ယောဘဝတ္ထု 39
39
1တောင်ဆိတ်တို့ မွေးဖွားချိန်ကို သင်သိသလော။ သမင်မသားဖွားသည်ကို သင်စောင့်ကြည့်ပေးဖူးသလော။ 2သူတို့ဇီးကပ်သောလတို့ကို သင်မှတ်ဖူးသလော။ သူတို့သားပေါက်မည့်အချိန်ကို သင်သိသလော။ 3သူတို့သည် ဝပ်၍ သားပေါက်ကို မွေးဖွားပြီးမှ သားဖွားဝေဒနာကင်းငြိမ်းသွားရ၏။ 4သားပေါက်တို့သည် ကွင်းပြင်တွင်ပင် ကြီးပြင်းသန်စွမ်းလာ၍ အမိထံမှ ထွက်သွားပြီး ပြန်လာလေ့မရှိ။ 5မြည်းရိုင်းကို မည်သူ လွတ်လပ်ခွင့်ပေးထားသနည်း။ ချည်နှောင်ထားသောမြင်းရိုင်းကြိုးကို မည်သူဖြေပေးသနည်း။ 6ကန္တာရကို သူ၏နေအိမ်၊ ဆားမြေကို သူနေစရာမြေအဖြစ် ငါပေးထားပြီ။ 7သူသည် မြို့ပြဆူညံသံကို ဂရုမစိုက်။ မောင်းနှင်သောသူတို့၏အော်ငေါက်သံကိုလည်း နားမထောင်။ 8စားကျက်ရှိရာတောင်ကုန်းများကို စူးစမ်းပြီးနောက် စိမ်းလန်းသောအပင်အမျိုးမျိုးကို ရှာဖွေတတ်၏။ 9နွားရိုင်းသည် သင်စေခိုင်းသောအရာကို လုပ်ပေးမည်လော။ သင်ထားသောတင်းကုပ်တွင် နေမည်လော။ 10နွားရိုင်းကို ကြိုးချည်ပြီး လယ်ထွန်ခိုင်း၍ ရမည်လော။ သင့်နောက်သို့လိုက်ပြီး ချိုင့်ဝှမ်းလွင်ပြင်တွင် လယ်ထွန်လိမ့်မည်လော။ 11သူသည် ခွန်အားကြီးသည်ဆိုပြီး သူ့ကို ယုံစား၍ရမည်လော။ သင်လုပ်ဆောင်ရမည့်အလုပ်ကြမ်းများကို သူ့အား လွှဲပေး၍ရမည်လော။ 12သင်၏ကောက်လှိုင်းများကို ယူဆောင်လာ၍ ကောက်နယ်တလင်းတွင် စုသိမ်းပေးမည်ဟု သင်ယုံသလော။ 13ငှက်ကုလားအုတ်သည် အတောင်ပံကို ဂုဏ်ယူဝင့်ကြွားစွာခတ်ပြသော်လည်း သူ့အတောင်ပံ၊ သူ့အမွေးသည် ငှက်ကျားနှင့် ယှဉ်နိုင်မည်လော။ 14သူသည် မြေပေါ်တွင် ဥပြီး ထိုဥတို့အနွေးဓာတ်ရရှိစေရန် မြေမှုန့်တွင် ထားခဲ့တတ်၏။ 15ထိုဥတို့ကို တက်နင်းမိမည်၊ တောရိုင်းတိရစ္ဆာန်တို့ နင်းခွဲမိမည်ကိုလည်း သတိမထားတတ်။ 16မိမိသားပေါက်တို့ကိုလည်း ကိုယ့်သားပေါက်မဟုတ်သကဲ့သို့ ကြမ်းတမ်းစွာပြု၏။ သူလုပ်ဆောင်သမျှ အချည်းနှီးဖြစ်မည်ကိုလည်း မကြောက်။ 17အကြောင်းမူကား ဘုရားသခင်သည် သူ့အား ဉာဏ်ပညာရှိခွင့်မပေး။ အသိဉာဏ်ကိုလည်း မပေး။ 18သို့သော် အတောင်ပံကိုအမြင့်ဆုံးဖြန့်ပြီးသောအချိန်တွင် မြင်းနှင့်မြင်းစီးသူကိုပင် လှောင်ရယ်တတ်၏။ 19မြင်းကို သင်ခွန်အားပေးနိုင်သလော။ မြင်း၏လည်ဆံမွေးကို သင်ပေါက်စေသလော။ 20သူ့ကို ကျိုင်းကောင်ကဲ့သို့ ခုန်ပေါက်တတ်စေနိုင်သလော။ သူ့နှာမှုတ်သံကြီးမှာ ကြောက်မက်ဖွယ်ကောင်း၏။ 21သူသည် ချိုင့်ဝှမ်းမြေတို့ကို ခွာနှင့်ပေါက်တတ်၏။ ခွန်အားကြီးခြင်း၌ ဂုဏ်ယူတတ်၏။ စစ်ပွဲသို့ ဒုန်းစိုင်းပြေးသွားတတ်၏။ 22ကြောက်မက်ဖွယ်ရာကိုပင် လှောင်ရယ်တတ်၏။ မည်သည့်အရာကိုမျှ မကြောက်တတ်။ ဓားရှေ့မှ ရှောင်သွားလေ့မရှိ။ 23သူ့အနီးတွင် မြားကျည်တောက်သံ တတောက်တောက်မြည်၍ လှံတိုလှံရှည်တို့ တလက်လက်တောက်ပနေသော်လည်း သူမကြောက်။ 24အားမာန်ပြင်းစွာ မြေကြီးပေါ် ဒုန်းစိုင်းပြေးသွားတတ်၏။ တံပိုးမှုတ်သံကြားလျှင် ဂနာမငြိမ်ဖြစ်တတ်၏။ 25တံပိုးမှုတ်လိုက်သည်နှင့် ဟီးကနဲအော်မြည်တတ်၏။ တိုက်ပွဲထဲမှ တပ်မှူးတို့၏စစ်ငြာသံနှင့် ကြွေးကြော်သံတို့ကို အဝေးမှ အာရုံရတတ်၏။ 26သိမ်းငှက်က သူ၏အတောင်ပံတို့ကိုဖြန့်ပြီး တောင်အရပ်သို့ ပျံသန်းသွားသည်မှာ သင်ပညာသင်ပေးထား၍လော။ 27လင်းယုန်ငှက်က အမြင့်သို့ပျံသန်း၍ အသိုက်ကိုလည်း အမြင့်ဆုံးနေရာ၌ဆောက်လုပ်တတ်သည်မှာ သင်အမိန့်ပေးထား၍လော။ 28သူသည် ကျောက်ဆောင်များကြားတွင် နေထိုင်တတ်၏။ ကျောက်အငူများ၊ လိုဏ်ဂူများတွင် ညအိပ်နားတတ်၏။ 29ထိုအရပ်တို့မှနေ၍ အစာကို ရှာတတ်၏။ သူ၏မျက်စိတို့သည် အဝေးသို့လှမ်းမြင်နိုင်၏။ 30သူ၏သားပေါက်များသည်ပင် သွေးစုပ်သောက်တတ်ကြ၏။ အသေကောင်များရှိရာအရပ်တွင် သူရှိတတ်၏”ဟု မုန်တိုင်းထဲမှ မိန့်တော်မူ၏။
Currently Selected:
ယောဘဝတ္ထု 39: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative