ယေရမိအနာဂတ္တိကျမ်း 39
39
ဂျေရုဆလင်မြို့ကြီး ဘေဘီလုံဘုရင်လက်သို့ကျရောက်ခြင်း
1ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံ ကိုးနှစ်၊ ဒသမလတွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ချီတက်လာ၍ ဂျေရုဆလင်မြို့ကို ဝိုင်းရံထားလေ၏။ 2ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်၊ စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ကြ၏။ 3ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။ 4ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ထိုသူတို့ကိုမြင်သောအခါ ညအချိန်တွင်ပင် ဘုရင့်ဥယျာဉ်တော်လမ်းအတိုင်းပြေး၍ မြို့ရိုးနှစ်ခုကြားရှိတံခါးမှ မြို့ပြင်သို့ထွက်ပြီး အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။ 5ခါလဒဲစစ်သည်တို့ကလည်း သူတို့နောက်သို့လိုက်ရာ ဂျေရိခေါလွင်ပြင်တွင် ဇေဒကိမင်းကြီးကိုမီသဖြင့် သူ့ကိုဖမ်းပြီး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် ဇေဒကိမင်းကြီးကို စီရင်ချက်ချလေ၏။
6ဘေဘီလုံဘုရင်သည် ရိဗလမြို့၌ ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီး၏ရှေ့မှောက်တွင်ပင် သတ်၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။ 7ဇေဒကိမင်းကြီး၏မျက်လုံးများကိုလည်း ဖောက်ထုတ်ပြီး သူ့ကို ကြေးနီခြေချင်းခတ်လျက် ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။ 8ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။ 9ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှကြွင်းကျန်သူများ၊ သူ့ထံခိုလှုံလာသူများ၊ အသက်ရှင်ကျန်ရစ်သူများကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားလေ၏။ 10သို့သော် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဘာမျှမရှိသောဆင်းရဲသားတို့ကို ယုဒပြည်၌ထားခဲ့၍ သူတို့အား စပျစ်ခြံနှင့်လယ်ယာမြေတို့ကို ပေးလေ၏။
ယေရမိကိုလွတ်လပ်ခွင့်ပေးရန် နေဗုခဒ်နေဇာမင်းကြီး အမိန့်ပေးခြင်း
11ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယေရမိနှင့်ပတ်သက်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အား 12“ယေရမိကို ခေါ်ထုတ်၍ ကောင်းမွန်စွာကြည့်ရှုလော့။ သူ့ကို အန္တရာယ်မပြုနှင့်။ သူပြောသည့်အတိုင်း ပြုပေးလော့”ဟု မိန့်မှာလေ၏။ 13သို့ဖြစ်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရာဗသာရိပ်နေဗုရှာဇဗန်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏မှူးမတ်အပေါင်းတို့ကို စေလွှတ်၍ 14သူတို့သည် ယေရမိကို ထောင်ဝင်းထဲမှ ထုတ်ယူပြီးလျှင် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ သူ့ကိုအပ်၍ အိမ်သို့ပြန်ပို့စေ၏။ ဤသို့ဖြင့် ယေရမိသည် မိမိလူမျိုးတို့နှင့်အတူ နေထိုင်ရလေ၏။
15ထောင်ဝင်းထဲ၌ ယေရမိအကျဉ်းချခံရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ 16“သင်သည် အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်ထံသို့သွားပြီးလျှင် ‘အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ဤမြို့ကို ကောင်းစားစေမည်မဟုတ်၊ ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ့နှုတ်ထွက်စကားတို့ကို ပြည့်စုံစေမည်။ ထိုနေ့ရောက်သောအခါ ဤအမှုအရာတို့သည် သင့်မျက်စိရှေ့တွင်ပင် ဖြစ်ပျက်လိမ့်မည်ဟု မိန့်တော်မူ၏။ 17ထာဝရဘုရားက ထိုနေ့၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။ 18သင်သည် ငါ့ကို ယုံကြည်ကိုးစားသောကြောင့် အကယ်စင်စစ် သင့်ကို ငါလွတ်မြောက်စေမည်။ သင်သည် ဓားဘေးဖြင့် မကျဆုံးရ။ သင့်အသက်ကို တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်စေမည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 39: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative