ယောဘဝတ္ထု 31
31
1ငါ့မျက်စိနှင့် ကတိပြုထားပြီဖြစ်၍ မိန်းမပျိုကို အဘယ်သို့ကြည့်နိုင်မည်နည်း။ 2အထက်အရပ်ရှိဘုရားသခင်ထံမှ မည်သည့်ဝေစုကို ရမည်နည်း။ မြင့်ရာအရပ်ရှိအနန္တတန်ခိုးရှင်ထံမှ မည်သည့်အမွေကို ရမည်နည်း။ 3ဘေးဒုက္ခသည် ဒုစရိုက်ပြုသောသူတို့အဖို့၊ ကပ်ဘေးသည် အပြစ်ကျူးလွန်သောသူတို့အဖို့ မဟုတ်လော။ 4ကိုယ်တော်သည် ငါလျှောက်သောလမ်းကို မြင်တော်မူသည်ဖြစ်၍ ငါ၏ခြေလှမ်းတိုင်းကို ရေတွက်တော်မူသည်မဟုတ်လော။ 5အကယ်၍ ငါသည် လမ်းမှားကို လိုက်လျှောက်၍ ငါ့ခြေသည် လိမ်လည်လှည့်ဖြားခြင်းနောက်သို့ ပြေးလိုက်ခဲ့မိလျှင် 6ဖြောင့်မတ်ခြင်းချိန်ခွင်ဖြင့် ချိန်စက်ကြည့်ပါစေ။ ငါဖြောင့်မတ်တည်ကြည်ကြောင်းကို ဘုရားသခင် သိတော်မူလိမ့်မည်။ 7ငါသည် သွားနေသောလမ်းမှ ခြေလှမ်းလွဲခဲ့လျှင်၊ ငါ့စိတ်နှလုံးသည် မျက်စိအလိုနောက်သို့ လိုက်ခဲ့လျှင်၊ ငါ့လက်သည် အညစ်အကြေးစွန်းထင်းခဲ့လျှင် 8ငါကြဲသောမျိုးစေ့ကို အခြားသူစားပါစေ။ ငါ့ကောက်ပဲသီးနှံများသည်လည်း နုတ်ပစ်ခြင်းခံရပါစေ။ 9ငါသည် မိန်းမ၏သွေးဆောင်ရာသို့ စိတ်ပါသွားပြီး အိမ်နီးချင်းတံခါးဝတွင် ချောင်းမြောင်းမိလျှင် 10ငါ့မိန်းမသည် အခြားသူ၏မိန်းမအတွက် ကြိတ်ဆုံကြိတ်ရပါစေ။ အခြားသူတို့သည် သူ့ကို ရှုတ်ချကြပါစေ။ 11အကြောင်းမူကား ဤသို့ပြုခြင်းသည် ညစ်ညမ်းသောအမှု၊ အပြစ်ဒဏ်ခံထိုက်သောအမှုဖြစ်၏။ 12ပျက်စီးခြင်းနိုင်ငံတိုင်အောင် လောင်ကျွမ်းသောမီး၊ ငါ၏ကောက်ပဲသီးနှံပင်အားလုံးကို အမြစ်ပါမကျန် လောင်ကျွမ်းသောမီးဖြစ်၏။ 13ငါ့ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့သည် ငါ့အပေါ်မကျေမနပ်ဖြစ်သောအခါ ငါသည် တရားမျှတစွာမစီရင်ပေးသဖြင့် 14ဘုရားသခင်ထတော်မူလျှင် ငါမည်သို့ပြုရမည်နည်း။ စစ်ဆေးတော်မူလျှင် ငါမည်သို့လျှောက်ရမည်နည်း။ 15ငါ့ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသောအရှင်သည် သူတို့ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ ငါတို့ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသောအရှင်သည် တစ်ပါးတည်းဖြစ်တော်မူသည်မဟုတ်လော။ 16ငါသည် ဆင်းရဲသားတို့ တောင်းဆိုသည်ကို မဖြည့်ဆည်းပေးဘဲ မုဆိုးမမျက်နှာကိုလည်း ညှိုးငယ်စေခဲ့ဖူးသလော။ 17မိဘမဲ့အား မကျွေးဘဲ ကိုယ့်မုန့်ကို ကိုယ်တစ်ယောက်တည်းစားခဲ့ဖူးသလော။ 18ငါသည် ငယ်စဉ်ကပင် မိဘမဲ့ကို ဖခင်သဖွယ် ကျွေးမွေးစောင့်ရှောက်ခဲ့၏။ အမိဝမ်းတွင်းမှထွက်လာကတည်းက မုဆိုးမကို မစခဲ့၏။ 19ဝတ်စရာမရှိ၊ ခြုံစရာမရှိသဖြင့် ဘဝပျက်နေရသည့်နွမ်းပါးသူတစ်စုံတစ်ဦးကို မြင်ရသောအခါ 20ငါ့သိုးမွေးထည်ဖြင့် သူ့ကို နွေးအောင်မလုပ်ပေးခဲ့၍ သူ၏ကိုယ်#31:20 တိုက်ရိုက်ပြန်ဆိုလျှင် “သူ၏ခါး”။သည်လည်း ငါ့ကို ကျေးဇူးမတင်ခဲ့လျှင်၊ 21မြို့တံခါးတွင် ငါ့ကိုကူညီမည့်သူကိုတွေ့သောကြောင့် မိဘမဲ့တို့ကို ငါလက်ရွယ်ခဲ့မိလျှင် 22ငါ့လက်မောင်းသည် ပခုံးမှ ပြုတ်ထွက်ပါစေ။ လက်မောင်းအဆစ် ကျိုးပါစေ။ 23ဘုရားသခင်ထံမှလာမည့်ဘေးဒုက္ခကို ငါကြောက်၏။ ဘုန်းတော်ကြောင့် မည်သည့်အမှုကိုမျှ ငါမပြုဝံ့ပါ။ 24ငါသည် ရွှေကိုအားကိုး၍ ရွှေစင်ကို ကိုးစားခဲ့မိလျှင်၊ 25ငါ၌ ဥစ္စာပစ္စည်းများစွာရှိ၍ ငါ့လက်ဝယ်ငွေအမြောက်အမြားရှိသောကြောင့် ငါဝမ်းမြောက်မိခဲ့လျှင်၊ 26ငါသည် တောက်ပသောနေမင်းနှင့် ကျက်သရေရှိရှိ ရွေ့နေသောလကို ကြည့်ပြီး 27ငါ့စိတ်သည် တိတ်တဆိတ်သွေးဆောင်ခံရ၍ လက်အုပ်ချီရှိခိုး#31:27 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့နှုတ်သည် ငါ့လက်ကိုနမ်း”။မိလျှင် 28ဤသို့ပြုခြင်းသည်လည်း အထက်အရပ်ရှိဘုရားသခင်ကို ငြင်းဆန်ရာရောက်သဖြင့် ဒဏ်ခံထိုက်သောအပြစ် ဖြစ်၏။ 29ငါ့ကိုမုန်းသောသူတို့ ဘဝပျက်သောအခါ ငါဝမ်းမြောက်၍ ဒုက္ခရောက်သောအခါ ငါကခုန်ခဲ့ဖူးသလော။ 30သူတစ်ပါးအသက်ဘေးရောက်အောင် ကျိန်ဆဲခြင်းဖြင့် ငါ့နှုတ်ကိုအပြစ်ပြုခွင့် မပေးခဲ့ပါ။ 31ငါ့တဲ၌နေသောသူတို့က ‘သူကျွေးသောအသားကို ဝလင်စွာမစားရသောသူ ရှိသလော’ဟု ဆိုလေ့ရှိသည်မဟုတ်လော။ 32ခရီးသွားဧည့်သည်တို့ လမ်းပေါ်တွင် မအိပ်ရအောင် ခရီးသည်အဖို့ ငါ့အိမ်တံခါးကို ဖွင့်ထားလျက်ရှိ၏။ 33ငါသည် အခြားသောသူတို့ပြုတတ်သကဲ့သို့ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖူးသလော။ ကိုယ့်ဒုစရိုက်ကို စိတ်ထဲ၌ဝှက်ထားဖူးသလော။ 34ငါသည် လူအုပ်ကြီးကို ကြောက်၍ ဆွေမျိုးသားချင်းတို့ ကဲ့ရဲ့မည်ကို စိုးရိမ်သဖြင့် တံခါးအပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာနေဖူးသလော။ 35ငါပြောသောစကားများကို မည်သူနားထောင်ပေးမည်နည်း။ ကြည့်ကြပါ။ ငါလက်မှတ်ထိုးပြီဖြစ်၍ အနန္တတန်ခိုးရှင်သည် ငါ့စကားကိုနားညောင်းတော်မူပါစေသော။ ငါ့ကိုစွဲချက်တင်သောသူသည် စွဲချက်ကို ရေးမှတ်ပါစေသော။ 36သို့ပြုလျှင် ထိုစွဲချက်ကို ငါ့ပခုံးထက်တွင် တင်ထားမည်။ သရဖူကဲ့သို့ ဆောင်းထားမည်။ 37ငါလျှောက်သည့်လမ်းကို#31:37 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့ခြေလှမ်းအရေအတွက်ကို”။ ကိုယ်တော့်အား လျှောက်တင်မည်။ အုပ်ချုပ်သူမင်းတစ်ပါးကဲ့သို့ ကိုယ်တော့်ထံ ချဉ်းကပ်မည်။ 38ငါ့မြေကွက်သည် ငါ့ကို ဆန့်ကျင်လျက်အော်ဟစ်၍ ထွန်ကြောင်းများ တစ်ပြိုင်တည်းငိုကြွေးကြလျှင်လည်းကောင်း၊ 39ငါသည် မြေအသီးအနှံကို အဖိုးအခမပေးဘဲ စားသုံး၍ မြေရှင်၏အသက်ကို ဆုံးရှုံးစေခဲ့လျှင်လည်းကောင်း 40ဂျုံပင်အစား ဆူးပင်ပေါက်ပါစေ။ မုယောပင်အစား ပေါင်းပင်ပေါက်ပါစေ”ဟု မြွက်ဆိုလေ၏။ ယောဘပြောဆိုသောစကား ပြီးဆုံးပါပြီ။
Currently Selected:
ယောဘဝတ္ထု 31: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative