YouVersion Logo
Search Icon

ယောဘဝတ္ထု 24

24
1အနန္တတန်ခိုးရှင်​သည် အချိန်​ကာလ​ကို အဘယ်ကြောင့် သတ်မှတ်​တော်​မ​မူ​သနည်း​။ ကိုယ်တော်​နှင့်​သိကျွမ်း​သော​သူ​တို့​သည် ကိုယ်တော်​၏​နေ့ရက်​ကို အဘယ်ကြောင့် မ​မြင်​ရ​သနည်း​။ 2လူ​တို့​သည် နယ်နိမိတ်စည်း​များ​ကို ရွှေ့ပစ်​တတ်​ကြ​၏​။ လုယူ​သော​တိရစ္ဆာန်​များ​ကို ထိန်းကျောင်း​တတ်​ကြ​၏​။ 3မိဘမဲ့​တို့​၏​မြည်း​ကို ယူဆောင်​သွား​တတ်​ကြ​၏​။ မုဆိုးမ​၏​နွား​ကို​ပင် အပေါင်ပစ္စည်း​အဖြစ် သိမ်းယူ​တတ်​ကြ​၏​။ 4လူ​တို့​သည် နွမ်းပါး​သော​သူ​တို့​ကို လမ်း​ပေါ်မှ​တွန်းဖယ်​တတ်​ကြ​၏​။ အဖိနှိပ်​ခံရ​သော​ပြည်သား​တို့​သည် စု​ပြီး​ပုန်းရှောင်​နေ​ရ​ကြ​၏​။ 5ကြည့်ရှု​လော့​။ သူ​တို့​သည် ကန္တာရ​မြည်းရိုင်း​ကဲ့သို့ အစာ​ကို ကြိုးစား​၍​လိုက်လံ​ရှာဖွေ​စား​ရ​၏​။ ကန္တာရ​သည်​သာ သူ​တို့​၏​သားသမီး​အဖို့ အစားအစာ​ကို ရ​ရှိ​စေ​၏​။ 6တိရစ္ဆာန်​အစာ​ကို လယ်ကွင်း​တွင် လိုက်ရိတ်​ရ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​စပျစ်ခြံ​တွင် ကောက်သင်းကောက်​ရ​၏​။ 7ညအိပ်​သောအခါ အဝတ်မပါ​ဘဲ အချည်းစည်း​အိပ်​ရ​၏​။ ချမ်းအေး​သောအခါ​တွင်​လည်း ခြုံစရာ​မ​ရှိ​။ 8တောင်​ပေါ်​မိုး​ကြောင့် စိုရွှဲ​ကုန်​၏​။ ခိုလှုံစရာ​မ​ရှိ​သောကြောင့် ကျောက်ဆောင်​များ​ကြားတွင် ခို​နေ​ရ​၏​။ 9လူ​တို့​သည် ဖတဆိုး​ကို အမိ​ရင်ခွင်​မှ ဆွဲထုတ်​၏​။ ဆင်းရဲသား​ထံမှ အပေါင်ပစ္စည်း​ကို သိမ်းယူ​၏​။ 10ဆင်းရဲသား​တို့​သည် အဝတ်မပါ ကိုယ်ဗလာ​နှင့် သွားလာ​ကြ​ရ​၏​။ ဆာလောင်​လျက်​နှင့်​ပင် ကောက်လှိုင်းစည်း​ကို သယ်​ကြ​ရ​၏​။ 11သံလွင်ပင်တန်း​များ​ကြားတွင် ဆီကြိတ်​လျက်​၊ စပျစ်သီးနင်းနယ်​လျက်​နှင့်​ပင် ရေငတ်​နေ​ကြ​ရ​၏​။ 12မြို့သား​တို့​သည် ညည်းတွား​လျက်​၊ ဒဏ်ရာ​ရ​သူ​တို့​သည်​လည်း အကူအညီ​အော်ဟစ်​တောင်းခံ​လျက် နေ​ရ​ပါ​၏​။ သို့သော် ထို​မတရားမှု​ကို ဘုရားသခင် အရေးစိုက်​တော်​မ​မူ​။ 13အချို့​သော​သူ​တို့​သည် အလင်း​ကို ဆန့်ကျင်​ကြ​၏​။ အလင်း​၏​လမ်းစဉ်​များ​ကို အသိအမှတ်​မ​ပြု​ကြ​။ အလင်း​၏​လမ်းစဉ်​အတိုင်း မ​နေထိုင်​လို​ကြ​။ 14လူသတ်သမား​သည် အရုဏ်တက်​ချိန်​တွင် ထ​၍ ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို သတ်​တတ်​၏​။ ညဘက်​တွင်​မူကား သူ​သည် သူခိုး​ကဲ့သို့​ဖြစ်​၏​။ 15အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည်​လည်း ‘မည်သူ​မျှ ငါ့​ကို မ​မြင်’​ဟု တွေးထင်​လျက် မျက်နှာ​ကို​ဖုံး​ကာ မှောင်ရီပျိုး​ချိန်​ကို စောင့်မျှော်​နေ​တတ်​၏​။ 16သူခိုး​တို့​သည် မှောင်ရိပ်ခို​ပြီး အိမ်​ကို​ဖောက်ထွင်း​၏​။ နေ့​အချိန်​တွင်​မူကား အလင်း​ကို​ရှောင်​၍ အိမ်​ထဲတွင် ပုန်းအောင်း​နေ​၏​။ 17နံနက်အချိန်​သည် သူ​တို့​အဖို့ သေမင်း​အရိပ်​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​သည် ထိတ်လန့်ဖွယ်​သော​သေမင်းအရိပ်​နှင့် အကျွမ်းဝင်​ကြ​၏​။ 18သူ​တို့​သည် ရေ​မျက်နှာပြင်​ပေါ်တွင် မျောပါ​သွား​လိမ့်မည်​။ သူ​တို့​၏​အမွေ​မြေ​သည် ကျိန်ဆဲ​ခံရ​သဖြင့် မည်သူ​မျှ ကိုယ့်​စပျစ်ခြံ​များ​သို့ သွား​ရ​တော့​မည်​မ​ဟုတ်​။ 19မိုးခေါင်​၍​အပူရှိန်​သည် နှင်းပွင့်​ကို ဝါးမျို​သကဲ့သို့ မရဏာနိုင်ငံ​သည် အပြစ်ပြု​သော​သူ​တို့​ကို ဝါးမျို​လိမ့်မည်​။ 20သူ့​မိခင်​သည်​ပင် သူ့​ကို မေ့လျော့​ပြီး လောက်ကောင်​များ​သည် သူ့​အသား​ကို မြိန်ရှက်​စွာ​စားသောက်​သွား​သဖြင့် သူ့​ကို သတိရ​ကြ​တော့​မည်​မ​ဟုတ်​။ မတရား​သော​သူ​သည် သစ်ပင်​ကဲ့သို့ ကျိုးပဲ့​သွား​ရ​လိမ့်မည်​။ 21သူ​သည် မြုံ​နေ​၍ သား​မ​ဖွား​သော​မိန်းမ​ကို အနိုင်ကျင့်​တတ်​၏​။ မုဆိုးမ​ကို​လည်း ကျေးဇူး​မ​ပြု​တတ်​။ 22သို့သော် ကိုယ်တော်​သည် အားကြီး​သော​သူ​ကို တန်ခိုး​တော်​ဖြင့် လှဲချ​တော်မူ​မည်​။ သူ​ပြန်​ထလာ​လျှင်ပင် သူ့​အသက်​အတွက် အာမခံချက် ရှိ​မည်​မ​ဟုတ်​။ 23ကိုယ်တော်​သည် သူ​တို့​ကို ဘေးကင်းလုံခြုံ​စွာ​ဖြင့် နား​နေ​ရ​သော​အခွင့်ပေး​တော်မူ​၍ သူ​တို့​သွား​သော​လမ်း​များ​ကို​လည်း စောင့်ကြည့်​တော်မူ​၏​။ 24သူ​တို့​သည် ခဏတာ​ချီးမြှောက်​ခံရ​ပြီးမှ ပျောက်ကွယ်​သွား​ရ​လိမ့်မည်​။ နှိမ့်ချ​ခြင်း​ခံရ​၍ အများသူငါ​ကဲ့သို့ စုသိမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်နှံ​ကဲ့သို့ ရိတ်ဖြတ်​ခြင်း ခံရ​လိမ့်မည်​။ 25သို့မဟုတ်လျှင် ငါ​လိမ်ပြော​သည်​ဟု မည်သူ​သက်သေပြ​မည်နည်း​။ ငါ့​စကား​သည် အဓိပ္ပာယ်​မ​ရှိ​ဟု မည်သူ​ထောက်ပြ​မည်နည်း​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in