YouVersion Logo
Search Icon

ယောဘဝတ္ထု 38

38
ထာဝရဘုရားမိန့်တော်မူခြင်း
1နောက်ဆုံး​တွင် ထာဝရဘုရား​က ယောဘ​အား 2“ပညာမဲ့​သော​စကား​များ​ဖြင့် ငါ့​အကြံအစည်​ကို မှောင်မိုက်​စေ​သော ဤ​သူ​ကား မည်သူ​နည်း​။ 3ယခု ယောက်ျား​ပီသ​စွာ ခါး​ကို​စည်းထား​လော့​။ ငါ​မေး​သော​မေးခွန်း​ကို ဖြေ​လော့​။ 4ငါ​သည် မြေကြီး​ကို​အုတ်မြစ်ချ​စဉ်က သင်​အဘယ်မှာ​ရှိ​သနည်း​။ သင်​သိ​လျှင် ပြော​ပါ​လော့​။ 5မြေကြီး​ကို မည်သူ​တိုင်းတာ​သတ်မှတ်​သနည်း​။ သင်​အမှန်တကယ်​သိ​သလော​။ မြေကြီး​ပေါ်တွင် မျဉ်းကြိုး​ကို မည်သူ​ဆန့်ထား​သနည်း​။ 6မြေကြီး​အုတ်မြစ်​ကို မည်သည့်​နေရာ​တွင် မြှုပ်​ထား​သနည်း​။ မြေကြီး​ထောင့်ချုပ်ကျောက်​ကို မည်သူ​ချထား​သနည်း​။ 7ထိုစဉ်က မိုးသောက်ကြယ်​တို့ ဝိုင်းဖွဲ့​သီချင်းဆို​လျက်​၊ ဘုရား​သား​အပေါင်း​တို့​သည် ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​၏​။ 8ရေ​သည် ပင်လယ်​ဝမ်း​ထဲမှ​ပေါက်ထွက်​လာ​၍ ပြည့်လျှံ​သောအခါ ပင်လယ်​တံခါး​ကို မည်သူ​ပိတ်​လိုက်​သနည်း​။ 9ငါ​သည် ပင်လယ်ပြင်​ကို မိုးတိမ်​အဝတ်​ဖြင့်​လွှမ်းခြုံ​စေ​၍ အမှောင်ထု​နှင့်​ပတ်ရစ်​ပေး​၏​။ 10ပင်လယ်ပြင်​စည်း​ကို သတ်မှတ်​ပြီး ကန့်လန့်ကျင်​များ​၊ တံခါး​များ​ကို ချထား​၏​။ 11ပင်လယ်​အား ‘​သင်​တက်လာ​နိုင်​၏​။ ဤ​နေရာ​ထက်​မ​ကျော်​ရ​၊ ဤ​နေရာ​သည် လှိုင်းလုံး​ကြီး​များ​ရှိ​ရ​မည့်​နေရာ ဖြစ်​၏​’​ဟု ငါ​မှာထား​၏​။ 12သင့်​တစ်သက်​တွင် နံနက်အချိန်​ကို အမိန့်ပေး​ဖူး​သလော​။ အရုဏ်​အား မိမိ​တက်​ရ​မည့်​နေရာ​ကို ပြပေး​ဖူး​သလော​။ 13မြေကြီး​စွန်း​တို့​ကို​ဆုပ်ကိုင်​ပြီး မြေကြီး​ပေါ်ရှိ​လူဆိုး​တို့​ကို ခါထုတ်​ရန် သူ​တို့​ကို အမိန့်ပေး​ဖူး​သလော​။ 14မြေကြီး​သည် မြေစေး​ပေါ်တွင်​တံဆိပ်ခတ်နှိပ်​သကဲ့သို့ ပုံပြောင်း​သွား​၏​။ အဝတ်တန်ဆာ​ဝတ်ဆင်​ထား​သကဲ့သို့ ပေါ်လာ​၏​။ 15လူဆိုး​တို့​ထံမှ အလင်း​ကို​ရုပ်သိမ်း​တော်မူ​၏​။ မြှောက်ထား​သော​လက်​ကို ချိုး​ပစ်​တော်မူ​၏​။ 16ပင်လယ်​ရေထွက်ပေါက်​များ​ရှိ​ရာ​သို့ သင်​ရောက်​ဖူး​သလော​။ အနက်​တကာ့​အနက်ဆုံး​နေရာ​တွင် သင်​သွားလာ​ဖူး​သလော​။ 17သေမင်း​တံခါး​များ​က သင့်​ကို​ဖွင့်ပေး​ဖူး​သလော​။ သေမင်းအရိပ်​၏​တံခါး​များ​ကို သင်​မြင်​ဖူး​သလော​။ 18မြေ​မျက်နှာပြင်​အကျယ်အဝန်း​ကို သင်​သိ​သလော​။ ဤ​အရာ​အားလုံး​ကို သင်​သိ​လျှင် ပြောပြ​ပါ​။ 19အလင်း​ရှိ​ရာ​သို့ ရောက်​သော​လမ်း​ကား အဘယ်မှာ​နည်း​။ အမှောင်ထု​၏​နေရာ​ကား အဘယ်မှာ​နည်း​။ 20သူ့​နေရာ​သို့ သူ့​ကို သင်​ခေါ်သွား​ပေး​နိုင်​သလော​။ သူ့​အိမ်​သို့​သွား​သော​လမ်း​ကို သင်​သိ​သလော​။ 21သင်​သိ​ရ​အောင် ထိုစဉ်​ကတည်းက သင်​မွေးဖွား​ပြီး သင်​အသက်ရှင်​နေ​ရ​သော​နေ့ရက် များပြား​နေ​ပြီ​လော​။ 22နှင်းပွင့်​ဘဏ္ဍာတိုက်​များ​ထဲသို့ သင်​ဝင်​ဖူး​သလော​။ မိုးသီး​ဘဏ္ဍာတိုက်​များ​ကို သင်​မြင်​ဖူး​သလော​။ 23ဤ​ဘဏ္ဍာတိုက်​တို့​ကို ဆင်းရဲဒုက္ခ​ရောက်​သည့်​ကာလ​၊ စစ်မက်​ဖြစ်ပွား​သည့်​ကာလ​အဖို့ ငါ​သိုထား​ပြီ​။ 24အလင်း​ဖြာထွက်​ရာ​လမ်းကြောင်း​ကား အဘယ်မှာ​နည်း​။ အရှေ့​လေ​သည် မည်သည့်​အရပ်​မှ မြေကြီး​ပေါ်သို့ တိုက်ခတ်​လာ​သနည်း​။ 25မိုးရေစီး​ရာ​မြောင်း​နှင့် မိုးကြိုးစီး​ရာ​လမ်းကြောင်း​တို့​ကို မည်သူ​ဖောက်​သနည်း​။ 26လူ​မ​နေ​သော​မြေ​၊ လူသူမနေ​သော​တောကန္တာရ​တွင် မည်သူ​မိုးရွာ​စေ​သနည်း​။ 27မြေရိုင်းမြေကော​များ​ကို ရေဝ​စေ​ပြီး မြက်နု​များ​ကို ပေါက်​စေ​သူ​မှာ မည်သူ​နည်း​။ 28မိုးရေ​၌​ဖခင်​ရှိ​သလော​။ နှင်းစက်​တို့​ကို မည်သူ​ဖြစ်ပွား​စေ​သနည်း​။ 29မည်သူ့​ဝမ်း​မှ ရေခဲ​ထွက်လာ​သနည်း​။ ကောင်းကင်​နှင်းခဲ​တို့​ကို မည်သူ​ဖြစ်ပွား​စေ​သနည်း​။ 30ရေ​သည် ကျောက်​ကဲ့သို့​မာကျော​သွား​ပြီး နက်ရှိုင်း​သော​ရေထု​၏​မျက်နှာပြင်​သည်​လည်း အေးခဲ​လျက်​ရှိ​၏​။ 31ခုနစ်စင်ကြယ်​စု​ကို သင်​ချည်​ထား​နိုင်​သလော​။ သရဝဏ်ကြယ်​ကြိုး​ကို သင်​ဖြေပေး​နိုင်​သလော​။ 32ကြယ်စု​တို့​ကို ရာသီ​အလိုက် သင်​ပေါ်ထွက်​စေ​နိုင်​သလော​။ ဓူဝံကြယ်ကြီး​နှင့် အရံ​ကြယ်​တို့​ကို သင်​ထိန်းချုပ်​နိုင်​သလော​။ 33ကောင်းကင်​ဥပဒေသ​တို့​ကို သင်​သိ​သလော​။ ထို​ဥပဒေသ​တို့​ကို မြေကြီး​ပေါ်တွင်​လွှမ်းမိုး​တည်မြဲ​အောင် သင်​ပြု​နိုင်​သလော​။ 34သင့်​ကို မိုးရေ​များ ရွှဲနစ်​သွား​စေ​မည့်​အကြောင်း မိုးတိမ်​ကို အော်ခေါ်​ပြီး အမိန့်ပေး​နိုင်​သလော​။ 35လျှပ်စီးကြောင်း​တို့​ကို သင်​စေလွှတ်​နိုင်​သလော​။ လျှပ်စီးကြောင်း​တို့​က သင့်​ကို ‘​အကျွန်ုပ်​တို့​ရှိ​ပါ​သည်​’​ဟု ပြန်ပြော​ပြီး ထွက်သွား​လိမ့်မည်​လော​။ 36ပညာ​ရှိ​သော​စိတ်​ကို မည်သူ​သွင်းပေး​နိုင်​သနည်း​။ နားလည်​နိုင်​သော​နှလုံးသား​ကို မည်သူ​ပေး​သနည်း​။ 37မိုးတိမ်​များ​ကို ရေတွက်​နိုင်​လောက်အောင် မည်သူ​ဉာဏ်ပညာ​ရှိ​သနည်း​။ ကောင်းကင်​အိုး​တို့​ကို မည်သူ​သွန်ချ​နိုင်​သနည်း​။ 38ထို​အိုး​တို့​ကို မြေမှုန့်​များ မာကျော​ပြီး မြေစိုင်​များ စေးကပ်​ကုန်​သည့်​အချိန်​တွင် မည်သူ​သွန်ချ​နိုင်​သနည်း​။ 39ခြင်္သေ့မ​အဖို့ သားကောင်​ကို သင်​ဖမ်း​ပေး​ဖူး​သလော​။ ခြင်္သေ့ပျို​တို့ အဆာပြေ​အောင် သင်​လုပ်ပေး​နိုင်​သလော​။ 40သူ​တို့​သည် တွင်း​ထဲ၌​ဝပ်​နေ​၍ ချုံ​ထဲ၌ လဲလျောင်း​ချောင်းမြောင်း​လျက်​နေ​စဉ်တွင် သူ​တို့​ကို အဆာပြေ​စေ​နိုင်​သလော​။ 41ကျီးသားငယ်​တို့ စားစရာ​မ​ရှိ​သောကြောင့် လှည့်လည်​ပျံဝဲ​လျက် ဘုရားသခင်​ထံ အကူညီ​အော်ဟစ်​တောင်းခံ​သောအခါ ကျီးကန်း​အတွက် စားစရာ မည်သူ​ပြင်ဆင်​ပေး​သနည်း​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in