ယောဘဝတ္ထု 24
24
1အနန္တတန်ခိုးရှင်သည် အချိန်ကာလကို အဘယ်ကြောင့် သတ်မှတ်တော်မမူသနည်း။ ကိုယ်တော်နှင့်သိကျွမ်းသောသူတို့သည် ကိုယ်တော်၏နေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။ 2လူတို့သည် နယ်နိမိတ်စည်းများကို ရွှေ့ပစ်တတ်ကြ၏။ လုယူသောတိရစ္ဆာန်များကို ထိန်းကျောင်းတတ်ကြ၏။ 3မိဘမဲ့တို့၏မြည်းကို ယူဆောင်သွားတတ်ကြ၏။ မုဆိုးမ၏နွားကိုပင် အပေါင်ပစ္စည်းအဖြစ် သိမ်းယူတတ်ကြ၏။ 4လူတို့သည် နွမ်းပါးသောသူတို့ကို လမ်းပေါ်မှတွန်းဖယ်တတ်ကြ၏။ အဖိနှိပ်ခံရသောပြည်သားတို့သည် စုပြီးပုန်းရှောင်နေရကြ၏။ 5ကြည့်ရှုလော့။ သူတို့သည် ကန္တာရမြည်းရိုင်းကဲ့သို့ အစာကို ကြိုးစား၍လိုက်လံရှာဖွေစားရ၏။ ကန္တာရသည်သာ သူတို့၏သားသမီးအဖို့ အစားအစာကို ရရှိစေ၏။ 6တိရစ္ဆာန်အစာကို လယ်ကွင်းတွင် လိုက်ရိတ်ရ၏။ ဆိုးယုတ်သောသူတို့၏စပျစ်ခြံတွင် ကောက်သင်းကောက်ရ၏။ 7ညအိပ်သောအခါ အဝတ်မပါဘဲ အချည်းစည်းအိပ်ရ၏။ ချမ်းအေးသောအခါတွင်လည်း ခြုံစရာမရှိ။ 8တောင်ပေါ်မိုးကြောင့် စိုရွှဲကုန်၏။ ခိုလှုံစရာမရှိသောကြောင့် ကျောက်ဆောင်များကြားတွင် ခိုနေရ၏။ 9လူတို့သည် ဖတဆိုးကို အမိရင်ခွင်မှ ဆွဲထုတ်၏။ ဆင်းရဲသားထံမှ အပေါင်ပစ္စည်းကို သိမ်းယူ၏။ 10ဆင်းရဲသားတို့သည် အဝတ်မပါ ကိုယ်ဗလာနှင့် သွားလာကြရ၏။ ဆာလောင်လျက်နှင့်ပင် ကောက်လှိုင်းစည်းကို သယ်ကြရ၏။ 11သံလွင်ပင်တန်းများကြားတွင် ဆီကြိတ်လျက်၊ စပျစ်သီးနင်းနယ်လျက်နှင့်ပင် ရေငတ်နေကြရ၏။ 12မြို့သားတို့သည် ညည်းတွားလျက်၊ ဒဏ်ရာရသူတို့သည်လည်း အကူအညီအော်ဟစ်တောင်းခံလျက် နေရပါ၏။ သို့သော် ထိုမတရားမှုကို ဘုရားသခင် အရေးစိုက်တော်မမူ။ 13အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ကြ၏။ အလင်း၏လမ်းစဉ်များကို အသိအမှတ်မပြုကြ။ အလင်း၏လမ်းစဉ်အတိုင်း မနေထိုင်လိုကြ။ 14လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။ 15အိမ်ထောင်ရေးဖောက်ပြန်သောသူသည်လည်း ‘မည်သူမျှ ငါ့ကို မမြင်’ဟု တွေးထင်လျက် မျက်နှာကိုဖုံးကာ မှောင်ရီပျိုးချိန်ကို စောင့်မျှော်နေတတ်၏။ 16သူခိုးတို့သည် မှောင်ရိပ်ခိုပြီး အိမ်ကိုဖောက်ထွင်း၏။ နေ့အချိန်တွင်မူကား အလင်းကိုရှောင်၍ အိမ်ထဲတွင် ပုန်းအောင်းနေ၏။ 17နံနက်အချိန်သည် သူတို့အဖို့ သေမင်းအရိပ်ကဲ့သို့ဖြစ်၏။ သူတို့သည် ထိတ်လန့်ဖွယ်သောသေမင်းအရိပ်နှင့် အကျွမ်းဝင်ကြ၏။ 18သူတို့သည် ရေမျက်နှာပြင်ပေါ်တွင် မျောပါသွားလိမ့်မည်။ သူတို့၏အမွေမြေသည် ကျိန်ဆဲခံရသဖြင့် မည်သူမျှ ကိုယ့်စပျစ်ခြံများသို့ သွားရတော့မည်မဟုတ်။ 19မိုးခေါင်၍အပူရှိန်သည် နှင်းပွင့်ကို ဝါးမျိုသကဲ့သို့ မရဏာနိုင်ငံသည် အပြစ်ပြုသောသူတို့ကို ဝါးမျိုလိမ့်မည်။ 20သူ့မိခင်သည်ပင် သူ့ကို မေ့လျော့ပြီး လောက်ကောင်များသည် သူ့အသားကို မြိန်ရှက်စွာစားသောက်သွားသဖြင့် သူ့ကို သတိရကြတော့မည်မဟုတ်။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးပဲ့သွားရလိမ့်မည်။ 21သူသည် မြုံနေ၍ သားမဖွားသောမိန်းမကို အနိုင်ကျင့်တတ်၏။ မုဆိုးမကိုလည်း ကျေးဇူးမပြုတတ်။ 22သို့သော် ကိုယ်တော်သည် အားကြီးသောသူကို တန်ခိုးတော်ဖြင့် လှဲချတော်မူမည်။ သူပြန်ထလာလျှင်ပင် သူ့အသက်အတွက် အာမခံချက် ရှိမည်မဟုတ်။ 23ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။ 24သူတို့သည် ခဏတာချီးမြှောက်ခံရပြီးမှ ပျောက်ကွယ်သွားရလိမ့်မည်။ နှိမ့်ချခြင်းခံရ၍ အများသူငါကဲ့သို့ စုသိမ်းခြင်းခံရလိမ့်မည်။ ကောက်နှံကဲ့သို့ ရိတ်ဖြတ်ခြင်း ခံရလိမ့်မည်။ 25သို့မဟုတ်လျှင် ငါလိမ်ပြောသည်ဟု မည်သူသက်သေပြမည်နည်း။ ငါ့စကားသည် အဓိပ္ပာယ်မရှိဟု မည်သူထောက်ပြမည်နည်း”ဟု ဆိုလေ၏။
Currently Selected:
ယောဘဝတ္ထု 24: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative