ယေရမိအနာဂတ္တိကျမ်း 3
3
လမ်းလွဲဖောက်ပြန်ခြင်း၏အဖိုးအခ
1ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 2တောင်ကတုံးများပေါ်သို့ မျှော်ကြည့်လော့။ ယောက်ျားတို့နှင့် သင်မအိပ်ဖူးသောနေရာ ရှိသလော။ တောကန္တာရမှ အာရပ်လူမျိုးကဲ့သို့ သင်သည် လမ်းများ၌ထိုင်၍ သူတို့ကို စောင့်နေ၏။ သင်သည် ဖောက်ပြန်သောအပြစ်အားဖြင့်လည်းကောင်း၊ မကောင်းမှုအားဖြင့်လည်းကောင်း ပြည်ကိုညစ်ညူးစေပြီ။ 3ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။ 4ယခုပင်သင်က “အကျွန်ုပ်၏အဖ၊ အကျွန်ုပ်ငယ်ရွယ်စဉ်မှစ၍ ကိုယ်တော်သည် အကျွန်ုပ်၏မိတ်ဆွေဖြစ်ပါ၏။ 5ကိုယ်တော်သည် အမျက်အစဉ်ထွက်တော်မူမည်လော။ အမျက်မပြေဘဲ နေတော်မူမည်လော”ဟု ဟစ်ခေါ်ပြောဆိုခဲ့ပြီးမှ သင်သည် မကောင်းမှုများကို အစွမ်းကုန်ပြုပါသည်တကား။
သစ္စာမဲ့သော အစ္စရေးလူမျိုး၊ ဖောက်ပြန်သောယုဒလူမျိုး
6ယောရှိမင်းကြီးလက်ထက်တွင်လည်း ငါ့အား ထာဝရဘုရားမိန့်ဆိုတော်မူ၏။ “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးပြုသောအမှုကို သင်မြင်ပြီလော။ သူသည် မြင့်မားသောတောင်ပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက် ရှိသမျှတို့သို့သွား၍ ပြည့်တန်ဆာလုပ်လေပြီ။ 7သူသည် ထိုသို့အလုံးစုံပြုပြီးနောက် ငါက ‘ငါ့ထံသို့ပြန်လာပါ’ ဟု ဆိုသော်လည်း သူသည် ပြန်မလာဘဲနေ၏။ သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် ထိုအရာကို မြင်၏။ 8သစ္စာမဲ့သောအစ္စရေးလူမျိုးသည် အိမ်ထောင်ရေးဖောက်ပြန်သည်ကို ငါမြင်သောကြောင့် သူ့ကို ကွာရှင်းစာပေးပြီး နှင်ထုတ်ခဲ့သည်ကိုပင် သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် မကြောက်ဘဲ ပြည့်တန်ဆာသွားလုပ်၏။ 9သူသည် ဖောက်ပြန်သောအပြစ်ကို ပေါ့ပေါ့တန်တန်သဘောထား၍ ကျောက်တုံး၊ သစ်တုံးတို့နှင့် ဖောက်ပြန်ခြင်းဖြင့် ပြည်ကိုညစ်ညူးစေခဲ့၏။ 10ထိုအမှုအလုံးစုံတို့ကိုပြုသော်လည်း သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ပြန်မလာ။ ပြန်လာဟန်ဆောင်သည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
11တစ်ဖန် ထာဝရဘုရားက ငါ့အား “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးက မိမိကိုယ်မိမိ သစ္စာမဲ့သောယုဒအမျိုးထက် သာ၍ဖြောင့်မတ်သည်ဟု ဆို၏။ 12ထို့ကြောင့် သင်သည် မြောက်အရပ်သို့သွား၍ ဤသတင်းစကားတို့ကို ဟစ်ကြော်ပြောဆိုလော့။ ‘အို လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုး၊ ပြန်လာလော့’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် ကရုဏာထားသည်ဖြစ်၍ သင့်အပေါ် အမျက်ကျရောက်စေမည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် အမျက်အစဉ်ထွက်မည်မဟုတ်။ 13သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ 14အို လမ်းလွဲသောသားသမီးတို့၊ ပြန်လာကြလော့”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ငါသည် သင်တို့၏ခင်ပွန်းဖြစ်၏။ သင်တို့ကို မြို့တစ်မြို့လျှင်တစ်ယောက်၊ မျိုးနွယ်စုတစ်စုလျှင်နှစ်ယောက် ရွေးယူ၍ ဇိအုန်မြို့သို့ပို့ဆောင်မည်။ 15ငါနှစ်သက်သောသိုးထိန်းများကို သင်တို့အား ငါပေးမည်။ သူတို့သည် သင်တို့ကို အသိပညာ၊ ဉာဏ်ပညာဖြင့် အုပ်ထိန်းလိမ့်မည်။ 16ထိုကာလ၌ ပြည်တော်တွင် သင်တို့သည် များစွာပွားများကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ထိုအခါ လူတို့သည် ‘ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်’ဟု ပြောဆိုကြတော့မည်မဟုတ်။ စိတ်ထဲ၌ ရှိတော့မည်မဟုတ်၊ အောက်မေ့သတိရတော့မည်မဟုတ်။ ထိုသေတ္တာတော်ကို ပြုလုပ်တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။ 17“ထိုကာလ၌ သူတို့သည် ဂျေရုဆလင်မြို့ကို ‘ထာဝရဘုရား၏ပလ္လင်’ဟု ခေါ်ဆိုကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ စုဝေးကြလိမ့်မည်။ သူတို့သည် ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့ လိုက်ကြတော့မည်မဟုတ်။ 18ထိုကာလ၌ ယုဒအမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ သွားလာကြလိမ့်မည်။ သူတို့သည် သင်တို့ဘိုးဘေးတို့အား ငါအမွေပေးသောပြည်သို့ မြောက်ဘက်အရပ်မှ အတူတကွလာကြလိမ့်မည်။
စစ်မှန်သောနောင်တ
19သို့သော် ‘ငါသည် သင့်ကို သားတို့တွင် မည်သို့နေရာပေးရမည်နည်း။ သာယာသောပြည်နှင့် လူမျိုးအားလုံးတို့၏လှပသောအမွေကို သင့်အား မည်သို့ပေးရမည်နည်း’ဟု ငါဆိုခဲ့၏။ ‘သင်သည် ငါ့ကို အကျွန်ုပ်၏အဖဟု ခေါ်ဆိုပြီး ငါ့ထံမှ ပြန်လှည့်သွားမည် မဟုတ်’ဟု ငါထင်ခဲ့၏။ 20သို့သော် အို အစ္စရေးလူမျိုး၊ မိန်းမသည် မိမိယောက်ျားကို သစ္စာမဲ့သကဲ့သို့ သင်တို့သည် ငါ့ကို သစ္စာမဲ့လေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 21အစ္စရေးအမျိုးသားတို့သည် ဖောက်ပြန်လမ်းလွဲ၍ ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ကြသောကြောင့် တောင်ကတုံးများပေါ်၌ သူတို့ငိုကြွေးသောအသံ၊ အသနားခံသောအသံကို ကြားရပြီ။ 22“အို လမ်းလွဲသောသားသမီးတို့၊ ပြန်လှည့်လာကြလော့။ သင်တို့၏လမ်းလွဲဖောက်ပြန်မှုကို ငါကုသပေးမည်”ဟု မိန့်တော်မူသော် သူတို့က “ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူသည်ဖြစ်၍ ကိုယ်တော်ထံသို့ အကျွန်ုပ်တို့ လာကြပါပြီ။ 23အကယ်စင်စစ် တောင်ကြီး၊ တောင်ငယ်များပေါ်မှ ဆူညံသောအသံသည် လှည့်ဖြားခြင်းသာဖြစ်၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ 24အကျွန်ုပ်တို့ငယ်ရွယ်စဉ်ကပင် ရှက်ကြောက်ဖွယ်ဘုရားများက အကျွန်ုပ်တို့ဘိုးဘေးတို့၏သိုးနွားများ၊ သားသမီးများ စသည့် ဘိုးဘေးတို့၏စည်းစိမ်ဥစ္စာကို ဝါးမျိုလေပြီ။ 25အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 3: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative