​အိမ်​ကို​တည်ဆောက်​တတ်​၏​။
မိုက်မဲ​သော​မိန်းမ​မူကား ၎င်း​ကို မိမိ​လက်​ဖြင့် ဖြိုဖျက်​တတ်​၏​။
2ဖြောင့်မှန်​စွာ​လျှောက်လှမ်း​သော​သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​တတ်​၏​။
သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​မူကား
ကိုယ်တော်​ကို​မထီမဲ့မြင်ပြု​တတ်​၏​။
3ဆိုးမိုက်​သော​သူ​၏​နှုတ်​တွင် မာန်မာန​အတက်​ပေါက်​လျက်​ရှိ​၏​။
ပညာရှိ​သော​သူ​တို့​၏​နှုတ်ခမ်း​မူကား သူ​တို့​ကို​စောင့်ရှောက်​လိမ့်မည်​။
4နွား​မ​ရှိ​လျှင် တင်းကုပ်​သည် သန့်ရှင်း​၏​။
သို့သော် နွား​၏​ခွန်အား​ဖြင့် များစွာ​သော​အသီးအနှံ​တို့​ကို​ရရှိ​၏​။
5သစ္စာရှိ​သော​သက်သေ​သည် လိမ်လည်​ခြင်း​မ​ပြု​။
မုသား​သက်သေ​မူကား လိမ်လည်​ထွက်ဆို​တတ်​၏​။
6ပြက်ရယ်​ပြု​တတ်​သော​သူ​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​သော်လည်း မ​တွေ့​ပေ​။
အသိဉာဏ်​ရှိ​သော​သူ​မူကား အသိပညာ​ကို​ရ​လွယ်​၏​။
7မိုက်မဲ​သော​သူ​၏​ရှေ့မှောက်​မှ ထွက်သွား​လော့​။
အကြောင်းမူကား သူ့​ထံမှ အသိပညာ​စကား​ကို သင်​ရရှိ​မည်​မ​ဟုတ်​။
8ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​၏​ဉာဏ်ပညာ​မှာ မိမိ​လမ်း​ကို​သိရှိနားလည်​ခြင်း​ဖြစ်​၏​။
မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား လိမ်လည်လှည့်ဖြား​ခြင်း​ဖြစ်​၏​။
9ဆိုးမိုက်​သော​သူ​တို့​သည် ဒုစရိုက်ဖြေရာယဇ်​ကို ပြက်ရယ်​ပြု​တတ်​ကြ​၏​။
ဖြောင့်မှန်​သော​သူ​တို့​ကြား​၌​ကား နှစ်သက်​လက်ခံ​ခြင်း​ရှိ​၏​။
10စိတ်နှလုံး​သည် မိမိ​၏​နာကြည်း​ခြင်း​ကို မိမိ​သိ​၏​။
မိမိ​၏​ဝမ်းမြောက်​ခြင်း​ကို​လည်း အခြား​မည်သူ​က​မျှ ဝင်ရောက်​ခံစား​၍​မ​ရ​ပေ​။
11ဆိုးယုတ်​သော​သူ​တို့​၏​အိမ်​သည် ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​။
ဖြောင့်မှန်​သော​သူ​တို့​၏​တဲ​မူကား ပွင့်လန်းဝေဆာ​လိမ့်မည်​။
12လူ့​အမြင်​၌ မှန်​သော​လမ်း​ဖြစ်​သော်လည်း
အဆုံး​၌ သေ​ခြင်း​သို့​ရောက်​စေ​သော​လမ်း​ရှိ​၏​။
13ရယ်မော​လျက်​နေ​စဉ်ပင် စိတ်နှလုံး​သည် နာကျင်​နေ​တတ်​၏​။
ဝမ်းမြောက်​ခြင်း​၏​အဆုံး​၌​လည်း ပူဆွေးခြင်း​ရှိ​တတ်​၏​။
14စိတ်သဘော​ဖောက်ပြန်​သော​သူ​သည် မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​များ​နှင့် ဝအီ​လိမ့်မည်​။
သူတော်ကောင်း​မူကား မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​လိမ့်မည်​။
15အသိဉာဏ်​နည်းပါး​သော​သူ​သည် အရာ​အားလုံး​ကို​ယုံ​တတ်​၏​။
ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​မူကား မိမိ​၏​ခြေလှမ်း​ကို ဆင်ခြင်သုံးသပ်​တတ်​၏​။
16ပညာရှိ​သော​သူ​သည် ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​တတ်​၏​။
မိုက်မဲ​သော​သူ​မူကား ချုပ်တည်း​မှု​ကင်းမဲ့​၍ အတင့်ရဲ​တတ်​၏​။
17စိတ်တို​သော​သူ​သည် မိုက်မဲ​သော​အမှု​ကို​ပြု​တတ်​၏​။
ကောက်ကျစ်​သော​ဉာဏ်​ရှိ​သော​သူ​သည်​လည်း အမုန်းခံရ​လိမ့်မည်​။
18အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိုက်မဲမှု​ကို​အမွေဆက်ခံ​ရ​ကြ​၏​။
ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​တို့​မူကား အသိပညာ​သရဖူ​ကို​ဆောင်း​ရ​ကြ​၏​။
19မကောင်းမှု​ပြု​သော​သူ​တို့​သည် သူတော်ကောင်း​တို့​၏​ရှေ့​၌​လည်းကောင်း​၊
ဆိုးယုတ်​သော​သူ​တို့​သည် ဖြောင့်မတ်​သော​သူ​၏ တံခါးဝ​၌​လည်းကောင်း
ဦးညွှတ်​ကြ​ရ​၏​။
20ဆင်းရဲ​သော​သူ​သည် မိမိ​အိမ်နီးချင်း​၏​မုန်းတီး​ခြင်း​ကို​ပင်​ခံရ​၏​။
ချမ်းသာ​သော​သူ​မူကား ချစ်ခင်​သူ​များ​၏​။
21မိမိ​၏​အိမ်နီးချင်း​ကို မထီမဲ့မြင်ပြု​သော​သူ​သည် အပြစ်ပြု​သော​သူ​ဖြစ်​၏​။
ဆင်းရဲချို့တဲ့​သော​သူ​တို့​ကို သနား​သော​သူ​မူကား မင်္ဂလာ​ရှိ​၏​။
22မကောင်းမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​သည်
လမ်းလွဲ​သွား​ကြ​သည်​မ​ဟုတ်​လော​။
ကောင်း​သော​အမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​မူကား
မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို တွေ့ရှိ​ကြ​လိမ့်မည်​။
23ခက်ခဲပင်ပန်း​သော​အလုပ်​ရှိသမျှ​တို့​၌ အကျိုးအမြတ်​ရှိ​၏​။
အပြော​သက်သက်​မူကား ချို့တဲ့​နွမ်းပါး​ခြင်း​ကို​သာ​ဖြစ်​စေ​၏​။
24ပညာရှိ​သော​သူ​တို့​၏​သရဖူ​သည် သူ​တို့​၏​ဓနဥစ္စာ​ဖြစ်​၏​။
မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား မိုက်မဲမှု​ဖြစ်​၏​။
25မှန်ကန်​သော​သက်သေ​သည် အသက်​ကို​ကယ်နုတ်​တတ်​၏​။
လိမ်လည်​ထွက်ဆို​သော​သူ​မူကား လိမ်လည်လှည့်ဖြား​တတ်​၏​။
26ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​၌ တန်ခိုးကြီး​သော​ကိုးစား​ရာ​ရှိ​၍
၎င်း​သည် သူ​၏​သားသမီး​တို့​အတွက် ခိုလှုံ​ရာ​ဖြစ်​လိမ့်မည်​။
27ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်​စမ်းရေတွင်း​ဖြစ်​၍
သေ​ခြင်း​၏​ထောင်ချောက်​များ​မှ ဖယ်ခွာ​စေ​တတ်​၏​။
28ပြည်သူပြည်သား​များပြားခြင်း​သည် ရှင်ဘုရင်​အတွက် အသရေ​ဖြစ်​၏​။
တိုင်းသူပြည်သား​မ​ရှိ​ခြင်း​မူကား အုပ်ချုပ်သူ​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။
29စိတ်ရှည်​သော​သူ​၌ ကြီးမား​သော​ထိုးထွင်းဉာဏ်​ရှိ​၏​။
စိတ်တို​သော​သူ​မူကား မိုက်မဲမှု​ကို​ချီးမြှောက်​တတ်​၏​။
30တည်ငြိမ်​သော​စိတ်နှလုံး​သည် ကိုယ်ခန္ဓာ​၏​အသက်​ဖြစ်​၏​။
မနာလိုဝန်တို​ခြင်း​မူကား အရိုး​တို့​ကို​ဆွေးမြည့်​စေ​တတ်​၏​။
31ဆင်းရဲ​သော​သူ​ကို နှိပ်စက်​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။
နွမ်းပါး​သော​သူ​ကို သနား​သော​သူ​မူကား ကိုယ်တော်​ကို ရိုသေလေးမြတ်​သော​သူ​ဖြစ်​၏​။
32ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။
ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။
33ဉာဏ်ပညာ​သည် အသိဉာဏ်​ရှိ​သော​သူ​၏ စိတ်နှလုံး​ထဲ၌ ကိန်းဝပ်​၍
မိုက်မဲ​သော​သူ​တို့​၏​အလယ်​၌​ပင် ကိုယ့်ကိုယ်ကိုယ်​ဖော်ပြ​တတ်​၏​။
34ဖြောင့်မတ်​ခြင်း​သည် တိုင်းပြည်​ကို​ချီးမြှောက်​တတ်​၏​။
အပြစ်​မူကား တိုင်းသူပြည်သား​တို့​ကို အရှက်ကွဲ​စေ​တတ်​၏​။
35ပညာသတိ​ရှိ​သော​အစေအပါး​ကို ရှင်ဘုရင်​နှစ်သက်​တတ်​၏​။
အရှက်ကွဲ​စေ​သော​သူ​အပေါ်​၌​မူကား အမျက်​တော်​သက်ရောက်​တတ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in