ယေရမိအနာဂတ္တိကျမ်း 40
40
ယုဒပြည်တွင် ယေရမိနေထိုင်ခြင်း
1ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ယုဒပြည်သူဂျေရုဆလင်မြို့သားတို့နှင့်အတူ ယေရမိလည်း ကြိုးနှင့်ချည်နှောင်ခံရလျက် ဖမ်းခေါ်သွားခြင်းခံရ၍ ရာမမြို့သို့ရောက်သောအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်က သူ့ကိုပြန်လွှတ်ပေးပြီးနောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။ 2ကိုယ်ရံတော်မှူးသည်လည်း ယေရမိကိုခေါ်၍ “သင်၏ဘုရားသခင်ထာဝရဘုရားက ဤပြည်တွင် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်တော်မူပြီ။ 3သင်တို့သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားကြသောကြောင့် ဤအမှုဖြစ်ပျက်လေပြီ။ ထာဝရဘုရားသည် ဘေးအန္တရာယ်ကို ကျရောက်စေပြီ။ မိန့်တော်မူသည့်အတိုင်း ပြုလေပြီ။ 4ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။ 5ယေရမိထွက်မသွားမီ ကိုယ်ရံတော်မှူးက “ယုဒပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ ပြန်သွား၍ ပြည်သူတို့နှင့်အတူ နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်း ကောင်းမည်ဟု သင်ထင်သည့်နေရာသို့ သွားပါလော့”ဟု ဆိုလျက် ယေရမိအား လက်ဆောင်နှင့် စားနပ်ရိက္ခာကိုပေး၍ ပြန်လွှတ်လိုက်လေ၏။ 6ယေရမိသည်လည်း အဟိကံ၏သား ဂေဒလိရှိရာ မိဇပါမြို့သို့ပြန်သွား၍ ပြည်၌ကျန်ရစ်သောပြည်သားတို့နှင့်အတူ နေထိုင်လေ၏။
ငြိမ်းချမ်းရေးအတွက် အကြံပေးသူဂေဒလိ
7ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းမခံရသော ဆင်းရဲသားပြည်သားများဖြစ်သည့် ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို အုပ်ချုပ်ရန် ဘေဘီလုံဘုရင်သည် အဟိကံ၏သားဂေဒလိကို ခန့်ထားကြောင်း တောထဲ၌ခိုနေသော စစ်သည်အကြီးအကဲအပေါင်းတို့ ကြားသိသောအခါ 8နေသနိ၏သား ဣရှမေလ၊ ကာရာ၏သား ယောဟနန်နှင့်ယောနသန်၊ တာနုမက်၏သား စရာယ၊ နေတောဖာသိလူမျိုး ဧဖဲ၏သားများ၊ မာခါသိအမျိုးသား ယေဇနိတို့သည်လည်း သူတို့၏လူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့ရောက်လာကြ၏။
9ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကလည်း သူတို့နှင့်သူတို့၏လူများအား “ခါလဒဲလူမျိုးတို့ကို အစေခံရမည်ကို မကြောက်ကြနှင့်။ ဤပြည်၌ နေထိုင်ကြလော့။ ဘေဘီလုံဘုရင်ကို အစေခံကြလော့။ သို့ပြုလျှင် သင်တို့ကောင်းစားရလိမ့်မည်ဟု ကျိန်ဆိုပြီးလျှင် 10ငါမူကား မိဇပါမြို့တွင်နေထိုင်ပြီး ငါတို့ထံရောက်လာမည့် ခါလဒဲလူမျိုးတို့ကို ရင်ဆိုင်ပေးမည်။ သင်တို့မူကား စပျစ်ဝိုင်မှစ၍ နွေရာသီသီးနှံ၊ ဆီတို့ကို စုသိမ်းပြီး အိုးများ၌ သိုထားကြလော့။ သင်တို့ရထားသောမြို့တို့တွင် နေထိုင်ကြလော့”ဟု ဆိုလေ၏။
11ဘေဘီလုံဘုရင်သည် လူအချို့ကို ယုဒပြည်၌ ချန်ထားခဲ့၍ ထိုသူတို့ကိုအုပ်ချုပ်ရန် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိအား ခန့်ထားကြောင်းကို မောဘပြည်၊ အမ္မုန်အမျိုးသားတို့ပြည်၊ ဧဒုံပြည်မှစ၍ အပြည်ပြည်အရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့ ကြားသိသောအခါ 12သူတို့နှင်ထုတ်ခံရ၍ ရောက်ရာအရပ်ရပ်တို့မှ ယုဒပြည်၊ ဂေဒလိရှိရာ မိဇပါမြို့သို့ ပြန်လာကြ၏။ ဂျူးလူမျိုးအပေါင်းတို့သည် ထိုမြို့သို့ရောက်ကြ၍ စပျစ်ဝိုင်၊ နွေရာသီသီးနှံနှင့် ဆီတို့ကို အများအပြားစုသိမ်းကြလေ၏။
13တစ်နေ့တွင် ကာရာ၏သားယောဟနန်နှင့် တောထဲ၌ပုန်းခိုနေသော စစ်သည်အကြီးအကဲအပေါင်းတို့သည် ဂေဒလိရှိရာမိဇပါမြို့သို့ လာကြ၍ 14“အမ္မုန်ဘုရင်ဗာလိတ်မင်းကြီးသည် သင့်ကိုသတ်ရန် နေသနိ၏သားဣရှမေလကို စေလွှတ်ကြောင်း သင်မသိသလော”ဟု မေးလေ၏။ သို့သော် အဟိကံ၏သားဂေဒလိသည် သူတို့၏စကားကိုမယုံ။ 15ထိုအခါ ကာရာ၏သားယောဟနန်က “နေသနိ၏သားဣရှမေလကို သွား၍သတ်ရသောအခွင့်ကို ပေးပါ။ မည်သူမျှ မသိစေရ။ အဘယ်ကြောင့် သူသည် သင့်ကိုသတ်၍ သင့်ကိုခိုလှုံလာသောယုဒလူအပေါင်းတို့ကို ကွဲလွင့်စေမည်နည်း။ အဘယ်ကြောင့် ယုဒပြည်၌ကြွင်းကျန်သောသူတို့ ပျက်စီးကြရမည်နည်း”ဟု ဂေဒလိအား မိဇပါမြို့၌ တိတ်တဆိတ်လျှောက်ဆို၏။
16သို့သော် အဟိကံ၏သားဂေဒလိက ကာရာ၏သားယောဟနန်အား “သင်ထိုသို့မပြုရ။ ဣရှမေလနှင့်ပတ်သက်၍ သင်မဟုတ်မမှန် ပြောဆိုလေပြီ”ဟု ဆို၏။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 40: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative