YouVersion Logo
Search Icon

ယောရှုမှတ်စာ 5

5
အစ္စရေးလူမျိုးတို့အရေဖျားလှီးခြင်း
1ဂျော်ဒန်​မြစ်​ကို​အစ္စရေး​အမျိုးသား​တို့ ကူး​ပြီး​သည်​အထိ ထာဝရဘုရား​သည် သူ​တို့​မျက်စိ​ရှေ့​တွင် မြစ်​ရေ​ကို​ခန်းခြောက်​စေ​ခဲ့​ကြောင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​ဘုရင်​များ​၊ ပင်လယ်​နား​ရှိ ခါနာန်​ဘုရင်​များ ကြား​ကြ​သောအခါ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​သတင်း​ကြောင့် စိတ်ပျက်အားလျော့​၍ အလွန်​ကြောက်ရွံ့​ကြ​၏​။
2ထို​အချိန်​ကာလ​တွင် ထာဝရဘုရား​က ယောရှု​အား “​မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​၍ အစ္စရေး​အမျိုးသား​တို့​အား ဒုတိယအကြိမ် အရေဖျားလှီး​ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။ 3ထို့ကြောင့် ယောရှု​သည် မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​ပြီး ဂိဘာ​ဟာရာလုတ်#5:3 “အရေဖျားလှီးရာတောင်ကုန်း”ဟူသောအဓိပ္ပာယ်ရှိ၏။​အရပ်​၌ အစ္စရေး​အမျိုးသား​တို့​ကို အရေဖျားလှီး​ပေး​လေ​၏​။ 4ယောရှု​သည် အစ္စရေး​အမျိုးသား​တို့​အား အရေဖျားလှီး​ပေး​ရ​သည့်​အကြောင်း​ကား ဤသို့​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​လူ​တို့​တွင် စစ်သူရဲ​ယောက်ျား​အပေါင်း​တို့​သည် တောကန္တာရ​လမ်းခရီး​၌ သေဆုံး​ကြ​ပြီ​ဖြစ်​၏​။ 5ထို​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် အရေဖျားလှီး​ခြင်း​ခံ​ပြီး​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် တောကန္တာရ​လမ်းခရီး​၌​မွေးဖွား​သော​သူ​တို့​မူကား အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​ပေ​။ 6အီဂျစ်​ပြည်​မှ​ထွက်လာ​သော အစ္စရေး​လူမျိုး​စစ်သူရဲ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ထို​ပြည်​ကို ငါ​တို့​အား ပေး​မည်​ဟု ဘိုးဘေး​တို့​အား​ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သော်လည်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​၍ သေ​ကြ​ကုန်​၏​။ 7သူ​တို့​၏​နေရာ​တွင် နောက်ထပ်​မွေးဖွား​လာ​သော​သားမြေး​တို့​သည် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ရ​သေး​သော​သူ​များ​ဖြစ်​၍ ခရီး​သွား​နေစဉ်​အတွင်း အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​သောကြောင့် ယောရှု​သည် သူ​တို့​ကို အရေဖျားလှီး​ပေး​၏​။ 8တစ်မျိုးသားလုံး အရေဖျားလှီး​ခြင်း​ကို ခံ​ပြီး​သောအခါ အနာပျောက်​သည်​အထိ တပ်စခန်း​၌​သာ နား​နေ​ကြ​၏​။ 9တစ်ဖန် ထာဝရဘုရား​က ယောရှု​အား “​သင်​တို့​ခံရ​သော​အီဂျစ်​ပြည်သား​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ယနေ့ ငါ​ဖယ်ရှား​ပစ်​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ထို​အရပ်​ကို ဂိလဂါလ​ဟု ယနေ့​တိုင်​ခေါ်ဆို​လေ​၏​။
ခါနာန်ပြည်ထွက်အစားအစာ
10အစ္စရေး​အမျိုးသား​တို့​သည် ဂိလဂါလ​အရပ်​၌ စခန်းချ​၍ ထို​လ​တစ်ဆယ့်​လေး​ရက်​၊ နေဝင်ချိန်​တွင် ဂျေရိခေါ​လွင်ပြင်​၌ ပသခါပွဲတော်​ကို ကျင်းပ​ကြ​၏​။ 11ပသခါပွဲတော်​ကျင်းပ​ပြီး​နောက်တစ်နေ့​တွင် ထို​ပြည်​ထွက်​တဆေးမဲ့မုန့်​နှင့် မုန့်ဆန်း​ကို ထို​နေ့ချင်း​တွင် စား​ကြ​၏​။ 12ထို​ပြည်​ထွက်​အစားအစာ​ကို​စား​ပြီး နောက်တစ်နေ့​တွင် မန္နမုန့်​ပြတ်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မန္နမုန့်​ကို မ​စား​ရ​ကြ​တော့​ပေ​။ ထို​နှစ်​တွင် ခါနာန်​ပြည်​ထွက်​အသီးအနှံ​ကို စား​ရ​ကြ​၏​။
ထာဝရဘုရားခန့်အပ်သောစစ်သူကြီး
13ယောရှု​သည် ဂျေရိခေါ​မြို့​နား​တွင်​ရှိ​နေ​စဉ် မျှော်ကြည့်​လိုက်​သောအခါ လက်​၌​ဓား​ကိုင်​ထား​သော​လူ​တစ်​ယောက် သူ့​ရှေ့​၌​ရပ်​နေ​သည်​ကို တွေ့​၏​။ ယောရှု​က​လည်း သူ့​ထံ​သွား​၍ “​သင်​သည် ငါ​တို့​ဘက်​က​လော​၊ ရန်သူ​တို့​ဘက်​က​လော​”​ဟု မေး​လေ​၏​။
14ထို​သူ​က​လည်း “​မည်သည့်​ဘက်​က​မှ မ​ဟုတ်​ပါ​။ ငါ​သည် ထာဝရဘုရား​ခန့်အပ်​ထား​သော​စစ်သူကြီး​အဖြစ် လာ​ခြင်း​ဖြစ်​၏​”​ဟု ဆို​၏​။ ထိုအခါ ယောရှု​က ထို​သူ​ရှေ့​တွင် ပျပ်ဝပ်​ကိုးကွယ်​လျက် “​အကျွန်ုပ်​သခင်​၊ သခင့်​အစေအပါး​ကို မည်သို့​မိန့်ဆို​မည်နည်း​”​ဟု မေး​လေ​၏​။
15ထာဝရဘုရား​ခန့်အပ်​ထား​သော​ကောင်းကင်​ဗိုလ်ခြေ​၏​စစ်သူကြီး​က​လည်း “​သင်​ရပ်​နေ​သော​နေရာ​သည် သန့်ရှင်း​သော​မြေ​ဖြစ်၍ သင်​၏​ခြေ​မှ​ဖိနပ်​ကို​ချွတ်​လော့​”​ဟု ဆို​သည့်​အတိုင်း ယောရှု ပြု​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in