YouVersion Logo
Search Icon

ဝတ်ပြုရာကျမ်း 7

7
အပြစ်ဒဏ်ဖြေရာယဇ်
1အပြစ်ဒဏ်ဖြေရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အပြစ်ဒဏ်​ဖြေ​ရာ​ယဇ်​သည် အလွန်​သန့်ရှင်း​၏​။ 2အပြစ်ဒဏ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ သတ်​၍ သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။ 3အမြီးပိုင်း​အဆီ​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​နှင့်တကွ 4ခါး​အောက်ပိုင်း​ရှိ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​စသော ယဇ်ကောင်​၏​အဆီ​အားလုံး​ကို ပူဇော်​ရ​မည်​။ 5၎င်း​တို့​ကို ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပုရောဟိတ်​သည် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ဤသည်ကား အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​၏​။ 6ယဇ်ပုရောဟိတ်​ဖြစ်​သော​ယောက်ျား​တိုင်း ယဇ်ကောင်​အသား​ကို​စား​ခွင့်​ရှိ​၏​။ သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ ဤ​ယဇ်​သည် အထူး​သန့်ရှင်း​သော​ယဇ်​ဖြစ်​၏​။ 7အပြစ်ဒဏ်ဖြေရာယဇ်​သည် အပြစ်ဖြေရာယဇ်​ကဲ့သို့ပင်​ဖြစ်ပြီး ၎င်း​တို့​နှင့်ဆိုင်သော​တရား​သည် တစ်ပါးတည်း​ဖြစ်​၏​။ ယဇ်ကောင်​ဖြင့် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်ကောင်​ကို ပိုင်​၏​။ 8ယဇ်ပုရောဟိတ်​သည် တစ်စုံတစ်ဦး​အတွက် မီးရှို့ရာယဇ်​ကို ပူဇော်​ပေး​လျှင် ထို​ယဇ်ပုရောဟိတ်​သည် သူ​ပူဇော်​ပေး​သော​မီးရှို့ရာယဇ်ကောင်​၏​သားရေ​ကို ပိုင်​၏​။ 9မီးဖို​ထဲ၌​ဖုတ်​သော​ဘောဇဉ်ပူဇော်သက္ကာ​ရှိသမျှ​နှင့် အိုးကင်း​၊ ဒယ်ပြား​ဖြင့်​လုပ်​သော​မုန့်​အားလုံး​ကို ဘောဇဉ်ပူဇော်သက္ကာ​ပူဇော်​ပေး​သော​ယဇ်ပုရောဟိတ်​သည် ပိုင်​၏​။ 10ဆီ​ဖြင့်​ရော​သည်​ဖြစ်စေ​၊ မရော​သည်​ဖြစ်စေ ဘောဇဉ်ပူဇော်သက္ကာ​ရှိသမျှ​ကို အာရုန်​၏​သား​အပေါင်း​တို့ ညီတူညီမျှ ပိုင်​၏​။
မိတ်သဟာယယဇ်
11ထာဝရဘုရား​အား ပူဇော်​သည့် မိတ်သဟာယယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ 12မိတ်သဟာယယဇ်​ကို ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက် ပူဇော်​လို​လျှင် ကျေးဇူးတော်​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​နှင့်အတူ ဆီ​နှင့်​ရော​သော​တဆေးမဲ့​မုန့်ဝိုင်း​၊ ဆီ​နှင့်​လူး​သော​တဆေးမဲ့​မုန့်ကြွပ်​၊ အကောင်းဆုံး​ဂျုံမှုန့်​ကို​ဆီ​နှင့်​နယ်​၍ လုပ်​ထား​သော​မုန့်ဝိုင်း​ကို ပူဇော်​ရ​မည်​။ 13ထို့ပြင် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက် မိတ်သဟာယယဇ်​နှင့်အတူ တဆေးပါ​သော​မုန့်ဝိုင်း​ကို​လည်း ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ 14ထို​ပူဇော်သက္ကာ​မုန့်​တစ်မျိုးစီ​ထဲမှ တစ်ခုစီ​ကို ထာဝရဘုရား​အဖို့ ချီမြှောက်​ရာ​အလှူပစ္စည်း​အဖြစ် ပူဇော်​ရ​မည်​။ ထို​မုန့်​တို့​ကို မိတ်သဟာယယဇ်ကောင်​၏​သွေး​ကို​ဖျန်း​သော​ယဇ်ပုရောဟိတ်​သည် ပိုင်​၏​။ 15ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက်​ပူဇော်​သော မိတ်သဟာယယဇ်​အသား​ကို ပူဇော်​သော​နေ့​၌ပင် စား​ရ​မည်​။ ထို​အသား​ကို နံနက်​တိုင်အောင် မ​ချန်ထား​ရ​။
16ကတိသစ္စာ​ပြု​ခြင်း​အတွက်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​ခြင်း​အတွက် ပူဇော်​သော​ယဇ်​ဖြစ်လျှင် ထို​ယဇ်ကောင်​ကို ပူဇော်​သော​နေ့​၌ စား​ရ​မည်​။ အကျန်​ကို နောက်တစ်နေ့​၌​လည်း စား​ခွင့်​ရှိ​၏​။ 17သုံး​ရက်​မြောက်​သော​နေ့​၌ ထို​ယဇ်ကောင်​၏​ကျန်​သော​အသား​ကို မီး​ရှို့​ပစ်​ရ​မည်​။ 18သုံး​ရက်​မြောက်​သော​နေ့​၌ မိတ်သဟာယယဇ်​အသား​ကို အနည်းငယ်​မျှပင်​စား​မိ​လျှင် ထို​ယဇ်​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ပူဇော်​သော​သူ​ကို​လည်း အသိအမှတ်​ပြု​မည်​မ​ဟုတ်​။ ထို​ယဇ်​သည် ရွံရှာဖွယ်​ဖြစ်​၏​။ ၎င်း​ကို​စား​မိ​သော​သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။
19မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​နှင့်​ထိမိ​သော​အသား​ကို မ​စား​ရ​။ မီး​ရှို့​ပစ်​ရ​မည်​။ သန့်ရှင်း​သော​အသား​ကို စင်ကြယ်​သော​သူ​တိုင်း စား​ခွင့်​ရှိ​၏​။ 20တစ်စုံတစ်ဦး​သည် မိမိ​ကိုယ်​ပေါ်၌ အညစ်အကြေး​ရှိ​လျက်​နှင့် ထာဝရဘုရား​အား ပူဇော်​သော​မိတ်သဟာယယဇ်ကောင်​၏​အသား​ကို​စား​လျှင် ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ 21တစ်စုံတစ်ဦး​သည် လူ​၏​အညစ်အကြေး​ကို​ဖြစ်စေ​၊ မစင်ကြယ်​သော​တိရစ္ဆာန်​ကို​ဖြစ်စေ​၊ မစင်ကြယ်​သော​ရွံရှာဖွယ်​ရာ တစ်စုံတစ်ခု​ကို​ဖြစ်စေ မစင်ကြယ်​သော​မည်သည့်​အရာ​ကို​မ​ဆို ထိမိ​ပြီး ထာဝရဘုရား​အဖို့ ပူဇော်​သော​မိတ်သဟာယယဇ်ကောင်​၏​အသား​ကို​စား​လျှင် ထို​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။
အဆီ၊ အသွေးဆိုင်ရာတားမြစ်ချက်
22တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
23“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် နွား​၊ သိုး​၊ ဆိတ်​တို့​၏​အဆီ​မှန်သမျှ မ​စား​ရ​။ 24အလိုလို​သေ​သော​အကောင်​၏​အဆီ​၊ သားရဲ​ကိုက်သတ်​သော​အကောင်​၏​အဆီ​ကို တစ်စုံတစ်ရာ​အတွက်​အသုံး​ပြု​နိုင်​သော်လည်း လုံးဝ​မ​စား​ရ​။ 25တစ်စုံတစ်ဦး​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​တိရစ္ဆာန်​၏​အဆီ​ကို​စား​လျှင် စား​သော​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ 26သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ ငှက်​သွေး​ဖြစ်စေ​၊ တိရစ္ဆာန်​သွေး​ဖြစ်စေ မည်သည့်​သွေး​ကို​မျှ မ​စား​ရ​။ 27သွေး​တစ်မျိုးမျိုး​ကို​စား​သော​သူ​မှန်သမျှ မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။
ယဇ်ပုရောဟိတ်၏ဝေစု
28တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
29“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ကို ပူဇော်​သော​သူ​သည် မိမိ​၏​မိတ်သဟာယယဇ်​ထဲမှ ပူဇော်သက္ကာ​ကို ထာဝရဘုရား​ထံ ယူဆောင်​လာ​ရ​မည်​။ 30ထို​သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို မိမိ​လက်​ဖြင့်​ယူဆောင်​လာ​ရ​မည်​။ အဆီ​နှင့်တကွ​ရင်ပုံ​ကို ယူဆောင်​လာ​၍ ရင်ပုံ​ကို ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲ​ရ​မည်​။ 31ယဇ်ပုရောဟိတ်​သည် အဆီ​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ရင်ပုံ​သည် အာရုန်​နှင့်​သူ​၏​သား​တို့​အတွက်​ဖြစ်​၏​။ 32မိတ်သဟာယယဇ်ကောင်​၏​ယာဘက်​ပေါင်​ကို အလှူပစ္စည်း​အဖြစ် ယဇ်ပုရောဟိတ်​အား ပေး​ရ​မည်​။ 33ထို​ယာဘက်​ပေါင်​သည် မိတ်သဟာယယဇ်ကောင်​၏​သွေး​နှင့်​အဆီ​ကို​ပူဇော်​ပေး​သော အာရုန်​၏​သား​အတွက် ဝေစု​ဖြစ်​၏​။ 34အကြောင်းမူကား အစ္စရေး​အမျိုးသား​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် ငါ​သည် မိတ်သဟာယယဇ်​များ​ထဲမှ ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​နှင့် အလှူပစ္စည်း​ဖြစ်​သော​ယာဘက်​ပေါင်​ကို အစ္စရေး​အမျိုးသား​တို့​ထံမှ​ယူ​၍ ယဇ်ပုရောဟိတ်​အာရုန်​နှင့်​သူ​၏​သား​တို့​အား ပေး​ပြီ​”​ဟု မိန့်​တော်မူ​၏​။
35ဤ​ဝေစု​သည် ယဇ်ပုရောဟိတ်​အဖြစ် ထာဝရဘုရား​ထံ၌ အမှု​တော်​ကို​ဆောင်ရွက်​ရန် အာရုန်​နှင့်​သူ​၏​သား​တို့​ကို ခန့်အပ်​သော​နေ့​မှစ၍ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ထဲမှ အာရုန်​၏​ဝေစု​နှင့် သူ့​သား​တို့​၏​ဝေစု​ဖြစ်​၏​။ 36သူ​တို့​ကို ဘိသိက်ပေး​သော​နေ့​၌ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ထို​ဝေစု​ကို​ပေး​ရန် ထာဝရဘုရား မိန့်မှာ​တော်မူ​ခဲ့​၏​။ ၎င်း​သည် သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။
37ဤသည်ကား မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​၊ အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ယဇ်​နှင့် မိတ်သဟာယယဇ်​တို့​နှင့်ဆိုင်သော​တရား​ဖြစ်​၏​။ 38ထာဝရဘုရား​သည် သိနာ​တောကန္တာရ​၌ အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​အား ပူဇော်သက္ကာ​ကို ပူဇော်​ရ​မည်​ဟု မိန့်မှာ​တော်မူ​သော​နေ့​၌ပင် ထို​တရား​တို့​ကို မောရှေ​အား သိနာ​တောင်​ပေါ်၌ မိန့်​တော်မူ​ခဲ့​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in