YouVersion Logo
Search Icon

ယောရှုမှတ်စာ 1

1
ယောရှုအား အားပေးတိုက်တွန်းခြင်း
1ထာဝရဘုရား​၏​အစေအပါး​မောရှေ​ကွယ်လွန်​ပြီးသည့်နောက် မောရှေ​၏​လက်ထောက်​ဖြစ်​သော နုန်​၏​သား​ယောရှု​အား ထာဝရဘုရား​က 2“​ငါ​၏​အစေအပါး​မောရှေ​ကွယ်လွန်​ပြီ​။ ထို့ကြောင့် သင်​နှင့်​ဤ​လူ​အပေါင်း​တို့​သည် ဤ​ဂျော်ဒန်​မြစ်​ကို​ကူး​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ထဲသို့ ဝင်​ကြ​လော့​။ 3မောရှေ​အား ငါ​ကတိပေး​ခဲ့​သည့်​အတိုင်း သင်​တို့​ခြေချ​လေ​ရာ​မြေ​ဟူသမျှ​ကို သင်​တို့​အား​ငါ​ပေး​မည်​။ 4သင်​တို့​နယ်မြေ​သည် တောကန္တာရ​မှ လက်ဘနွန်​တောင်​တိုင်အောင်​၊ ယူဖရေးတီး​မြစ်#1:4 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​ကြီး​တစ်လျှောက် ဟိတ္တိ​ပြည်​တစ်ပြည်လုံး​မှ အနောက်ဘက်​ပင်လယ်​ကြီး​တိုင်အောင် ဖြစ်​လိမ့်မည်​။ 5သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင့်​ရှေ့​၌ မည်သူ​မျှ​ခုခံရပ်တည်​နိုင်​မည်​မ​ဟုတ်​။ ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို​ငါ​ပစ်​ထား​မည်​မ​ဟုတ်​၊ စွန့်ပစ်​မည်​မ​ဟုတ်​။
6အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ ဤ​ပြည်​ကို ဤ​လူမျိုး​တို့​အား​ပေး​မည်​ဟု သူ​တို့​၏​ဘိုးဘေး​တို့​အား ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း ဤ​ပြည်​ကို သူ​တို့​အား အမွေခွဲဝေ​ပေး​ရ​မည်​။ 7အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ သင်​ပြု​လေရာရာ​၌ အထမြောက်​မည့်​အကြောင်း သင့်​အား ငါ့​အစေအပါး​မောရှေ မှာထား​ခဲ့​သော​ပညတ်တရား​အလုံးစုံ​ကို လိုက်နာ​စောင့်ထိန်း​လော့​။ လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​သို့ လွှဲ​မ​သွား​နှင့်​။ 8ဤ​ပညတ်တရားကျမ်း​၌ ရေးထား​သမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​နိုင်​မည့်​အကြောင်း ထို​တရား​တို့​ကို သင့်​နှုတ်​မှ​မ​ကွာ​စေ​နှင့်​။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့​ရ​မည်​။ သို့ပြုလျှင် သင့်​ဘဝ​လမ်းခရီး​၌ အထမြောက်​အောင်မြင်​လိမ့်မည်​။ 9သင့်​ကို ငါ​မိန့်မှာ​ထား​သည်​မ​ဟုတ်​လော​။ အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​။ သင်​သွား​လေရာရာ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။
အသင့်ပြင်ဆင်ကြရန် လူတို့ကိုယောရှု​မှာကြားခြင်း
10ထိုအခါ ယောရှု​က လူ​တို့​ကို ကြီးကြပ်အုပ်ချုပ်​သော​သူ​တို့​အား 11“​တပ်စခန်း​တစ်လျှောက်လုံး​သို့ သွား​၍ လူ​တို့​အား ‘​သုံး​ရက်​အတွင်း​တွင် ဂျော်ဒန်​မြစ်​ကို ကူး​ပြီး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား အပိုင်​ပေး​တော်မူ​သော​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ရ​မည်​ဖြစ်​သောကြောင့် စားနပ်ရိက္ခာ အသင့်ပြင်ဆင်​ကြ​လော့​’​ဟူ၍ ပြောကြား​လော့​”​ဟု မှာကြား​လေ​၏​။
12ထို့နောက် ယောရှု​သည် ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ မနာရှေ​အမျိုး​တစ်ဝက် တို့​အား 13“​ထာဝရဘုရား​၏​အစေအပါး​မောရှေ​က ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အား အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပြီ​။ ဤ​ပြည်​ကို ပေး​တော်မူ​ပြီ​’​ဟူ၍ သင်​တို့​အား ပြောဆို​ထား​ခဲ့​သည့်​စကား​ကို အောက်မေ့​လော့​။ 14သင်​တို့​၏​မယား​နှင့် ကလေး​များ​၊ သင်​တို့​၏​တိရစ္ဆာန်​များ​သည် ဂျော်ဒန်​မြစ်​တစ်ဖက် မောရှေ​ပေး​ခဲ့​သော​ပြည်​တွင် နေရစ်​ရ​မည်​။ ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​မူကား လက်နက်စွဲကိုင်​လျက် သင်​တို့​၏​အမျိုးသားချင်း​တို့​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။ 15ထာဝရဘုရား​သည် သင်​တို့​ကဲ့သို့ သင်​တို့​၏​အမျိုးသားချင်း​တို့​ကို အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ပေး​သည်​အထိ​၊ သူ​တို့​အား ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို အပိုင်ရ​သည်​အထိ သူ​တို့​ကို ကူညီ​ရ​မည်​။ ပြီးမှ သင်​တို့​ပြန်လာ​၍ သင်​တို့​အား​ထာဝရဘုရား​၏​အစေအပါး​မောရှေ ပေး​ခဲ့​သော ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ကို သင်​တို့​ပိုင်ဆိုင်​ရ​မည်​”​ဟု ဆို​လေ​၏​။
16ထိုအခါ သူ​တို့​က ယောရှု​အား “​အကျွန်ုပ်​တို့​အား မိန့်မှာ​သမျှ​အတိုင်း ပြု​ပါ​မည်​။ စေလွှတ်​လေရာရာ​သို့ သွား​ပါ​မည်​။ 17မောရှေ​၏​စကား​ကို အရာရာ​၌​နားထောင်​သကဲ့သို့ သင်​၏​စကား​ကို အကျွန်ုပ်​တို့ နားထောင်​ပါ​မည်​။ ဘုရားသခင်​ထာဝရဘုရား​သည် မောရှေ​နှင့်အတူ ရှိ​သကဲ့သို့ သင်​နှင့်အတူ ရှိ​ပါစေ​။ 18သင့်​စကား​ကို ဖီဆန်​သော​သူ​၊ သင်​မိန့်မှာ​သမျှ​စကား​ကို မ​နာခံ​သော​သူ​အားလုံး သေဒဏ်​ခံရ​မည်​။ အားယူ​၍​ရဲရင့်​ခြင်း​သာ​ရှိ​လော့​”​ဟု ပြန်ပြော​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in