YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 39

39
ဂျေရုဆလင်မြို့ကြီး ဘေဘီလုံဘုရင်လက်သို့ကျရောက်ခြင်း
1ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ ကိုး​နှစ်​၊ ဒသမ​လ​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​သည် ချီတက်​လာ​၍ ဂျေရုဆလင်​မြို့​ကို ဝိုင်းရံ​ထား​လေ​၏​။ 2ဇေဒကိ​မင်းကြီး​နန်းစံ တစ်ဆယ့်တစ်​နှစ်​၊ စတုတ္ထ​လ​၊ ကိုး​ရက်​နေ့​တွင် မြို့​ထဲသို့ ထိုးဖောက်​ဝင်ရောက်​ကြ​၏​။ 3ထိုအခါ ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​များ​ဖြစ်​ကြ​သော နေရဂါလရှရေဇာ​၊ သံဂါနေဗော​၊ ရာဗသာရိပ်​စာသခိမ်​၊ ရာမက်​နေရဂါလရှရေဇာ​နှင့် ဘေဘီလုံ​ဘုရင်​၏​အခြား​မှူးမတ်​အပေါင်း​တို့​သည် မြို့​ထဲသို့​ဝင်လာ​၍ အလယ်​တံခါးဝ​၌ နေရာယူ​ကြ​၏​။ 4ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​သည် ထို​သူ​တို့​ကို​မြင်​သောအခါ ညအချိန်​တွင်​ပင် ဘုရင့်​ဥယျာဉ်​တော်​လမ်း​အတိုင်း​ပြေး​၍ မြို့ရိုး​နှစ်​ခု​ကြား​ရှိ​တံခါး​မှ မြို့ပြင်​သို့​ထွက်​ပြီး အရာဗ​လွင်ပြင်​သွား​ရာ​လမ်း​အတိုင်း ထွက်ပြေး​ကြ​၏​။ 5ခါလဒဲ​စစ်သည်​တို့​က​လည်း သူ​တို့​နောက်သို့​လိုက်​ရာ ဂျေရိခေါ​လွင်ပြင်​တွင် ဇေဒကိ​မင်းကြီး​ကို​မီ​သဖြင့် သူ့​ကို​ဖမ်း​ပြီး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ရှိ​ရာ ဟာမတ်​ပြည်​၊ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ ဘေဘီလုံ​ဘုရင်​သည် ဇေဒကိ​မင်းကြီး​ကို စီရင်ချက်​ချ​လေ​၏​။
6ဘေဘီလုံ​ဘုရင်​သည် ရိဗလ​မြို့​၌ ဇေဒကိ​မင်းကြီး​၏​သား​တို့​ကို ဇေဒကိ​မင်းကြီး​၏​ရှေ့မှောက်​တွင်​ပင် သတ်​၏​။ ယုဒ​မှူးမတ်​အပေါင်း​တို့​ကို​လည်း သတ်​လေ​၏​။ 7ဇေဒကိ​မင်းကြီး​၏​မျက်လုံး​များ​ကို​လည်း ဖောက်ထုတ်​ပြီး သူ့​ကို ကြေးနီ​ခြေချင်းခတ်​လျက် ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ 8ခါလဒဲ​စစ်သည်​တို့​သည် ဘုရင့်​နန်းတော်​နှင့် လူနေအိမ်​တို့​ကို​မီး​ရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို​လည်း ဖြိုဖျက်​ကြ​၏​။ 9ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် မြို့​ထဲမှ​ကြွင်းကျန်သူ​များ​၊ သူ့​ထံ​ခိုလှုံ​လာ​သူ​များ​၊ အသက်ရှင်​ကျန်ရစ်သူ​များ​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​လေ​၏​။ 10သို့သော် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဘာမျှ​မ​ရှိ​သော​ဆင်းရဲသား​တို့​ကို ယုဒ​ပြည်​၌​ထားခဲ့​၍ သူ​တို့​အား စပျစ်ခြံ​နှင့်​လယ်ယာမြေ​တို့​ကို ပေး​လေ​၏​။
ယေရမိကိုလွတ်လပ်ခွင့်ပေးရန် နေဗုခဒ်နေဇာမင်းကြီး အမိန့်ပေးခြင်း
11ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ယေရမိ​နှင့်​ပတ်သက်၍ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​အား 12“​ယေရမိ​ကို ခေါ်ထုတ်​၍ ကောင်းမွန်​စွာ​ကြည့်ရှု​လော့​။ သူ့​ကို အန္တရာယ်​မ​ပြု​နှင့်​။ သူ​ပြော​သည့်​အတိုင်း ပြု​ပေး​လော့​”​ဟု မိန့်မှာ​လေ​၏​။ 13သို့ဖြစ်၍ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ရာဗသာရိပ်​နေဗုရှာဇဗန်​၊ ရာမက်​နေရဂါလရှရေဇာ​နှင့် ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​အပေါင်း​တို့​ကို စေလွှတ်​၍ 14သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။
15ထောင်ဝင်း​ထဲ၌ ယေရမိ​အကျဉ်းချ​ခံရ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍ 16“​သင်​သည် အီသီယိုးပီးယား​လူမျိုး ဧဗဒမေလက်​ထံသို့​သွား​ပြီးလျှင် ‘အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ဤ​မြို့​ကို ကောင်းစား​စေ​မည်​မ​ဟုတ်​၊ ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော ငါ့​နှုတ်ထွက်စကား​တို့​ကို ပြည့်စုံ​စေ​မည်​။ ထို​နေ့​ရောက်​သောအခါ ဤ​အမှုအရာ​တို့​သည် သင့်​မျက်စိ​ရှေ့​တွင်​ပင် ဖြစ်ပျက်​လိမ့်မည်​ဟု မိန့်​တော်မူ​၏​။ 17ထာဝရဘုရား​က ထို​နေ့​၌ သင့်​ကို ငါ​ကယ်နုတ်​မည်​။ သင်​ကြောက်​သော​သူ​တို့​လက်​သို့ သင်​မ​ရောက်​ရ​။ 18သင်​သည် ငါ့​ကို ယုံကြည်ကိုးစား​သောကြောင့် အကယ်စင်စစ် သင့်​ကို ငါ​လွတ်မြောက်​စေ​မည်​။ သင်​သည် ဓားဘေး​ဖြင့် မ​ကျဆုံး​ရ​။ သင့်​အသက်​ကို တိုက်ယူ​သော​ပစ္စည်း​ကဲ့သို့​ဖြစ်​စေ​မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 39