ယေရမိအနာဂတ္တိကျမ်း 4
4
ကောင်းချီး သို့မဟုတ် ကျိန်ခြင်း
1ထာဝရဘုရားက “အို အစ္စရေးလူမျိုးတို့၊ သင်ပြန်လာမည်ဆိုလျှင်၊ ငါ့ထံသို့ပြန်လာပါ။ သင်၏ရွံရှာဖွယ်ရာတို့ကို ငါ့ရှေ့မှဖယ်ရှားပြီး တည်တည်ကြည်ကြည်နေမည်ဆိုလျှင်၊ 2‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု သစ္စာရှိစွာ၊ တရားမျှတစွာ၊ ဖြောင့်မတ်စွာ သင်ကျိန်ဆိုလျှင် လူမျိုးတကာတို့သည် ထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာခံစားရမည်။ ကိုယ်တော်ကို ချီးမွမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 3ထာဝရဘုရားက ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား “သင်တို့၏လယ်မြေကို ထွန်ယက်ကြလော့။ ဆူးပင်များကြားတွင် မျိုးမကြဲနှင့်။ 4ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ အရေဖျားလှီးခြင်းကိုခံ၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရားထံဆက်ကပ်ကြလော့။ သင်တို့၏စိတ်နှလုံးအရေဖျားကို ဖယ်ရှားကြလော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မီးကဲ့သို့ မည်သူမျှမငြှိမ်းနိုင်အောင် တောက်လောင်လိမ့်မည်။
မြောက်အရပ်မှလာသောဖျက်ဆီးခြင်း
5ယုဒပြည်၌ ဟောပြောလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ ပြည်တစ်လျှောက်လုံး တံပိုးမှုတ်ကြလော့။ ‘စုဝေးကြစို့။ ခံတပ်မြို့များအတွင်းသို့ဝင်ကြစို့’ဟု ကြွေးကြော်ကြလော့။ 6ဇိအုန်တောင်ရှိရာဘက်သို့ အချက်ပြအလံကို လွှင့်ပြလော့။ လုံခြုံရာသို့ပြေးကြလော့။ ရပ်မနေကြနှင့်။ အကြောင်းမူကား ငါသည် ပျက်စီးခြင်းဘေးအန္တရာယ်ကြီးကို မြောက်အရပ်မှ ရောက်လာစေမည်”ဟု မိန့်တော်မူ၏။ 7ခြင်္သေ့သည် ပုန်းအောင်းရာမှထွက်လာပြီ။ လူမျိုးတကာတို့ကိုဖျက်ဆီးသောသူသည် မိမိ၏နေရာမှထွက်လာပြီ။ သင်၏ပြည်ကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေရန် မိမိနေရာမှထွက်လာပြီ။ သင်တို့၏မြို့များသည် ပျက်စီးသွားလိမ့်မည်။ နေထိုင်သူရှိမည်မဟုတ်။ 8ထို့ကြောင့် လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည် ငါတို့ထံမှ ပြန်လှည့်မသွားသေးပေ။
9ထာဝရဘုရားက “ထိုနေ့ရက်၌ ရှင်ဘုရင်နှင့်အကြီးအကဲတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် တုန်လှုပ်ချောက်ချား၍ ပရောဖက်တို့သည် အံ့အားသင့်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
10ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ဓားသည် လည်မျိုကိုထောက်နေလျက်ပင် ‘သင်တို့တွင် ငြိမ်သက်ခြင်းရှိလိမ့်မည်’ဟု ကိုယ်တော်မိန့်တော်မူသည်မှာ ဂျေရုဆလင်မြို့သားနှင့်တကွ ဤလူမျိုးတို့ကို အမှန်လှည့်စားခြင်းဖြစ်ပါပြီတကား”ဟု လျှောက်ဆို၏။
11ထိုနေ့ရက်၌ ဂျေရုဆလင်မြို့သားနှင့်တကွ ဤလူမျိုးတို့အား “တောကန္တာရရှိတောင်ကတုံးမှ လေပူသည် ငါ၏လူမျိုးသမီးပျိုထံလာလိမ့်မည်။ သန့်ရှင်းသွားစေရန် လှေ့ထုတ်သောလေမဟုတ်။ 12ထိုထက်အားကောင်းသောလေသည် ငါ့ထံမှလာလိမ့်မည်။ ယခု ငါကိုယ်တိုင် သူတို့ကို စစ်ကြောစီရင်မည်”ဟု မိန့်ဆိုပြီ။ 13ကြည့်ရှုလော့။ ဖျက်ဆီးသောသူသည် မိုးတိမ်ကဲ့သို့တက်လာမည်။ သူ၏စစ်ရထားသည် လေပွေကဲ့သို့ ဖြစ်မည်။ သူ၏မြင်းတို့သည် လင်းယုန်ထက်လျင်မြန်၏။ ငါတို့၌ အမင်္ဂလာရှိ၏။ ငါတို့သည် ဖျက်ဆီးခြင်းခံကြရပြီ။ 14အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။ 15ဒန်မြို့မှ ကြွေးကြော်သံ၊ ဧဖရိမ်တောင်ပေါ်မှ သတင်းဆိုးကြေညာသံ ကြားရ၏။ 16“လူမျိုးတကာတို့အား အသိပေးလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ မြို့ကိုဝိုင်းထားမည့်သူတို့သည် ဝေးသောပြည်မှလာနေပြီ။ ယုဒပြည်ရှိမြို့များကို စစ်ငြာသံပေးကြပြီ။ 17လယ်စောင့်များကဲ့သို့ သူတို့သည် ယုဒပြည်ကိုဝိုင်းရံထားကြပြီ။ အကြောင်းမူကား ယုဒပြည်သည် ငါ့ကိုပုန်ကန်ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 18သင်၏အပြုအမူ၊ အကျင့်အကြံတို့ကြောင့် ဤအမှုတို့သည် သင့်အပေါ် ကျရောက်လေပြီ။ ဤသည်ကား သင်၏ဆိုးညစ်မှုပေတည်း။ မည်မျှ ခါးသီးသနည်း။ မည်မျှ စိတ်နာကျင်ဖွယ်ကောင်းသနည်း။
ယေရမိညည်းတွားခြင်း
19ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။ 20ပျက်စီးခြင်းတစ်ခုပြီးတစ်ခု လိုက်လာပြီ။ တစ်ပြည်လုံး ဖျက်ဆီးခြင်းခံရပြီ။ ငါ့တဲတို့သည် ရုတ်တရက်ဖျက်ဆီးခြင်းခံရပြီ။ ငါ့ရွက်ထည်တို့သည် တစ်ခဏချင်းတွင် ဖျက်ဆီးခြင်းခံရပြီ။ 21အချက်ပြအလံကို မည်သည့်အချိန်အထိ ငါမြင်နေရမည်နည်း။ တံပိုးမှုတ်သံကို မည်သည့်အချိန်အထိ ငါကြားနေရမည်နည်း။ 22“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။” 23ငါသည် မြေကြီးကိုကြည့်လိုက်သော် ၎င်းသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ မိုးကောင်းကင်သည်လည်း အလင်းမရှိ။ 24ငါသည် တောင်ကြီးတို့ကိုကြည့်လိုက်သော် ၎င်းတို့သည် တုန်ခါလျက်၊ တောင်ငယ်ရှိသမျှလည်း လှုပ်ယမ်းလျက်နေ၏။ 25ငါကြည့်လိုက်သော် လူတစ်ယောက်မျှမရှိ။ မိုးကောင်းကင်ရှိငှက်ရှိသမျှတို့သည်လည်း ပျံသန်းသွားလေပြီ။ 26ငါကြည့်လိုက်သော် သီးနှံဖြစ်ထွန်းသောမြေတို့သည် တောကန္တာရဖြစ်လေပြီ။ ထာဝရဘုရားရှေ့၊ ပြင်းထန်သောအမျက်တော်ရှေ့၌ မြို့အားလုံး ပြိုပျက်သွားလေပြီ။ 27ထာဝရဘုရားက “ငါသည် ပြည်တစ်ပြည်လုံးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ သို့သော် အကုန်အစင်သုတ်သင်ဖျက်ဆီးမည်မဟုတ်။ 28ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။ 29မြင်းသည်တော်၊ လေးသည်တော်တို့၏အသံကြောင့် မြို့သားအားလုံး ထွက်ပြေးကြ၏။ သူတို့သည် တောနက်ထဲသို့ဝင်၍ ကျောက်ဆောင်များပေါ်သို့တက်ကြ၏။ မြို့ရှိသမျှတို့သည် စွန့်ပစ်ခြင်းကိုခံရ၍ နေထိုင်သူတစ်ယောက်မျှမရှိပေ။ 30အို ဖျက်ဆီးခြင်းခံရသောသူ၊ သင်မည်သို့ပြုမည်နည်း။ ကတ္တီပါနီကိုဝတ်ဆင်ခြင်း၊ ရွှေတန်ဆာဆင်ယင်ခြင်း၊ မျက်လုံးအလှပေါ်အောင်အရောင်ခြယ်ခြင်းဖြင့် သင့်ကိုယ်သင် အချည်းနှီးလှပစေပြီ။ သင်ချစ်သောသူတို့သည် သင့်ကိုစွန့်ပစ်ပြီ။ သင့်အသက်ကိုသတ်ရန် ရှာကြံကြပြီ။ 31သားဦးဖွား၍ ဝေဒနာခံစားရသောမိန်းမ၏ညည်းတွားသံကဲ့သို့ ဇိအုန်သမီး၏အသံကို ငါကြားရ၏။ သူသည် မောဟိုက်လျက်၊ လက်ကိုဖြန့်ထားလျက် ‘ငါ၌ အမင်္ဂလာရှိ၏။ လူသတ်သမားများကြောင့် ငါ့စိတ်နှလုံး မောပန်းလှသည်’ဟု ဆို၏။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 4: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative