ဝတ်ပြုရာကျမ်း 8
8
အာရုန်နှင့်သူ့သားတို့ကို ဘိသိက်ပေးခြင်း
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“အာရုန်နှင့်သူ၏သားများ၊ အဝတ်တန်ဆာများ၊ ဘိသိက်ဆီ၊ အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တောင်းကို ယူဆောင်လာပြီး 3လူထုအပေါင်းတို့ကိုလည်း တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေလော့”ဟု မိန့်တော်မူ၏။ 4မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြု၏။ လူထုတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးလာစေ၏။ 5ထိုအခါ မောရှေက လူထုတို့အား “ဤအမှုကို လုပ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူပြီ”ဟု ဆို၏။
6ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်နှင့်သူ၏သားတို့ကိုခေါ်ဆောင်လာ၍ သူတို့ကို ရေဖြင့် ဆေးကြောပေးပြီးလျှင် 7အာရုန်အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ဝတ်လုံဝတ်ပေးပြီး ဧဖုဒ်#8:7 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။ဆင်ပေး၏။ ဧဖုဒ်#8:7 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။၏ခါးပတ်ပြားကိုစည်းပေး၍ ခါးပတ်ပြားကို ဧဖုဒ်နှင့် တွဲချည်ပေး၏။ 8ရင်ခံပြားကိုဝတ်ဆင်ပေး၍ ရင်ခံပြားထဲ၌ ဥရိမ်နှင့်သုမိမ်ကိုထည့်ထားပေး၏။ 9ခေါင်းပေါ်၌ ခေါင်းပေါင်းကိုဆောင်းပေး၍ သန့်ရှင်းသောရွှေစင်ပြားသရဖူကို ခေါင်းပေါင်းရှေ့ဘက်ခြမ်း၌ တပ်ပေး၏။
10ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် အထဲရှိအရာအားလုံးကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ 11ဘိသိက်ဆီအချို့ကို ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှ၊ အင်တုံနှင့်အင်တုံ၏ခြေတိုင်တို့ကို သန့်ရှင်းစေရန် ဘိသိက်သွန်း၏။ 12ဘိသိက်ဆီအချို့ကို အာရုန်၏ခေါင်းပေါ်၌ လောင်း၍ သူ့ကိုသန့်ရှင်းစေရန် ဘိသိက်ပေးလေ၏။ 13မောရှေသည် အာရုန်၏သားတို့ကိုလည်း ခေါ်ဆောင်လာ၍ သူတို့အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ခေါင်းပေါင်းကိုလည်း ပေါင်းပေး၏။
14ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်ကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီး၏ခေါင်းပေါ်၌ တင်ကြ၏။ 15မောရှေသည် နွားကိုသတ်ပြီးသည့်နောက် သွေးကိုယူပြီး သူ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်း၍ ယဇ်ပလ္လင်ကိုသန့်စင်စေပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းခြင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုနိုင်ရန် ယဇ်ပလ္လင်ကိုသန့်ရှင်းစေ၏။ 16အူ၌ရှိသည့်အဆီအားလုံး၊ အသည်းအဆီပျဉ်၊ ကျောက်ကပ်နှစ်ခုနှင့်ကျောက်ကပ်တို့၏အဆီကို ယူ၍ မောရှေသည် ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ 17ထိုနွားနှင့်အတူ အရေခွံ၊ အသား၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်၏။
18ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မီးရှို့ရာယဇ်ဖြစ်သောသိုးထီးကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။ 19မောရှေသည် သိုးထီးကိုသတ်ပြီးလျှင် သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်း၏။ 20မောရှေသည် သိုးထီးကို အပိုင်းပိုင်းခုတ်ဖြတ်၍ ခုတ်ဖြတ်ထားသောအပိုင်းများနှင့်အတူ ဦးခေါင်းနှင့်အဆီတို့ကို ရှို့၏။ 21မောရှေသည် အူနှင့်ခြေထောက်ကိုလည်း ရေဖြင့်ဆေးကြော၍ သိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သော မွှေးကြိုင်သောရနံ့ဖြစ်သည့်မီးရှို့ရာယဇ်ဖြစ်၏။
22ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း နောက်သိုးထီးတစ်ကောင်ဖြစ်သည့် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးကို ယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။ 23မောရှေသည် သိုးထီးကိုသတ်ပြီးလျှင် သွေးအချို့ကိုယူ၍ အာရုန်၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်း၏။ 24မောရှေသည် အာရုန်၏သားတို့ကိုလည်းခေါ်ဆောင်လာ၍ သွေးအချို့ဖြင့် သူတို့၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ ယာဘက်လက်မနှင့်ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်း၏။ ထို့နောက် မောရှေသည် ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌လည်း သွေးကိုဖျန်း၏။ 25အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူ၌ရှိသောအဆီအားလုံးကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့၏အဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း၊ 26ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ ဆီရောသောမုန့်ကွင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခု စသည်တို့ကိုယူ၍ အဆီနှင့်ယာဘက်ပေါင်ပေါ်၌ တင်၏။ 27ထို့နောက် ထိုအရာအားလုံးကို အာရုန်နှင့် သူ့သားတို့၏လက်ထဲသို့ ထည့်ပေး၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲကြ၏။ 28ထို့နောက် မောရှေသည် ထိုအရာတို့ကို သူတို့၏လက်ထဲမှယူ၍ ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သော အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်ဖြစ်၏။ 29မောရှေသည် ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲ၏။ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံသည် မောရှေအတွက် ဝေစုဖြစ်၏။
30မောရှေသည် ဘိသိက်ဆီအချို့နှင့် ယဇ်ပလ္လင်ပေါ်ရှိသွေးအချို့ကိုယူ၍ အာရုန်နှင့်သူ၏အဝတ်တန်ဆာ၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာ တို့အပေါ်၌ ဖျန်း၏။ ဤသို့ဖြင့် အာရုန်နှင့်သူ၏အဝတ်တန်ဆာ၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာ တို့ကိုသန့်ရှင်းစေ၏။
31ထို့နောက် မောရှေက အာရုန်နှင့်သူ၏သားတို့အား “အသားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပြုတ်ကြလော့။ ‘အာရုန်နှင့်သူ၏သားတို့သည် ထိုအသားကိုစားရမည်’ဟု မိန့်မှာထားတော်မူသည်နှင့်အညီ သင်တို့သည် ထိုအသားကို အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာတောင်းထဲရှိမုန့်နှင့်အတူ ထိုနေရာ၌ စားရမည်။ 32ကြွင်းကျန်သောအသားနှင့်မုန့်ကို မီးရှို့ပစ်ရမည်။ 33သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာပွဲသည် ခုနစ်ရက်ဖြစ်၍ သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာနေ့ရက်မပြည့်မချင်း ခုနစ်ရက်ပတ်လုံး တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝမှ မထွက်ရ။ 34ဤနေ့ရက်၌ပြုသည့်နည်းတူ သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့၏။ 35သင်တို့ မသေရမည့်အကြောင်း ခုနစ်ရက်ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌နေ၍ ထာဝရဘုရားညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရမည်ဟု ငါ့အား ထိုသို့မိန့်မှာတော်မူခဲ့၏”ဟု ဆိုလေ၏။ 36အာရုန်နှင့်သူ၏သားတို့သည် မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သောအရာရှိသမျှတို့ကို လုပ်ဆောင်ကြလေ၏။
Currently Selected:
ဝတ်ပြုရာကျမ်း 8: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative