ဝတ်ပြုရာကျမ်း 6
6
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“တစ်စုံတစ်ယောက်သည် အပ်နှံပစ္စည်း၊ အာမခံပစ္စည်း၊ လုယက်ယူသောပစ္စည်းတို့နှင့်ပတ်သက်၍ မိမိ၏အိမ်နီးချင်းကိုလှည့်စားခြင်းဖြင့်လည်းကောင်း၊ မိမိအိမ်နီးချင်းကို အနိုင်အထက်ပြုခြင်းဖြင့်လည်းကောင်း အပြစ်ပြု၍ ထာဝရဘုရားရှေ့တော်၌ မှားယွင်းမှုကိုပြုလျှင်၊ 3ပျောက်သောပစ္စည်းကို တွေ့ထားသော်လည်း ၎င်းနှင့်ပတ်သက်၍ လိမ်ညာခြင်းဖြင့်လည်းကောင်း၊ လူပြုသောအမှုတစ်စုံတစ်ခုနှင့်ပတ်သက်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းဖြင့်လည်းကောင်း ထိုသို့သောအမှုတို့ဖြင့်အပြစ်ပြုလျှင် 4သူသည် အပြစ်ပြု၍ အပြစ်သက်ရောက်သောကြောင့် လုယူထားသောပစ္စည်းကိုဖြစ်စေ၊ အနိုင်အထက်ပြုခြင်းဖြင့်ရယူထားသောပစ္စည်းကိုဖြစ်စေ၊ ယုံကြည်၍အပ်နှံထားသောပစ္စည်းကိုဖြစ်စေ၊ တွေ့ထားသည့်ပစ္စည်းကိုဖြစ်စေ ပြန်ပေးရမည်။ 5မဟုတ်မမှန်ကျိန်ဆိုထားသောအရာအားလုံးနှင့်ပတ်သက်၍ တန်ရာတန်ကြေးအလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်သောနေ့၌ပင် သက်ဆိုင်သူကို အလျော်ပေးရမည်။ 6သူသည် မိမိ၏အပြစ်ဒဏ်ဖြေရာယဇ်အတွက် သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားရှေ့တော် ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။ 7ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူ့အပေါ် အပြစ်သက်ရောက်စေသော သူကျူးလွန်ခဲ့သည့်အပြစ်အတွက် အပြစ်လွှတ်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
မီးရှို့ရာယဇ်
8တစ်ဖန် ထာဝရဘုရားက မောရှေအား
9“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ မီးရှို့ရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ မီးရှို့ရာယဇ်ကောင်ကို ယဇ်ပလ္လင်ပေါ်ရှိ မီးတောက်ပေါ်တွင် နံနက်တိုင်အောင် တစ်ညလုံးရှိစေ၍ ယဇ်ပလ္လင်၏မီးသည် တောက်လောင်လျက်နေရမည်။ 10ယဇ်ပုရောဟိတ်သည် ကိုယ်ပေါ်၌ ပိတ်ချောအင်္ကျီနှင့် ပိတ်ချောဘောင်းဘီကိုဝတ်၍ ယဇ်ပလ္လင်ပေါ်ရှိ မီးလောင်ကျွမ်းထားသည့်မီးရှို့ရာယဇ်၏ပြာပုံကို ထုတ်ယူပြီး ယဇ်ပလ္လင်၏ဘေး၌ ပုံထားရမည်။ 11ထို့နောက် သူသည် မိမိဝတ်ထားသောအဝတ်ကိုချွတ်၍ အခြားအဝတ်ကိုဝတ်ပြီးလျှင် ပြာပုံကို တပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ ယူဆောင်သွားရမည်။ 12ယဇ်ပလ္လင်ပေါ်မှမီးကို မငြိမ်းစေဘဲ တောက်လောင်လျက်နေစေရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ယဇ်ပလ္လင်ပေါ်၌ ထင်းမီးထိုး၍ မီးရှို့ရာယဇ်ကိုခင်းကျင်းပြီး ၎င်းပေါ်တွင် မိတ်သဟာယယဇ်နှင့်ဆိုင်သောအဆီကို ရှို့ရမည်။ 13ယဇ်ပလ္လင်ပေါ်မှမီးကို မငြိမ်းစေဘဲ အစဉ်မပြတ် တောက်လောင်လျက်နေစေရမည်။
ဘောဇဉ်ပူဇော်သက္ကာ
14ဘောဇဉ်ပူဇော်သက္ကာနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အာရုန်၏သားတို့သည် ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားရှေ့တော်၊ ယဇ်ပလ္လင်ရှေ့၌ ပူဇော်ရမည်။ 15ပူဇော်သက္ကာအမှတ်သညာအဖြစ် ဘောဇဉ်ပူဇော်သက္ကာပေါ်ရှိ လော်ဗန်ရှိသမျှနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာမှ အကောင်းဆုံးဂျုံမှုန့်နှင့်ဆီကို လက်တစ်ဆုပ်စာယူရမည်။ ၎င်းကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ 16ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာကို အာရုန်နှင့်သူ၏သားတို့ စားရမည်။ ၎င်းကို တဆေးမဲ့မုန့်ဖုတ်၍ သန့်ရှင်းသောနေရာ၌ စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်၏ဝင်းထဲ၌ပင် စားရမည်။ 17တဆေးထည့်၍ မဖုတ်ရ။ ငါ့အဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ ၎င်းကို သူတို့၏ဝေစုအဖြစ် ငါပေး၏။ ၎င်းသည် အပြစ်ဖြေရာယဇ်နှင့် အပြစ်ဒဏ်ဖြေရာယဇ်ကဲ့သို့ပင် အလွန်သန့်ရှင်း၏။ 18၎င်းကို အာရုန်၏သားမြေးတို့တွင် ယောက်ျားတိုင်း စားခွင့်ရှိ၏။ ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်နှင့်ပတ်သက်၍ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ ၎င်းတို့ကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်”ဟု မိန့်တော်မူ၏။
19တစ်ဖန် ထာဝရဘုရားက မောရှေအား
20“အာရုန်နှင့်သူ၏သားတို့သည် ဘိသိက်ခံသောနေ့၌ ထာဝရဘုရားအားပူဇော်ရမည့် ပူဇော်သက္ကာမှာ ဤသို့ဖြစ်၏။ အကောင်းဆုံးဂျုံမှုန့် တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ#6:20 “2.2 လီတာ”။ကို နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာအဖြစ် နံနက်အချိန်၌တစ်ဝက်၊ နေဝင်ချိန်၌တစ်ဝက် ပူဇော်ရမည်။ 21၎င်းကို ဒယ်ပြားတွင် ဆီဖြင့်နယ်ပြီး ယူလာရမည်။ ၎င်းကို တစ်စစီဖဲ့၍ ထိုဘောဇဉ်ပူဇော်သက္ကာအစအနများကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအားပူဇော်ရမည်။ 22အာရုန်၏သားမြေးများထဲမှ သူ၏အရိုက်အရာကိုဆက်ခံသော ဘိသိက်ခံယဇ်ပုရောဟိတ်သည် ထိုပူဇော်သက္ကာကိုပူဇော်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်ပြီး ထာဝရဘုရားအားပူဇော်သော ထိုပူဇော်သက္ကာကို အကုန်အစင်လောင်ကျွမ်းအောင် ရှို့ရမည်။ 23ယဇ်ပုရောဟိတ်ပူဇော်သမျှသော ဘောဇဉ်ပူဇော်သက္ကာသည် အကုန်အစင်လောင်ကျွမ်းရမည်။ ၎င်းကိုမစားရ”ဟု မိန့်တော်မူ၏။
အပြစ်ဖြေရာယဇ်
24တစ်ဖန် ထာဝရဘုရားက မောရှေအား
25“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ အပြစ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၊ ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ ဤယဇ်သည် အလွန်သန့်ရှင်းသောယဇ်ဖြစ်၏။ 26အပြစ်ဖြေရာယဇ်ကိုပူဇော်သောယဇ်ပုရောဟိတ်သည် ထိုယဇ်ကို စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ဝင်းအတွင်း သန့်ရှင်းသောနေရာ၌ စားရမည်။ 27ထိုယဇ်၏အသားကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။ ယဇ်ကောင်၏သွေးသည် အဝတ်ကိုစဉ်လျှင် သွေးစဉ်ထားသောအဝတ်ကို သန့်ရှင်းသောနေရာ၌ လျှော်ရမည်။ 28ထိုအသားပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ ကြေးနီအိုးဖြင့်ပြုတ်လျှင် အိုးကိုတိုက်ချွတ်၍ ရေဖြင့်ဆေးရမည်။ 29ယဇ်ပုရောဟိတ်ဖြစ်သောယောက်ျားတိုင်း ထိုအသားကိုစားခွင့်ရှိ၏။ ဤအပြစ်ဖြေရာယဇ်သည် အထူးသန့်ရှင်းသောယဇ်ဖြစ်၏။ 30မည်သည့်အပြစ်ဖြေရာယဇ်ကောင်မဆို ၎င်း၏သွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းပြုရန် တွေ့ဆုံစည်းဝေးရာတဲတော်တွင်းသို့ ယူဆောင်လာလျှင် ထိုယဇ်ကောင်၏အသားကို မစားရ။ မီးရှို့ပစ်ရမည်။
Currently Selected:
ဝတ်ပြုရာကျမ်း 6: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative