YouVersion Logo
Search Icon

ယောဘဝတ္ထု 37

37
1ဤ​အမှု​ကြောင့် အကျွန်ုပ်​သည် နှလုံးတုန်​ရင်ခုန်​ရ​ပါ​၏​။ 2ကိုယ်တော့်​ထံမှ မြည်ဟိန်း​သော​အသံ​၊ နှုတ်​တော်​မှ​ထွက်​သော​အသံ​တော်​ကို သေချာ​စွာ​နားထောင်​ကြ​လော့​။ 3ကိုယ်တော်​သည် အသံ​တော်​ကို ကောင်းကင်​အောက်​တစ်ခွင်လုံး​သို့ လွှတ်​တော်မူ​၍ မြေကြီး​စွန်း​တိုင်အောင် လျှပ်စီး​ကို​လက်​စေ​တော်မူ​၏​။ 4လျှပ်စီးလက်​ပြီးမှ အသံ​တော်​မြည်ဟိန်း​ထွက်လာ​၏​။ ဘုန်းကြီး​သော​အသံ​တော်​ဖြင့် မိုးခြိမ်း​စေ​တော်မူ​၏​။ အသံ​တော်​ကို​ကြား​ရ​သည်​နှင့် လျှပ်စီး​ကို အတားအဆီး​မ​ရှိ လွှတ်လိုက်​တော်မူ​၏​။ 5ဘုရားသခင်​သည် အံ့ဖွယ်​သော​အသံ​တော်​ဖြင့် မိုးခြိမ်း​စေ​တော်မူ​၏​။ ကြီးမြတ်​သော​အမှု​၊ ငါ​တို့​နား​မ​လည်​နိုင်​သော​အမှု​ကို ပြု​တော်မူ​၏​။ 6နှင်းပွင့်​ကို ‘မြေကြီး​ပေါ်သို့​ကျ​စေ’​၊ မိုးစက်​များ​ကို ‘​သည်းထန်​စွာ​ရွာသွန်း​စေ​’​ဟု အမိန့်ပေး​တော်မူ​၏​။ 7ကိုယ်တော်​သည် မိမိ​ပြု​တော်မူ​သော​အမှု​ကို လူ​အပေါင်း​တို့​သိ​မည့်​အကြောင်း လူ​တို့​လုပ်​သော​အလုပ်​ကို ရပ်စဲ​စေ​တော်မူ​၏​။ 8ထိုအခါ တိရစ္ဆာန်​တို့​သည် သားအောင်းဂူ​ထဲသို့ ဝင်သွား​ကြ​၍ တွင်း​ထဲတွင် အောင်း​နေ​ကြ​၏​။ 9လေပွေ​သည် တောင်​အရပ်​မှ​လည်းကောင်း​၊ အေးမြ​သော​လေ​သည် မြောက်​အရပ်​မှ​လည်းကောင်း တိုက်ခတ်​လာ​၏​။ 10ဘုရားသခင်​၏​ထွက်သက်လေ​ဖြင့် ရေခဲ​၍ ရေ​မျက်နှာပြင် အေးခဲ​လေ​၏​။ 11တိမ်တိုက်​ကို ရေငွေ့​များ​နှင့်​ဖွဲ့​ထား​၍ လျှပ်စီးလက်​သောအခါ မိုးတိမ်​များ​ကို​ကွဲလွင့်​သွား​စေ​၏​။ 12ကိုယ်တော်​စေညွှန်​ရာ​သို့ မိုးတိမ်​များ​လွင့်ပါ​သွား​၏​။ အမိန့်​တော်​အတိုင်း​ပြု​ဖို့​ရန် ကမ္ဘာ​လောက​တစ်ခွင်လုံး​သို့ လွင့်မျော​လေ​၏​။ 13ဒဏ်ခတ်​ဖို့​ဖြစ်စေ​၊ မြေကြီး​ဖို့​ဖြစ်စေ​၊ မေတ္တာပြ​ဖို့​ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်​များ​ကို​ဖြစ်ပေါ်​စေ​တတ်​၏​။ 14အို ယောဘ​၊ နားထောင်​ပါ​လော့​။ ငြိမ်ဝပ်​စွာ​နေ​၍ ဘုရားသခင်​ပြု​သော​အံ့ဖွယ်အမှု​တို့​ကို ဆင်ခြင်​ကြည့်​ပါ​လော့​။ 15ဘုရားသခင်​သည် မိုးတိမ်​များ​ကို မည်သို့​ထိန်းချုပ်​ထား​သည်​ကို​လည်းကောင်း​၊ မိုးတိမ်​ထဲမှ မည်သို့​လျှပ်စီးလက်​စေ​သည်​ကို​လည်းကောင်း သင်​သိ​ပါ​သလော​။ 16တိမ်တိုက်​များ မည်သို့​လွင့်မျော​နေ​သည်​ကို သင်​သိ​ပါ​သလော​။ ထို​အမှု​သည် အလုံးစုံ​ကို​သိမြင်​သော​အရှင် ပြု​တော်မူ​သည့် အံ့ဖွယ်​အမှု​ဖြစ်​၏​။ 17တောင်​လေ​ကြောင့် ကမ္ဘာမြေကြီး ဆိတ်ငြိမ်​သွား​ချိန်​တွင် အဘယ်ကြောင့် သင့်​အဝတ် ပူနွေး​နေ​သနည်း​။ 18သင်​သည် ကိုယ်တော်​နှင့်အတူ မိုးကောင်းကင်​ကို ကြေးမုံပြင်​ကဲ့သို့​သွန်းလုပ်​၍ ခိုင်ခံ့​စွာ​ဖြန့်ကြက်​ထား​သလော​။ 19ကိုယ်တော်​အား မည်သို့​ပြန်လျှောက်​ရ​မည်​ကို အကျွန်ုပ်​တို့​အား သင်ပြ​ပါ​။ အကျွန်ုပ်​တို့​မှာ အသိ​မှောင်မိုက်​သောကြောင့် အစီအစဉ်တကျ​မ​တင်ပြ​တတ်​ပါ​။ 20‘​ငါ ပြောစရာ​ရှိ​သည်​’​ဟု ကိုယ်တော့်​အား ဆို​သင့်​သလော​။ လူ​သည် အသက်ဆုံးရှုံး​ခံ​ပြီး ထိုသို့​ဆို​သင့်​သလော​။ 21လေတိုက်​၍ မိုးတိမ်​များ​ကင်းစင်​သွား​သောအခါ ကောင်းကင်​၌​တောက်ပ​သော​အလင်း​ကို လူ​တို့​မ​ကြည့်​နိုင်​။ 22မြောက်အရပ်​မှ ရွှေ​ရောင်​အလင်းတန်း ဖြာထွက်​လာ​၏​။ ဘုရားသခင်​၏​ဘုန်းကျက်သရေ​တော်​မှာ အံ့မခန်းဖွယ်​ပါ​တကား​။ 23အနန္တတန်ခိုးရှင်​ကို အကျွန်ုပ်​တို့ လိုက်​၍​မ​မီ​နိုင်​။ ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင် ဖြစ်​တော်မူ​၏​။ တရားမျှတ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့် ပြည့်စုံ​တော်မူ​၏​။ မတရား​သော​အမှု​ကို ပြု​တော်​မ​မူ​။ 24သို့ဖြစ်၍ လူ​တို့​သည် ကိုယ်တော့်​ကို ကြောက်ရွံ့​ကြ​ပါ​၏​။ မိမိကိုယ်ကို ပညာရှိ​ဟု မှတ်ယူ​သူ​တို့​အား ကိုယ်တော် အရေးစိုက်​တော်​မ​မူ”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in