ယောဘဝတ္ထု 23
23
ယောဘက ဧလိဖတ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘက 2“ယနေ့တွင် ဝေဒနာကို ခါးသီးစွာခံစားနေရပါ၏။ ညည်းတွားရလွန်း၍ ငါလက်ပန်းကျကုန်ပြီ။ 3ကိုယ်တော်အား မည်သည့်အရပ်၌တွေ့နိုင်မည်ကို ငါသိလိုပါ၏။ စံမြန်းတော်မူရာသို့ ငါရောက်လိုပါ၏။ 4သို့မှသာ ငါ့အမှုကို ကိုယ်တော့်ရှေ့တွင် တင်ပြနိုင်မည်။ ငါ့နှုတ်ဖြင့် အလုံးစုံချေပပြောဆိုနိုင်မည်။ 5ကိုယ်တော်ပြန်၍မိန့်တော်မူမည့်စကားတို့ကိုလည်း ငါသိရမည်။ ကိုယ်တော်မိန့်ဆိုသောစကားတို့ကိုလည်း ငါနားလည်နိုင်မည်။ 6ကိုယ်တော်သည် မဟာတန်ခိုးတော်ဖြင့် ငါ့ကို ငြင်းဆန်မည်လော။ ထိုသို့မဟုတ်ပါ။ အကယ်စင်စစ် ကိုယ်တော်သည် ငါ့စကားကို နားထောင်ပေးတော်မူလိမ့်မည်။ 7ထိုအရပ်တွင် ဖြောင့်မှန်သောသူတို့ လျှောက်လဲခွင့်ရှိ၏။ ငါ့ကိုစီရင်သောအရှင်သည် ငါ့ကိုထာဝရလွတ်မြောက်ခွင့်ပေးလိမ့်မည်။ 8ယခုမူကား အရှေ့ဘက်သို့သွားလျှင်လည်း ကိုယ်တော်မရှိ။ အနောက်ဘက်သို့သွားလျှင်လည်း ကိုယ်တော့်ကိုမတွေ့။ 9မြောက်ဘက်တွင် အလုပ်လုပ်တော်မူသည်ဟုဆိုသော်လည်း ငါမတွေ့ရ။ တောင်ဘက်သို့လှည့်တော်မူပြီဟုဆိုပြန်သော်လည်း ငါမမြင်ရပါတကား။ 10သို့သော် ကိုယ်တော်သည် ငါသွားရာလမ်းကို သိတော်မူ၏။ ကိုယ်တော်သည် ငါ့ကို စစ်ဆေးတော်မူပြီးမှ ငါသည် ရွှေကဲ့သို့ ပေါ်လာလိမ့်မည်။ 11ငါသည် ခြေတော်ရာအတိုင်း ထက်ကြပ်မကွာလိုက်ပါ၏။ လမ်းတော်ကိုမလွှဲမရှောင်ဘဲ လိုက်လျှောက်ပါ၏။ 12နှုတ်တော်ထွက်ပညတ်တော်တို့ကို ငါမပယ်၊ နှုတ်တော်ထွက်စကားတော်တို့ကို အစားအစာထက် ပို၍နှစ်သက်ပါ၏။ 13သို့သော် ကိုယ်တော်သည် ပြောင်းလဲခြင်းမရှိ။ ကိုယ်တော်ကို မည်သူမျှ ပြောင်းလဲအောင်မပြုနိုင်။ စိတ်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါ၏။ 14ငါ့အဖို့ ကြံရွယ်ထားသောအရာကို ပြုတော်မူလိမ့်မည်။ ထိုသို့ ပြုတော်မူမည့်အရာ များစွာရှိသေး၏။ 15ထို့ကြောင့် ငါသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်နေရပါ၏။ တွေးမိတိုင်း ကိုယ်တော်ကို ကြောက်ရွံ့နေရပါ၏။ 16ဘုရားသခင်သည် ငါ့ကို စိတ်အားလျော့စေတော်မူပြီ။ အနန္တတန်ခိုးရှင်သည် ငါ့ကို ထိတ်လန့်စေတော်မူပြီ။ 17ငါ့မျက်နှာကို အမှောင်ထုကြီး ဖုံးလွှမ်းနေ၍ ငါ့ရှေ့တွင် အမှောင်ထုကာနေသော်လည်း ငါနှုတ်ဆိတ်နေမည်မဟုတ်ပါ။
Currently Selected:
ယောဘဝတ္ထု 23: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative