YouVersion Logo
Search Icon

ယောရှုမှတ်စာ 4

4
အထိမ်းအမှတ်ကျောက်တုံးများ
1လူ​အားလုံး ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ပြီး​သောအခါ ထာဝရဘုရား​က ယောရှု​အား 2“​အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ မျိုးနွယ်​တစ်နွယ်​လျှင်​တစ်ယောက်စီ​၊ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ခေါ်​၍ 3သူ​တို့​အား ‘​ယဇ်ပုရောဟိတ်​တို့​ခြေချ​သော​နေရာ ဂျော်ဒန်​မြစ်​အလယ်​မှ ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ယူ​၍ ထို​ကျောက်တုံး​တို့​ကို သယ်လာ​ပြီး ယနေ့ည သင်​တို့​စခန်းချ​မည့်​နေရာ​၌ ထား​လော့​’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။
4ယောရှု​က​လည်း မိမိ​ခန့်အပ်​ထား​သော​အစ္စရေး​အမျိုးသား​တို့​ထဲမှ မျိုးနွယ်​တစ်နွယ်​လျှင်​တစ်ယောက်စီ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ခေါ်​ပြီးလျှင် 5ယောရှု​က သူ​တို့​အား “​ဂျော်ဒန်​မြစ်​အလယ်​ရှိ သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​သို့ ကူးသွား​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်​အရေအတွက်​နှင့်အညီ တစ်​ယောက်​လျှင် ကျောက်တုံး​တစ်တုံးစီ​ကို​ယူ​၍ ထမ်းလာ​ကြ​လော့​။ 6ဤ​ကျောက်တုံး​တို့​သည် သင်​တို့​အတွက် အမှတ်သင်္ကေတ​ဖြစ်​လိမ့်မည်​။ နောင်ကာလ​၌ သင်​တို့​၏​သားမြေး​တို့​က ‘​ဤ​ကျောက်တုံး​များ​ကား မည်သည့်​အဓိပ္ပာယ် ဆောင်​သနည်း​’​ဟု မေးမြန်း​လျှင် 7သင်​တို့​က​လည်း ဂျော်ဒန်​မြစ်ရေ​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​၌ ရပ်တန့်​ခဲ့​၏​။ သေတ္တာ​တော်​နှင့် ဂျော်ဒန်​မြစ်​ကို​ကူး​သောအခါ ဂျော်ဒန်​မြစ်ရေ​သည် ရပ်တန့်​ခဲ့​၏​။ ဤ​ကျောက်တုံး​တို့​သည် ဤ​အဖြစ်​ကို အစ္စရေး​အမျိုးသား​တို့ အစဉ်​အမှတ်ရ​စေရန်​အတွက်​ဖြစ်​သည်​ဟု သူ​တို့​အား ပြောပြ​ရ​မည်​”​ဟု ဆို​လေ​၏​။
8အစ္စရေး​အမျိုးသား​တို့​က​လည်း ယောရှု​မိန့်မှာ​သည့်​အတိုင်း​ပြု​ကြ​၏​။ သူ​တို့​သည် ယောရှု​အား ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်​အရေအတွက်​နှင့်အညီ ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ဂျော်ဒန်​မြစ်​လယ်​မှ​ယူ​ပြီး မိမိ​တို့​စခန်းချ​သော​နေရာ​သို့​ထမ်းလာ​၍ ထို​နေရာ​၌​ထား​ကြ​၏​။ 9ယောရှု​သည် ပဋိညာဉ်​သေတ္တာ​ကို ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​ခြေချ​သော​နေရာ​ဖြစ်​သော ဂျော်ဒန်​မြစ်​အလယ်​၌ ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ချ​ထား​လေ​၏​။ ထို​ကျောက်တုံး​တို့​သည် ယနေ့​တိုင်အောင် ထို​နေရာ​၌​ရှိ​၏​။
10ယောရှု​အား မောရှေ​မိန့်မှာ​ခဲ့​သည်​နှင့်အညီ​၊ ထာဝရဘုရား​က ယောရှု​အား လူ​တို့​ကို​ဆင့်ဆို​စေ​သည့်​အတိုင်း လုပ်ဆောင်​ပြီး​သည်​အထိ သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​၌ ရပ်​နေ​ကြ​၏​။ လူ​တို့​သည်​လည်း အလျင်အမြန်​ကူးသွား​ကြ​၏​။ 11လူ​အပေါင်း​တို့​ကူး​ပြီး​သောအခါ ထာဝရဘုရား​၏​သေတ္တာ​တော်​နှင့်တကွ ယဇ်ပုရောဟိတ်​တို့​သည် လူ​တို့​မျက်စိ​ရှေ့​တွင် ကူးလာ​ကြ​၏​။ 12မောရှေ​မှာကြား​ခဲ့​သည့်​အတိုင်း ရုဗင်​အမျိုးသား​၊ ဂဒ်​အမျိုးသား​နှင့် မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​သည် စစ်အခင်းအကျင်း​နှင့်တကွ အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ကူးသွား​ကြ​၏​။ 13လူ​ပေါင်း​လေးသောင်း​ခန့် စစ်တိုက်​ရန် စစ်​လက်နက်စွဲကိုင်​လျက် ထာဝရဘုရား​မျက်မှောက်​တော်​၌ ဂျေရိခေါ​လွင်ပြင်​သို့ ကူးသွား​ကြ​၏​။
14ထို​နေ့​တွင် ထာဝရဘုရား​သည် ယောရှု​ကို အစ္စရေး​အပေါင်း​တို့​၏​ရှေ့​၌ ချီးမြှောက်​တော်မူ​၏​။ သူ​တို့​သည် မောရှေ​ကို​ကြောက်ရွံ့ရိုသေ​သကဲ့သို့ ယောရှု​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ့​ကို​ကြောက်ရွံ့ရိုသေ​ကြ​၏​။ 15တစ်ဖန် ထာဝရဘုရား​က ယောရှု​အား 16“​သက်သေခံချက်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​ကို ဂျော်ဒန်​မြစ်​ထဲမှ​တက်လာ​စေ​လော့​”​ဟု မိန့်​တော်မူ​၏​။
17ထို့ကြောင့် ယောရှု​က ယဇ်ပုရောဟိတ်​တို့​အား “​ဂျော်ဒန်​မြစ်​မှ တက်လာ​ကြ​လော့​”​ဟု ဆင့်ဆို​လေ​၏​။ 18ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​မှ​တက်လာ​၍ ကုန်းမြေ​ပေါ်တွင် ခြေချ​လိုက်​သည်​နှင့် ဂျော်ဒန်​မြစ်​ရေ​သည် ပြန်​စီးလာ​၍ ယခင်က​ကဲ့သို့ ကမ်း​တစ်လျှောက်လုံး ရေ​လျှံ​လေ​၏​။ 19လူ​တို့​သည် ပထမ​လ​၊ ဆယ်​ရက်​မြောက်​နေ့​တွင် ဂျော်ဒန်​မြစ်​မှ တက်လာ​ကြ​ပြီးနောက် ဂျေရိခေါ​မြို့​အရှေ့ဘက်​နယ်စပ်​ရှိ ဂိလဂါလ​အရပ်​တွင် စခန်းချ​ကြ​၏​။ 20ယောရှု​သည် ဂျော်ဒန်​မြစ်​မှ ယူဆောင်​ခဲ့​သော​ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ဂိလဂါလ​အရပ်​တွင် ချထား​ပြီး 21အစ္စရေး​အမျိုးသား​တို့​အား “​နောင်ကာလ​တွင် သင်​တို့​၏​သားမြေး​တို့​က ‘​ဤ​ကျောက်တုံး​များ​ကား မည်သည့်​အဓိပ္ပာယ်​ဆောင်​သနည်း​’​ဟု ဖခင်​အား မေး​ကြ​လျှင် 22သင်​တို့​က​လည်း ‘​အစ္စရေး​လူမျိုး​တို့​သည် ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​စဉ်က ခြောက်သွေ့​သော​မြစ်​ကြမ်းပြင်​ပေါ်တွင် ဖြတ်ကူး​ခဲ့​ရ​သည်​’​ဟု သင်​တို့​၏​သားသမီး​များ​အား ပြောပြ​ရ​မည်​။ 23သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ပင်လယ်နီ​ကို ငါ​တို့​ကူး​ပြီး​သည်​အထိ ငါ​တို့​မျက်စိ​ရှေ့​၌ ပင်လယ်ရေ​ကို​ခန်းခြောက်​စေ​ခဲ့​သည့်​နည်းတူ ထို​ဘုရားသခင်​ထာဝရဘုရား​သည်​ပင် ဂျော်ဒန်​မြစ်​ကို သင်​တို့​ကူး​ပြီး​သည်​အထိ သင်​တို့​မျက်စိ​ရှေ့​၌ ဂျော်ဒန်​မြစ်ရေ​ကို​ခန်းခြောက်​စေ​တော်မူ​ခဲ့​သည်​မှာ 24ထာဝရဘုရား​သည် တန်ခိုးကြီး​သော​ဘုရား​ဖြစ်​သည်​ကို မြေကြီးသား​အားလုံး​သိ​စေရန်​နှင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​တို့​အစဉ်​ကြောက်ရွံ့ရိုသေ​ကြ​စေရန်​ဖြစ်​၏​”​ဟု ပြောကြား​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in