ယောရှုမှတ်စာ 1
1
ယောရှုအား အားပေးတိုက်တွန်းခြင်း
1ထာဝရဘုရား၏အစေအပါးမောရှေကွယ်လွန်ပြီးသည့်နောက် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုအား ထာဝရဘုရားက 2“ငါ၏အစေအပါးမောရှေကွယ်လွန်ပြီ။ ထို့ကြောင့် သင်နှင့်ဤလူအပေါင်းတို့သည် ဤဂျော်ဒန်မြစ်ကိုကူးပြီးလျှင် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ထဲသို့ ဝင်ကြလော့။ 3မောရှေအား ငါကတိပေးခဲ့သည့်အတိုင်း သင်တို့ခြေချလေရာမြေဟူသမျှကို သင်တို့အားငါပေးမည်။ 4သင်တို့နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်#1:4 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။ကြီးတစ်လျှောက် ဟိတ္တိပြည်တစ်ပြည်လုံးမှ အနောက်ဘက်ပင်လယ်ကြီးတိုင်အောင် ဖြစ်လိမ့်မည်။ 5သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။
6အားယူ၍ရဲရင့်ခြင်းရှိလော့။ ဤပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်ကို သူတို့အား အမွေခွဲဝေပေးရမည်။ 7အားယူ၍ရဲရင့်ခြင်းရှိလော့။ သင်ပြုလေရာရာ၌ အထမြောက်မည့်အကြောင်း သင့်အား ငါ့အစေအပါးမောရှေ မှာထားခဲ့သောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းလော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။ 8ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။ 9သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
အသင့်ပြင်ဆင်ကြရန် လူတို့ကိုယောရှုမှာကြားခြင်း
10ထိုအခါ ယောရှုက လူတို့ကို ကြီးကြပ်အုပ်ချုပ်သောသူတို့အား 11“တပ်စခန်းတစ်လျှောက်လုံးသို့ သွား၍ လူတို့အား ‘သုံးရက်အတွင်းတွင် ဂျော်ဒန်မြစ်ကို ကူးပြီး သင်တို့၏ဘုရားသခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဝင်ရောက်သိမ်းပိုက်ရမည်ဖြစ်သောကြောင့် စားနပ်ရိက္ခာ အသင့်ပြင်ဆင်ကြလော့’ဟူ၍ ပြောကြားလော့”ဟု မှာကြားလေ၏။
12ထို့နောက် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက် တို့အား 13“ထာဝရဘုရား၏အစေအပါးမောရှေက ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကို ပေးတော်မူပြီ။ ဤပြည်ကို ပေးတော်မူပြီ’ဟူ၍ သင်တို့အား ပြောဆိုထားခဲ့သည့်စကားကို အောက်မေ့လော့။ 14သင်တို့၏မယားနှင့် ကလေးများ၊ သင်တို့၏တိရစ္ဆာန်များသည် ဂျော်ဒန်မြစ်တစ်ဖက် မောရှေပေးခဲ့သောပြည်တွင် နေရစ်ရမည်။ ရဲစွမ်းသတ္တိရှိသူအပေါင်းတို့မူကား လက်နက်စွဲကိုင်လျက် သင်တို့၏အမျိုးသားချင်းတို့ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။ 15ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေးသည်အထိ၊ သူတို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို အပိုင်ရသည်အထိ သူတို့ကို ကူညီရမည်။ ပြီးမှ သင်တို့ပြန်လာ၍ သင်တို့အားထာဝရဘုရား၏အစေအပါးမောရှေ ပေးခဲ့သော ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ကို သင်တို့ပိုင်ဆိုင်ရမည်”ဟု ဆိုလေ၏။
16ထိုအခါ သူတို့က ယောရှုအား “အကျွန်ုပ်တို့အား မိန့်မှာသမျှအတိုင်း ပြုပါမည်။ စေလွှတ်လေရာရာသို့ သွားပါမည်။ 17မောရှေ၏စကားကို အရာရာ၌နားထောင်သကဲ့သို့ သင်၏စကားကို အကျွန်ုပ်တို့ နားထောင်ပါမည်။ ဘုရားသခင်ထာဝရဘုရားသည် မောရှေနှင့်အတူ ရှိသကဲ့သို့ သင်နှင့်အတူ ရှိပါစေ။ 18သင့်စကားကို ဖီဆန်သောသူ၊ သင်မိန့်မှာသမျှစကားကို မနာခံသောသူအားလုံး သေဒဏ်ခံရမည်။ အားယူ၍ရဲရင့်ခြင်းသာရှိလော့”ဟု ပြန်ပြောကြ၏။
Currently Selected:
ယောရှုမှတ်စာ 1: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative