ဟေရှာယအနာဂတ္တိကျမ်း 66
66
အဆုံးသတ်စီရင်ခြင်းနှင့် ဝမ်းမြောက်ဖွယ်ပြန်လည်တည်ဆောက်ခြင်း
1ထာဝရဘုရားက “ကောင်းကင်ဘုံသည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။#မ 5:35။ ငါ့အတွက် အိမ်ကို အဘယ်မှာဆောက်မည်နည်း။ ငါကိန်းဝပ်ရာအရပ်ကား အဘယ်မှာနည်း”ဟု မိန့်တော်မူ၏။ 2ထာဝရဘုရားက “အလုံးစုံကို ငါ့လက်ဖြင့်ဖန်ဆင်း၍ အလုံးစုံသည် ဖြစ်တည်လေပြီ။ စိတ်နှိမ့်ချသောသူ၊ နောင်တရသောသူ၊ ငါ့နှုတ်ထွက်စကားကြောင့် စိုးရိမ်ထိတ်လန့်သောသူကို ငါကြည့်ရှုမည်။ 3နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။ 4ငါခေါ်သောအခါ မည်သူမျှမထူး။ ငါမိန့်သောအခါ နားမထောင်။ သူတို့သည် ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာတို့ကို ရွေးချယ်ကြသောကြောင့် ငါကိုယ်တော်တိုင် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်။ သူတို့ကြောက်လန့်သောအရာများကို သူတို့အပေါ် ကျရောက်စေမည်။ 5ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 6မြို့ထဲမှဆူဆူညံညံအသံ၊ ဗိမာန်တော်ထဲမှအသံသည် ရန်သူတို့အား အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်တော်မူသော ထာဝရဘုရား၏အသံပေတည်း။ 7ဇိအုန်သမီးသည် သားဖွားဝေဒနာမခံရမီ သားဖွား၏။ ဗိုက်မနာမီ သားယောက်ျားကို မွေးဖွား၏။ 8ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ ဤသို့သောအမှုများကို မည်သူမြင်ဖူးသနည်း။ တိုင်းပြည်တစ်ပြည်ကို တစ်ရက်အတွင်း မွေးဖွားနိုင်သလော။ လူမျိုးတစ်မျိုးကို တစ်ခဏအတွင်း မွေးဖွားနိုင်သလော။ သို့သော် ဇိအုန်မြို့သည် မီးဖွားချိန်ရောက်သည်နှင့် သားသမီးများကို မွေးဖွားလေပြီ။ 9သင်၏ဘုရားသခင်ထာဝရဘုရားက “ငါသည် သားဖွားချိန်ရောက်စေပြီးမှ သားမဖွားစေဘဲနေမည်လော။ သားဖွားခြင်းအမှုကိုဖြစ်စေသောငါသည် သားအိမ်ကိုပိတ်ထားမည်လော”ဟု မိန့်တော်မူ၏။ 10ဂျေရုဆလင်မြို့ကိုချစ်သောသူအပေါင်းတို့၊ ထိုမြို့နှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ဂျေရုဆလင်မြို့အတွက် ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့၊ ထိုမြို့နှင့်အတူ ဝမ်းမြောက်ပျော်ရွှင်ကြလော့။ 11သင်တို့သည် သူ၏နို့ရည်ကြွယ်ဝသောသားမြတ်ကိုစို့၍ ဝလင်ကြလိမ့်မည်။ နို့ရည်ကြွယ်ဝသောသားမြတ်ကို အလိုရှိသမျှသောက်၍ နှစ်သက်အားရကြလိမ့်မည်။ 12ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ငြိမ်းချမ်းမှုကို မြစ်ရေကဲ့သို့လည်းကောင်း၊ လူမျိုးတကာတို့၏ဘုန်းအသရေကို စီးဆင်းသောစမ်းချောင်းကဲ့သို့လည်းကောင်း ဂျေရုဆလင်မြို့ထဲသို့ စီးဆင်းစေမည်။ သင်တို့ကို နို့တိုက်မည်၊ ခါးစောင်း၌ ချီထားမည်၊ ကလေးကဲ့သို့ ဒူးပေါ်တွင်မြှူမည်။ 13မိခင်သည် ကလေးငယ်ကိုနှစ်သိမ့်သကဲ့သို့ ငါသည် သင်တို့ကိုနှစ်သိမ့်မည်။ သင်တို့သည် ဂျေရုဆလင်မြို့အတွက် နှစ်သိမ့်မှုကိုရရှိကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 14ထိုသို့ သင်တို့တွေ့မြင်သောအခါ သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်လိမ့်မည်။ သင်တို့၏အရိုးများသည်လည်း မြက်ကဲ့သို့ သန်လိမ့်မည်။ ထာဝရဘုရား၏လက်တော်သည် မိမိအစေအပါးတို့ထံ ထင်ရှားမည်။ မိမိ၏ရန်သူတို့ကိုမူ အမျက်ထွက်တော်မူမည်။ 15ကြည့်ရှုလော့။ ထာဝရဘုရားသည် မီးနှင့်ကြွလာတော်မူမည်။ လေပွေကဲ့သို့ စစ်ရထားနှင့်ကြွလာတော်မူမည်။ ရန်သူတို့ကို အမျက်ပြင်းစွာတုံ့ပြန်မည်။ မီးလျှံဖြင့်ဆုံးမမည်။ 16ထာဝရဘုရားသည် လူသားအားလုံးကို မီးဖြင့်လည်းကောင်း၊ ဓားဖြင့်လည်းကောင်း တရားစီရင်တော်မူမည်။ ထာဝရဘုရားကွပ်မျက်သောသူတို့သည် များပြားလိမ့်မည်။
17ထာဝရဘုရားက “ဥယျာဉ်ထဲသို့သွားရန် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီး တစ်ယောက်ယောက်နောက်သို့လိုက်သွားသောသူနှင့် ဝက်သား၊ ကြွက်သား စသည့် ရွံရှာဖွယ်တို့ကိုစားသောသူတို့သည် အတူတကွပျက်စီးရလိမ့်မည်”ဟု မိန့်တော်မူ၏။
18ထာဝရဘုရားက “သူတို့ပြုသောအမှုများ၊ အကြံအစည်များကို ငါသိ၏။ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးတို့ကို စုစည်းမည့်အချိန်ရောက်လာမည်။ သူတို့သည်လာ၍ ငါ၏ဘုန်းအသရေကိုမြင်ရလိမ့်မည်။ 19သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။ 20အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏အိမ်တော်သို့ စင်ကြယ်သောတန်ဆာပလာဖြင့် ပူဇော်သက္ကာကို ယူဆောင်ခဲ့ကြသကဲ့သို့ ထိုသူတို့သည် ခပ်သိမ်းသောပြည်မှ သင်တို့၏ညီအစ်ကိုရှိသမျှတို့ကို ထာဝရဘုရားထံ ပူဇော်သက္ကာအဖြစ် မြင်းများ၊ စစ်ရထားများ၊ ထမ်းစင်များ၊ လားများ၊ ကုလားအုတ်များပေါ်တွင်တင်၍ ငါ၏သန့်ရှင်းသောတောင်၊ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 21ထာဝရဘုရားက “ထိုသူအချို့တို့ကို ယဇ်ပုရောဟိတ်အဖြစ်၊ လေဝိအမျိုးသားအဖြစ် ငါခေါ်ယူမည်”ဟု မိန့်တော်မူ၏။ 22ထာဝရဘုရားက “ငါဖန်ဆင်းမည့်ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့မှောက်၌ အစဉ်တည်သကဲ့သို့ သင်တို့၏အမျိုးအနွယ်၊ သင်တို့၏အမည်နာမသည် အစဉ်တည်လိမ့်မည်”#ဟေရှာ 65:17၊ ၂ပေ 3:13။ဟု မိန့်တော်မူ၏။ 23ထာဝရဘုရားက “လူသားအပေါင်းတို့သည် လဆန်းနေ့တိုင်း၊ ဥပုသ်နေ့တိုင်း ငါ့ရှေ့မှောက်တွင် လာရောက်ရှိခိုးကိုးကွယ်ကြလိမ့်မည်။
24သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်သောလူတို့၏အလောင်းကောင်များကို ထွက်ကြည့်ကြလိမ့်မည်။ ထိုအလောင်းကောင်တို့ကိုစားသောလောက်ကောင်သည် မသေ၊ လောင်သောမီးလည်း မငြိမ်း။ လူခပ်သိမ်းတို့အတွက် စက်ဆုပ်ဖွယ်ဖြစ်မည်”ဟု မိန့်တော်မူ၏။#မာ 9:48။
Currently Selected:
ဟေရှာယအနာဂတ္တိကျမ်း 66: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative