YouVersion Logo
Search Icon

ယောဘဝတ္ထု 30

30
1ယခု​မူကား ငါ့​ထက်​အသက်ငယ်​သော​သူ​တို့​သည် ငါ့​ကို လှောင်ပြောင်​ကြ​လေ​ပြီ​။ သူ​တို့​၏​ဖခင်​များ​သည် ငါ့​သိုး​တို့​ကို​ထိန်းပေး​သော​ခွေး​များ​နှင့်အတူ​ထား​ဖို့​ပင် မတန်​သော​သူ​များ​ဖြစ်​ကြ​၏​။ 2သူ​တို့​သည် အားယုတ်​ကြ​ပြီ​ဖြစ်၍ သူ​တို့​၏​လက်ရုံးအား​ကို ငါ​ဘာလုပ်​ရ​မည်နည်း​။ 3သူ​တို့​သည် ဆင်းရဲ​ငတ်မွတ်​သောကြောင့် ပိန်ချုံး​ကြ​၏​။ ညအချိန်​တွင် ပျက်စီး​ဆိတ်သုဉ်း​ရာ ခြောက်သွေ့​သော​မြေ​သို့ ပြေးသွား​ကြ​၏​။ 4သူ​တို့​သည် ငန်ကျိ​နေ​သော​ချုံပင်ရွက်​များ​ကို ခူးစား​ခဲ့​ရ​၍ ရှားမြစ်​သည်​လည်း သူ​တို့​၏​အစာ​ဖြစ်​၏​။ 5သူခိုး​ကို အော်ဟစ်​မောင်းထုတ်​သကဲ့သို့ သူ​တို့​သည် လူ့​အသိုင်းအဝိုင်း​ထဲမှ မောင်းထုတ်​ခံရ​သူ​များ​ဖြစ်​၏​။ 6လျှိုမြောင်ချိုင့်ဝှမ်း​များ​၊ မြေတွင်း​များ​နှင့် ကျောက်တွင်း​များ​တွင် နေထိုင်​ရ​ကြ​၏​။ 7ချုံပုတ်​များ​အောက်​တွင် ဟီသံပြု​၍ ပေါင်းပင်​များ​ကြားတွင် တိုးဝှေ့​နေ​ရ​ကြ​၏​။ 8လူမိုက်​သားသမီး​များ​၊ နာမည်ပျက်သူ​၏​သားသမီး​များ​ဖြစ်၍ သူ​တို့​၏​ပြည်​မှ​နှင်ထုတ်​ခံရ​ကြ​၏​။ 9ယခုမှာ ငါ​သည် သူ​တို့​အဖို့ လှောင်ပြောင်​သီဆိုစရာ​၊ သူ​တို့​အလယ်​တွင် ပုံခိုင်းပြောဆိုစရာ ဖြစ်​ရ​လေ​ပြီ​။ 10သူ​တို့​သည် ငါ့​ကို စက်ဆုပ်ရွံရှာ​သဖြင့် ဝေးဝေးရှောင်​နေ​ကြ​၏​။ ငါ့​မျက်နှာ​ကို တံတွေးထွေး​ဖို့​ပင် ဝန်​မ​လေး​ကြ​။ 11ကိုယ်တော်​သည် ငါ့​လေးကြိုး​ကို လျော့ရဲ​စေ​၍ ငါ့​ကို ဒုက္ခရောက်​စေ​၏​။ သူ​တို့​သည်​လည်း ငါ့​ရှေ့​တွင် ဇက်ကြိုး​ကို ဖြတ်တောက်​ပစ်​ကြ​၏​။ 12သူ​တို့​သည် လက်ယာ​ဘက်​မှ​နေ​၍ အုပ်စုလိုက် ထကြွ​ကြ​လျက် ငါ့​ခြေ​ကို တွန်း​ကြ​၏​။ ငါ့​ကို ဖျက်ဆီး​ရန် နည်းလမ်း​ရှာကြံ​ကြ​၏​။ 13ငါ​သွား​မည့်​လမ်း​ကို​ဖျက်ဆီး​၍ ငါ့​ကို ပို​ပြီး​ဒုက္ခပေး​ကြ​၏​။ သူ​တို့​ကို ဆီးတား​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​။ 14အပေါက်​အကျယ်ကြီး​ကို ဖြတ်ဝင်လာ​သကဲ့သို့ သူ​တို့​သည် ဝင်လာ​ကြ​၍ တစ်ဟုန်ထိုး​ပြေးလာ​ကြ​၏​။ 15ထိတ်လန့်ဖွယ်ဘေး​တို့​သည် ငါ့​ထံသို့ ပြေးဝင်​လာ​၍ ငါ့​ဂုဏ်သရေ​ကို လေ​ကဲ့သို့ တိုက်ချ​လေ​ပြီ​။ ငါ​၏​စည်းစိမ်ဥစ္စာ​ကို​လည်း တိမ်တိုက်​ကဲ့သို့ လွင့်မျော​သွား​စေ​ပြီ​။ 16ယခုမှာ ငါ့​စိတ်ဝိညာဉ် မြေခ​လု​ပြီ​။ ဒုက္ခ​နေ့ရက်​များ​သည်​လည်း ငါ့​ကို ဆုပ်ကိုင်​ထား​လေ​ပြီ​။ 17ညဘက်​ရောက်​လျှင် ငါ့​အရိုး​တို့​သည် အလွန်​ကိုက်ခဲ​၏​။ ဝေဒနာ​များ​သည်​လည်း သက်သာ​ခြင်း မ​ရှိ​။ 18ငါ့​အဝတ်​သည် အား​ပြင်းပြင်း​နှင့်​ဆွဲဆုတ်​ခံရ​သဖြင့် ပုံပျက်ပန်းပျက်​ဖြစ်​ကာ လည်ပင်း​ကြပ်​နေ​သော​အင်္ကျီ​ကဲ့သို့ ငါ့​ကို ရစ်ပတ်​ထား​၏​။ 19ငါ့​ကို ရွှံ့​ထဲသို့​ပစ်ချ​တော်မူ​သဖြင့် ငါ​သည် မြေမှုန့်​၊ ပြာမှုန့်​ကဲ့သို့ ဖြစ်​ရ​ပါ​၏​။ 20ကိုယ်တော့်​ထံ အကျွန်ုပ်​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း ထူး​တော်​မ​မူ​။ မတ်တတ်ရပ်​ပြ​သော်လည်း အကျွန်ုပ်​ကို ဤအတိုင်း​ကြည့်​တော်မူ​၏​။ 21ကိုယ်တော်​သည် အကျွန်ုပ်​ကို ရက်စက်​စွာ​ပြု​တော်မူ​ပြီ​။ အားကြီး​သော​လက်​တော်​ဖြင့် ညှဉ်းဆဲ​တော်မူ​ပြီ​။ 22အကျွန်ုပ်​ကို ဆွဲမ​ပြီး လေ​ထဲသို့ ပစ်လွှတ်​လိုက်​သဖြင့် အကျွန်ုပ်​သည် လေပြင်းမုန်တိုင်း​ထဲတွင် လူးလွန့်လွင့်ပါ​သွား​ပါ​၏​။ 23အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​သို့​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အားလုံး​စုတေ့​ရာ​သို့​လည်းကောင်း အရောက်ပို့​မည်​ကို အကျွန်ုပ်​သိ​ပါ​၏​။ 24အကယ်စင်စစ် ဒုက္ခရောက်​နေ​သော​သူ​သည် လက်​မ​ဆန့်​ဘဲ​နေ​မည်လော​။ ဒုက္ခ​ရောက်​သောအခါ အကူအညီ​မ​တောင်း​ဘဲ​နေ​မည်လော​။ 25ဒုက္ခ​ရောက်​သော​သူ​အတွက် ငါ​မ​ငိုကြွေး​ဘဲ​နေ​ခဲ့​သလော​။ နွမ်းပါး​သော​သူ​အတွက် ငါ​ဝမ်း​မ​နည်း​ဘဲ​နေ​ခဲ့​သလော​။ 26အကောင်း​ကို စောင့်မျှော်​သောအခါ အဆိုး​များ​သာ ရောက်လာ​၏​။ အလင်း​ကို မျှော်လင့်​သောအခါ အမှောင်​သာ ရောက်လာ​၏​။ 27ငါ့​ရင်​ထဲတွင် မနားတမ်း​ဗလောင်ဆူ​နေ​၏​။ ဒုက္ခ​နေ့ရက်​များ​ကို​သာ ငါ​ကြုံ​နေ​ရ​၏​။ 28ငါ​သည် နေရောင်​ကွယ်​ရာ အမှောင်​ထဲတွင် သွားလာ​ရ​၏​။ လူစုလူဝေး​ထဲတွင်​ရပ်​၍ အကူအညီ​အော်ဟစ်​တောင်းခံ​ရ​၏​။ 29ခွေးအ​တို့​နှင့် ညီအစ်ကို​တော်​ရ​၏​။ ငှက်ကုလားအုတ်​တို့​နှင့် မိတ်ဆွေ​ဖွဲ့​ရ​၏​။ 30ငါ့​အရေပြား​များ ညိုမဲ​သွား​ပြီး ကွာကျ​ကုန်​ပါ​ပြီ​။ ငါ့​ကိုယ်ခန္ဓာ​သည်​လည်း အဖျား​ကြောင့် ပူခြစ်​လျက်​ရှိ​ပါ​၏​။ 31ငါ့​စောင်း​သည် မြည်တမ်းသီချင်း​သီဆို​ရန်​၊ ငါ့​ပလွေ​သည်​လည်း ငိုကြွေးသီချင်း​သီဆို​ရန် ဖြစ်သွား​ရ​ပြီ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in