ယေရမိအနာဂတ္တိကျမ်း 2
2
လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးတို့ကို အပြစ်တင်ခြင်း
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“ဂျေရုဆလင်မြို့ကြားသိအောင်သွား၍ဟစ်အော်လော့။ ထာဝရဘုရားမိန့်တော်မူသည်မှာ ‘သင်ငယ်ရွယ်စဉ်က ငါ့အပေါ်မေတ္တာထားခဲ့သည်ကိုလည်းကောင်း၊ သတို့သမီးအချစ်နှင့် ချစ်ခဲ့သည်ကိုလည်းကောင်း၊ မြေရိုင်းမြေကောတောကန္တာရ၌ ငါ့နောက်လိုက်ခဲ့သည်ကိုလည်းကောင်း ငါအောက်မေ့၏။ 3အစ္စရေးလူမျိုးသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုး၊ ကိုယ်တော်၏အသီးအနှံတို့တွင် အသီးဦးဖြစ်၏။ သူ့ကို ဝါးမျိုသောသူအပေါင်းတို့အပေါ် အပြစ်သက်ရောက်မည်၊ ဘေးအန္တရာယ်ကျရောက်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။ 4အို ယာကုပ်အမျိုးအနွယ်တို့၊ အစ္စရေးမျိုးနွယ်စုအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ 5ထာဝရဘုရားက “သင်တို့၏ဘိုးဘေးတို့သည် ငါ၌မည်သည့်မတရားမှုကိုတွေ့၍ ငါနှင့်ဝေးဝေးနေကြသနည်း။ အဘယ်ကြောင့် အချည်းနှီးသောအရာနောက်သို့လိုက်၍ အသုံးမကျသောသူဖြစ်ကြသနည်း။ 6သူတို့က ‘ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူပြီးလျှင် ချောက်ပေါများသောသဲကန္တာရ၊ ခြောက်သွေ့၍သေမင်းအရိပ်လွှမ်းမိုးရာ၊ နေထိုင်သွားလာသူမရှိရာ တောကန္တာရတစ်လျှောက် ပို့ဆောင်တော်မူသောထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။ 7ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။ 8ယဇ်ပုရောဟိတ်တို့ကလည်း ‘ထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။ ပညတ်တရားကို စွဲကိုင်သောသူတို့သည် ငါ့ကိုမသိကြ။ အုပ်ချုပ်သူတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုကြ၏။ အကျိုးမပေးသောအရာတို့နောက်သို့လိုက်ကြ၏။ 9ထို့ကြောင့် ငါသည် သင်တို့ကို စွဲချက်တင်မည်။ သင်တို့၏သားမြေးတို့ကိုလည်း စွဲချက်တင်မည်”ဟု မိန့်တော်မူ၏။ 10“ဆိုက်ပရပ်ကမ်းရိုးတန်းဒေသများကို ဖြတ်၍ ကြည့်ရှုလော့။ ကေဒါပြည်သို့လူလွှတ်၍ အသေအချာစူးစမ်းစေလော့။ ဤသို့ဖြစ်ခဲ့ဖူးပြီလော။ 11လူမျိုးခြားတို့သည် ဘုရားမဟုတ်သော သူတို့၏ဘုရားများကိုပင် အလဲအလှယ်ပြုဖူးကြသလော။ ငါ့လူမျိုးတို့မူကား မိမိတို့၏ဘုန်းအသရေကို အကျိုးမပေးသောအရာနှင့် အလဲအလှယ်ပြုကြလေပြီ။ 12အို မိုးကောင်းကင်၊ ဤအမှုအရာ၌ တုန်လှုပ်ချောက်ချားလျက်နေလော့။ အလွန်ကြောက်လန့်လျက်၊ မှင်တက်လျက်နေလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 13“အကယ်စင်စစ် ငါ့လူမျိုးတော်သည် မကောင်းမှုနှစ်မျိုးကို ပြုကြပြီ။ သက်စမ်းရေတွင်းဖြစ်သည့် ငါ့ကိုစွန့်ပယ်ကြပြီ။ ရေကန်များကိုတူးကြပြီ။ ထိုရေကန်တို့သည် ကွဲအက်သဖြင့် ရေလှောင်၍မရ။
လမ်းလွဲဖောက်ပြန်ခြင်း၏အကျိုးဆက်
14အစ္စရေးလူမျိုးသည် ကျွန်ဖြစ်သလော၊ ကျွန်သပေါက်ဖြစ်သလော။ အဘယ်ကြောင့် လုယူဖျက်ဆီးခြင်းခံရသနည်း။ 15သူ့ကို ခြင်္သေ့ပျိုတို့ ဟိန်းဟောက်ကြပြီ၊ မာန်ဖီကြပြီ။ သူ၏ပြည်ကို လူသူကင်းမဲ့ရာဖြစ်စေကြပြီ။ သူ၏မြို့တို့သည် ဖျက်ဆီးခြင်းခံရ၍ နေထိုင်သူမရှိတော့ပြီ။ 16မင်ဖစ်မြို့သား၊ တာပနက်မြို့သားတို့သည်လည်း သင်၏ဦးထိပ်ကို ထိုးဖောက်ကြပြီ။ 17သင့်ကို လမ်းခရီး၌ ပို့ဆောင်ခဲ့စဉ်က သင်၏ဘုရားသခင်ထာဝရဘုရားကို သင်စွန့်ပယ်သောကြောင့် သင်၌ ဤသို့ ဖြစ်ရသည်မဟုတ်လော။ 18ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်#2:18 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ 19သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။ 20“ရှေးကာလ၌ သင်၏ထမ်းပိုးကို ငါချိုး၍ သင်၏အချည်အနှောင်တို့ကို ငါဖြတ်ခဲ့၏။ သင်က ‘အကျွန်ုပ် ဝတ်မပြုပါ’ဟု ဆို၏။ အကယ်စင်စစ် သင်သည် ရှိရှိသမျှကုန်းမြင့်ပေါ်တွင်လည်းကောင်း၊ ရှိရှိသမျှစိမ်းလန်းသောသစ်ပင်အောက်တွင်လည်းကောင်း ပြည့်တန်ဆာလုပ်၏။ 21ငါသည် သင့်ကို အရည်အသွေးအကောင်းဆုံးမျိုးစေ့မှ အကောင်းဆုံးစပျစ်ပင်အဖြစ် စိုက်ပျိုးခဲ့၏။ သို့သော် သင်သည် စပျစ်ရိုင်းပင်အဖြစ် မည်သို့ပေါက်လာရသနည်း။ 22သင်သည် သင့်ကိုယ်သင် ပြာရည်နှင့် မည်မျှဆေးကြောသည်ဖြစ်စေ၊ ဆပ်ပြာမည်မျှသုံးသည်ဖြစ်စေ သင်၏ဒုစရိုက်သည် ငါ့ရှေ့၌ စွန်းထင်းလျက်ရှိသည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ 23“သင်က ‘ငါသည် မညစ်ညူး၊ ဗာလဘုရားတို့နောက်သို့မလိုက်’ဟု မည်သို့ဆိုနိုင်သနည်း။ ချိုင့်ဝှမ်းထဲ၌ သင်ပြုခဲ့သောအမှုကို ကြည့်လော့။ သင်ပြုခဲ့သောအရာကို သိမှတ်လော့။ သင်သည် လမ်းပေါ်၌ဟိုဟိုသည်သည်ပြေးလွှားသည့် လျင်မြန်သောကုလားအုတ်မပါတကား။ 24ရာဂစိတ်ထကြွနေသော၊ တောကန္တာရ၌ကျက်စားနေသော မြည်းရိုင်းမပါတကား။ မိတ်လိုက်ချိန်၌ သူ့ကို အဘယ်သူ ထိန်းချုပ်နိုင်သနည်း။ မိတ်လိုက်ချိန်၌ သူ့ကိုအပင်ပန်းခံပြီးရှာစရာမလိုဘဲ တွေ့လိမ့်မည်။ 25‘ဖိနပ်မပါဘဲမသွားနှင့်၊ အာခေါင်မခြောက်စေနှင့်’ဟု သတိပေးသော်လည်း သင်က ‘မမျှော်လင့်နှင့်။ သူစိမ်းကို ငါတကယ်ချစ်မိပြီဖြစ်၍ သူတို့နောက်သို့လိုက်တော့မည်’ဟု ဆို၏။ 26အစ္စရေးလူမျိုး၏ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် ဖမ်းမိသောသူခိုးအရှက်ကွဲသကဲ့သို့ အရှက်ကွဲရလိမ့်မည်။ 27သူတို့က သစ်ပင်အား ‘အကျွန်ုပ်၏ဖခင်’၊ ကျောက်တုံးအား ‘အကျွန်ုပ်တို့ကိုမွေးဖွားသူ’ဟု ဆိုကြ၏။ ငါ့ကိုကား မျက်နှာလွှဲ၍ ကျောခိုင်းသွားကြ၏။ သို့သော် ဒုက္ခရောက်ချိန်၌ ‘ထတော်မူပါ၊ အကျွန်ုပ်တို့ကိုကယ်တော်မူပါ’ဟု ဆိုတတ်ကြ၏။ 28သင့်အတွက် သင်လုပ်သော ဘုရားများသည် အဘယ်မှာနည်း။ သင်ဒုက္ခရောက်ချိန်၌ ထိုဘုရားတို့သည် သင့်ကို ကယ်တင်နိုင်လျှင် ထ၍ကယ်ကြပါစေ။ အို ယုဒပြည်၊ သင့်မြို့အရေအတွက်များသည်နှင့်အမျှ သင့်ဘုရားသည်လည်း များပါသည်တကား။
ထိုက်တန်သောစီရင်ချက်
29အဘယ်ကြောင့် ငါ့ကိုရန်တွေ့ကြသနည်း။ သင်တို့အားလုံးသည် ငါ့ကို ပုန်ကန်ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 30“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။ 31ယခုမျိုးဆက်တို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဆင်ခြင်ကြလော့။ ငါသည် အစ္စရေးလူမျိုးအဖို့ တောကန္တာရကဲ့သို့ ဖြစ်ဖူးသလော။ အမှောင်ထုလွှမ်းသောပြည်ကဲ့သို့ ဖြစ်ဖူးသလော။ ငါ၏လူမျိုးတော်က ‘ငါတို့သည် လွတ်လပ်သောသူဖြစ်၏။ ကိုယ်တော်ထံ ပြန်မလာတော့ပါ’ဟု အဘယ်ကြောင့်ဆိုကြသနည်း။ 32အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။ 33အချစ်ရှာနည်းကို သင်ကျွမ်းကျင်လှပါသည်တကား။ ဆိုးသောမိန်းမတို့ကိုလည်း သင်၏နည်းလမ်းတို့ကို သင်ကြားပေးပါသည်တကား။ 34အပြစ်မဲ့သောဆင်းရဲသားတို့ဖောက်ထွင်းသည်ကို သင်မတွေ့။ သို့သော် သင့်အဝတ်အောက်စွန်း၌ သူတို့၏သွေးစွန်းသည်ကို တွေ့ရ၏။ ထိုသို့ဖြစ်လျက်နှင့်ပင် 35သင်က ‘ငါ၌ အပြစ်မရှိ။ အမျက်တော်သည် အမှန်ပင် ငါ့ထံမှလှည့်သွားပြီ’ဟု ဆို၏။ ငါသည်‘အပြစ်မပြု’ဟု သင်ဆိုသောကြောင့် သင့်ကို ငါတရားစီရင်မည်။#၁ယော 1:8,10။ 36သင်သည် အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သွားလာ၍ သင်၏အပြုအမူကို ပြောင်းလဲရသနည်း။ အဆီးရီးယားပြည်အားဖြင့် အရှက်ကွဲရသကဲ့သို့ အီဂျစ်ပြည်အားဖြင့် အရှက်ကွဲရလိမ့်မည်။ 37သင်သည် မိမိခေါင်းပေါ်၌ လက်ကိုတင်လျက် ထိုပြည်မှထွက်သွားရလိမ့်မည်။ ထာဝရဘုရားသည် သင်ကိုးစားသောသူတို့ကို ပယ်တော်မူပြီဖြစ်၍ သင်သည် သူတို့အားဖြင့် ကောင်းစားလိမ့်မည်မဟုတ်။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 2: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative