ယောရှုမှတ်စာ 3
3
ဂျော်ဒန်မြစ်ကို ဖြတ်ကူးခြင်း
1ယောရှုသည် နံနက်စောစောထပြီး အစ္စရေးအမျိုးသားအပေါင်းတို့နှင့်အတူ ရှိတ္တိမ်အရပ်မှခရီးပြု၍ ဂျော်ဒန်မြစ်သို့ရောက်လာကြ၏။ မြစ်ကိုမကူးသေးဘဲ ထိုမြစ်နား၌ စခန်းချကြ၏။ 2သုံးရက်ပြည့်သောအခါ ကြီးကြပ်အုပ်ချုပ်သူတို့သည် တပ်စခန်းတစ်လျှောက်သို့သွား၍ 3လူအပေါင်းတို့အား “သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် သေတ္တာတော်ကိုသယ်ဆောင်သောလေဝိအမျိုးသားယဇ်ပုရောဟိတ်တို့ကို မြင်သောအခါ ကိုယ့်နေရာမှထွက်၍ သေတ္တာတော်နောက်သို့လိုက်ကြရမည်။ 4ဤလမ်းသည် ယခင်က သင်တို့သွားဖူးသောလမ်းမဟုတ်သောကြောင့် သင်တို့သွားရမည့်လမ်းကို သင်တို့သိနိုင်ရန် သေတ္တာတော်နှင့် အတောင်နှစ်ထောင်#3:4 “4.5 ဖာလုံ သို့မဟုတ် မီတာ 900”။အကွာမှ ခွာ၍လိုက်ရမည်။ သေတ္တာတော်အနီးသို့မချဉ်းကပ်ရ”ဟု မှာကြားကြ၏။
5ထို့နောက် ယောရှုက လူအပေါင်းတို့အား “သင်တို့သည် မိမိကိုယ်မိမိသန့်ရှင်းစေကြလော့။ ထာဝရဘုရားသည် မနက်ဖြန် သင်တို့အလယ်၌ အံ့ဖွယ်အမှုကိုပြုတော်မူမည်”ဟု မှာကြားလေ၏။ 6တစ်ဖန် ယောရှုက ယဇ်ပုရောဟိတ်တို့အား “ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူတို့ရှေ့မှကူးသွားကြလော့”ဟု ဆိုသဖြင့် သူတို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူတို့ရှေ့မှကူးသွားကြ၏။
7ထာဝရဘုရားက ယောရှုအား “ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည်ကို အစ္စရေးလူမျိုးအပေါင်းတို့သိမြင်ကြမည့်အကြောင်း ယနေ့မှစ၍ သင့်ကို သူတို့ရှေ့၌ ချီးမြှောက်မည်။ 8သင်သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်းသောယဇ်ပုရောဟိတ်တို့အား ‘သင်တို့သည် ဂျော်ဒန်မြစ်ရေစပ်နားသို့ရောက်သောအခါ ဂျော်ဒန်မြစ်ရေ၌ ရပ်နေရမည်’ဟူ၍ ပြောလော့”ဟု မိန့်တော်မူ၏။
9ယောရှုက အစ္စရေးအမျိုးသားတို့အား “ဤနေရာသို့လာ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့”ဟု ဆို၏။ 10တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။ 11မြေတစ်ပြင်လုံးကိုအစိုးရသောအရှင်သခင်၏ပဋိညာဉ်သေတ္တာတော်သည် ဂျော်ဒန်မြစ်ကို သင်တို့ရှေ့မှကူးသွားမည်။ 12သို့ဖြစ်၍ ယခု အစ္စရေးမျိုးနွယ်များထဲမှ မျိုးနွယ်တစ်နွယ်လျှင်တစ်ယောက်စီ လူတစ်ဆယ့်နှစ်ယောက်ကို ခေါ်ယူလော့။ 13မြေတစ်ပြင်လုံးကိုအစိုးရသောအရှင် ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်ရေ၌ ခြေချလိုက်သည်နှင့် အထက်မှစီးဆင်းလာသောရေသည် ရပ်သွား၍ တစ်ဖက်တည်း၌စုပုံလျက် တန့်နေလိမ့်မည်”ဟု ဆိုလေ၏။
14လူတို့သည် မိမိတို့တဲများမှထွက်၍ ဂျော်ဒန်မြစ်ကိုဖြတ်ကူးသောအခါ ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် လူတို့ရှေ့မှသွားကြ၏။ 15ဂျော်ဒန်မြစ်ရေသည် ရိတ်သိမ်းရာကာလ၌ မြစ်ကမ်းတစ်လျှောက်ရေလျှံလေ့ရှိ၏။ သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်သို့ရောက်၍ ရေစပ်၌ ခြေချသည်နှင့် 16အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်#3:16 သို့မဟုတ် “ပင်လယ်သေ”။ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။ 17လူအားလုံးဂျော်ဒန်မြစ်ကိုဖြတ်ကူးပြီးသည်အထိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်၊ ခြောက်သွေ့သောမြေပေါ်၌ မြဲမြံစွာရပ်နေကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ခြောက်သွေ့သောမြေပေါ်၌ ကူးသွားရကြ၏။
Currently Selected:
ယောရှုမှတ်စာ 3: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative