ယေရမိအနာဂတ္တိကျမ်း 1
1
1ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့မှ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သော ဟိလခိ၏သား ယေရမိဆင့်ဆိုသောနှုတ်ကပတ်တော်။ 2အာမုန်မင်းကြီး၏သားတော် ယုဒဘုရင်ယောရှိမင်းကြီး နန်းစံတစ်ဆယ့်သုံးနှစ်မှစ၍ 3ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးလက်ထက်နှင့် ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံတစ်ဆယ့်တစ်နှစ်၊ ပဉ္စမလ ဂျေရုဆလင်မြို့သားတို့ ဖမ်းခေါ်သွားခြင်းခံရသည့်အချိန်ထိ ယေရမိထံသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
ယေရမိကိုခေါ်တော်မူခြင်း
4ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ ရောက်လာ၍ 5“သင့်ကို အမိဝမ်းထဲမှာ ပုံမသွင်းမီကပင် သင့်ကိုငါသိ၏။ သင်မမွေးမီကပင် သင့်ကိုငါသန့်ရှင်းစေပြီ။ လူမျိုးတကာတို့အတွက် ပရောဖက်အဖြစ် ငါခန့်ထားပြီ”#ဂလ 1:15။ဟု မိန့်ဆိုသော်
6ငါကလည်း “အို၊ ဘုရားရှင်ထာဝရဘုရား အကျွန်ုပ်သည် သူငယ်သာဖြစ်၍ မပြောမဆိုတတ်ပါ”ဟု ပြန်လျှောက်၏။ 7သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။ 8သူတို့ကို မကြောက်နှင့်။ ငါသည် သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူပြီးလျှင်
9ထာဝရဘုရားသည် လက်တော်ကိုဆန့်၍ ငါ၏နှုတ်ကိုတို့တော်မူ၏။ ထို့နောက် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏နှုတ်ကပတ်တော်ကို သင့်နှုတ်၌ ငါထားပြီ။ 10လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။
ဗျာဒိတ်နိမိတ်နှစ်ခု
11တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ “ယေရမိ၊ သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “ဗာဒံကိုင်းကိုမြင်ပါသည်”ဟု လျှောက်၏။ 12ထိုအခါ ထာဝရဘုရားက “သင်မြင်သည့်အတိုင်း မှန်ပေ၏။ အကြောင်းမူကား ငါ့စကားပြည့်စုံသည်ကို ငါစောင့်ကြည့်နေ၏”ဟု ငါ့အား မိန့်တော်မူ၏။ 13ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ထံသို့ရောက်လာ၍ “သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “မြောက်ဘက်မှမျက်နှာမူသည့် ဆူပွက်နေသောအိုးကိုမြင်ပါ၏”ဟု လျှောက်၏။
14ထိုအခါ ထာဝရဘုရားက “မြောက်ဘက်မှဘေးအန္တရာယ်သည် ဤပြည်သူပြည်သားရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။ 15အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။ 16ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်လျက် မိမိတို့လက်ဖြင့်လုပ်သောအရာများကို ရှိခိုးကိုးကွယ်သောကြောင့် ငါသည် သူတို့၏မကောင်းမှုအားလုံးအတွက် တရားစီရင်ချက်ကို ချမှတ်ကြေညာမည်”ဟု မိန့်တော်မူ၏။
17“သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။ 18ကြည့်ရှုလော့။ ယုဒဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပြည်သူပြည်သားများမှစ၍ ပြည်တစ်ပြည်လုံးကို ဆန့်ကျင်နိုင်ရန် ယနေ့ ငါသည် သင့်ကို ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးနီမြို့ရိုးကဲ့သို့ ဖြစ်စေပြီ။ 19သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူ ငါရှိမည်ဖြစ်၍ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 1: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative