YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 45

45
1ရှင်ဘုရင်​တို့​၏​ခါးပန်း​ကို​ဖြေချ​ပြီး တိုင်းနိုင်ငံ​တို့​ကို သူ့​အဖို့​နှိမ်နင်း​ပေး​ဖို့​၊ မြို့​တံခါး​ကို ပိတ်​မ​ထား​ဘဲ သူ့​အဖို့​အစဉ်​ပွင့်​နေ​စေဖို့ ငါ​ကိုယ်တိုင် သူ​၏​ညာလက်​ကို​ဆွဲကိုင်​ထား​သော​သူ ငါ​၏​ဘိသိက်ခံ​ကုရု​မင်းကြီး​အား ငါ​ထာဝရဘုရား​က 2“​သင့်​ရှေ့​မှ ငါ​သွား​၍ ကုန်းမြင့်​တို့​ကို ညီညာ​စေ​မည်​။ ကြေးဝါ​တံခါး​တို့​ကို​ချိုးဖျက်​၍ သံ​ကန့်လန့်ကျင်​တို့​ကို ငါ​ဖြတ်ပစ်​မည်​။ 3ငါ​သည် သင့်​ကို အမည်​ဖြင့်​ခေါ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​ကြောင်း​ကို သင်​သိရှိ​စေရန် အမှောင်​ထဲမှ​ဥစ္စာဘဏ္ဍာ​၊ လျှို့ဝှက်​သော​အရပ်​မှ​ဝှက်ထား​သော​ဘဏ္ဍာ​တို့​ကို သင့်​အား​ငါ​ပေး​မည်​။ 4ငါ့​အစေအပါး​ယာကုပ်​၊ ငါ​ရွေးချယ်​သော​အစ္စရေး​အတွက် သင့်​ကို အမည်​ဖြင့် ငါ​ခေါ်​၏​။ သင်​သည် ငါ့​ကို မ​သိ​သော်လည်း ငါ​သည် သင့်​ကို​ဘွဲ့နာမ​ပေး​၏​။ 5ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ သင်​သည် ငါ့​ကို မ​သိ​သော်လည်း ငါ​သည် သင့်​ကို​ခွန်အား​နှင့်​ပတ်စည်း​မည်​။ 6ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို အရှေ့​အရပ်​မှ အနောက်​အရပ်​တိုင်အောင် လူ​တို့​သိမြင်​ကြ​လိမ့်မည်​။ 7ငါ​သည် အလင်း​ကို​ပုံဖော်ဖန်ဆင်း​၏​၊ အမှောင်​ကို​လည်း​ဖန်ဆင်း​၏​။ ငြိမ်းချမ်းမှု​ကို​ဖြစ်စေ​၏​၊ ဘေးအန္တရာယ်​ကို​လည်း ဖြစ်ပေါ်​စေ​၏​။ ဤ​အရာ​အားလုံး​တို့​ကို ငါ​ထာဝရဘုရား စီရင်​၏​။ 8အို မိုးကောင်းကင်​၊ အထက်​မှ တဖွဲဖွဲရွာချ​လော့​။ မိုးတိမ်​တို့​သည် ဖြောင့်မတ်​ခြင်း​ကို ရွာသွန်း​ပါစေ​။ မြေကြီး​သည် ပွင့်ဟ​၍ ကယ်တင်​ခြင်း သီးပွင့်​ပါစေ​။ ဖြောင့်မတ်​ခြင်း​လည်း ပေါက်​ပါစေ​။ ဤ​အမှု​ကို ငါ​ထာဝရဘုရား​ဖန်ဆင်း​၏​။ 9မိမိ​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​အား ရန်တွေ့​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ ထို​သူ​သည် မြေ​အိုးကွဲ​များ​ထဲမှ အိုးကွဲ​တစ်​ခု​သာ​ဖြစ်​၏​။ အိုးမြေ​က မိမိ​ကို​ပုံသွင်း​သော​သူ​အား ‘​မည်သည့်​အရာ​ကို သင်​ပြုလုပ်​နေ​သနည်း​။ သင်​ပြုလုပ်​ထား​သော​အရာ​၌ လက်​မ​ရှိ​ပါ​လား​’​ဟု ဆို​ရ​မည်လော​။ 10ဖခင်​အား ‘​သင်​သည် မည်သည့်​အရာ​ကို မွေးဖွား​စေ​သနည်း​’​ဟူ၍​လည်းကောင်း​၊ မိခင်​အား ‘​သင်​သည် မည်သည့်​အရာ​ကို မွေးဖွား​သနည်း​’​ဟူ၍​လည်းကောင်း ဆို​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ 11အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ ထို​လူမျိုး​ကို​ပုံဖော်ဖန်ဆင်း​သော ထာဝရဘုရား​က “​ဖြစ်လာ​မည့်​အရာ​တို့​နှင့်​ပတ်သက်၍ ငါ့​ကို မေးခွန်းထုတ်​ကြ​သလော​။ ငါ့​သားသမီး​တို့​နှင့်​ပတ်သက်၍​၊ ငါ့​လက်​ပြု​သော​အမှု​နှင့်​ပတ်သက်၍ ငါ့​ကို အမိန့်ပေး​ကြ​သလော​။ 12ငါ​ကိုယ်တော်တိုင် မြေကြီး​ကို​တည်​၍ မြေကြီး​ပေါ်၌ လူ​ကို​ဖန်ဆင်း​ပြီ​။ ငါ​သည် မိုးကောင်းကင်​ကို ငါ့​လက်​နှင့်​ဖြန့်ကြက်​၍ မိုးကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို အမိန့်ပေး​ပြီ​။ 13ငါ​ကိုယ်တော်တိုင် ကုရု​မင်းကြီး​ကို ဖြောင့်မတ်​ခြင်း​အတွက် နိုးထ​စေ​ပြီ​။ သူ​သွား​ရာ​လမ်း​ရှိသမျှ​ကို ဖြောင့်ဖြူး​စေ​မည်​။ သူ​သည် ငါ​၏​မြို့​ကို ပြန်လည်​တည်ဆောက်​လိမ့်မည်​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​ငါ့​လူ​တို့​ကို အဖိုးအခ​၊ တံစိုးလက်ဆောင်​မ​ယူ​ဘဲ လွှတ်​လိမ့်မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
ဘုရားသခင်တစ်ပါးတည်းသာကယ်တင်ရှင်
14ထာဝရဘုရား​က “​အီဂျစ်​ပြည်​၏ စည်းစိမ်ဥစ္စာ​၊ အီသီယိုးပီးယား​ပြည်သား​နှင့် အရပ်​မြင့်​သော​သေဘ​အမျိုးသား​တို့​၏ ကုန်ပစ္စည်း​တို့​သည် သင့်​ထံသို့​ရောက်​၍ သင်​ပိုင်ဆိုင်​ရ​လိမ့်မည်​။ သူ​တို့​သည် သင့်​နောက်သို့​လိုက်​ကြ​လိမ့်မည်​။ သံခြေချင်း​ဖြင့်​သွားလာ​ရ​၍ သင့်​ရှေ့​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။ ‘​အကယ်စင်စစ် သင်​နှင့်အတူ ဘုရားသခင်​ရှိ​တော်မူ​၏​။ ထို​ဘုရား​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​’​ဟူ၍ သင့်​ကို​လျှောက်ထား​ကြ​လိမ့်မည်​”#၁ကော 14:25။​ဟု မိန့်​တော်မူ​၏​။ 15အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကယ်တင်ရှင်​၊ အကယ်စင်စစ် ကိုယ်တော်​သည် လျှို့ဝှက်နက်နဲ​သော​ဘုရား ဖြစ်​တော်မူ​၏​။ 16ရုပ်တု​ထုလုပ်​သော​သူ​အပေါင်း​တို့​သည် အရှက်ကွဲ​၍ အသရေပျက်​ရ​လိမ့်မည်​။ အသရေပျက်​လျက် အတူတကွ​ထွက်သွား​ရ​လိမ့်မည်​။ 17အစ္စရေး​လူမျိုး​သည် ထာဝရဘုရား​အားဖြင့် ထာဝရ​တည်​သော​ကယ်တင်​ခြင်း​ကို​ရရှိ​မည်​။ သင်​တို့​သည် ကာလ​အစဉ်အဆက် အရှက်ကွဲ​ရ​မည်​မ​ဟုတ်​။ အသရေပျက်​ရ​မည်​မ​ဟုတ်​။ 18မိုးကောင်းကင်​ကို​ဖန်ဆင်း​တော်မူ​သော ဘုရားသခင်​၊ မြေကြီး​ကို​ပုံဖော်ဖန်ဆင်း​သော​၊ ဖြစ်​တည်​စေ​သော​၊ အချည်းနှီးသက်သက်​မ​ဖန်ဆင်း​ဘဲ သက်ရှိ​တို့​နေထိုင်​ရာ​အဖြစ် ပုံဖော်ဖန်ဆင်း​တော်မူ​သော​အရှင် ထာဝရဘုရား​က “​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​”#ဟေရှာ 43:11၊ 45:22၊ 46:9၊ မာ 12:29။​ဟု မိန့်​တော်မူ​၏​။ 19ငါ​သည် မြေကြီး​၏​မှောင်မိုက်​သော​အရပ်​၌ လျှို့ဝှက်​စွာ​မ​မြွက်ဆို​။ ယာကုပ်​၏​သားစဉ်မြေးဆက်​အား “​ငါ့​ကို အချည်းနှီး​ရှာ​ကြ​လော့​”​ဟု ငါ​မ​ပြော​။ ငါ​သည် ဖြောင့်မတ်​သော​စကား​ကို မြွက်ဆို​၍ ဟုတ်မှန်​သော​အရာ​တို့​ကို ဖော်ပြ​သော ထာဝရဘုရား​ဖြစ်​၏​။ 20လူမျိုး​အပေါင်း​တို့​လက်​မှ ထွက်ပြေး​လွတ်မြောက်​လာ​သော​သူ​တို့​၊ စုရုံး​၍ လာ​ကြ​လော့​။ အတူတကွ ချဉ်းကပ်​ကြ​လော့​။ သစ်သား​ရုပ်တုဆင်းတု​ကို ဆောင်​ထား​သော​သူ​၊ မ​ကယ်တင်​နိုင်​သော​ဘုရား​ထံ ဆုတောင်း​သော​သူ​တို့​သည် အသိဉာဏ်​မ​ရှိ​။ 21ပြောပြ​ကြ​လော့​။ တင်ပြ​ကြ​လော့​။ သူ​တို့ အတူတကွ​တိုင်ပင်​ကြ​ပါစေ​။ ဤ​အမှု​ကို ရှေးကာလ​မှစ၍ မည်သူ​ကြားသိ​စေ​ခဲ့​သနည်း​။ ထို​အချိန်​မှစ၍ မည်သူ​ပြောကြား​ခဲ့​သနည်း​။ ငါ​ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် ဖြောင့်မတ်​သော​ဘုရား​၊ ကယ်တင်​သော​အရှင်​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​မ​ရှိ​။ 22မြေကြီး​စွန်း​ရှိသမျှ​တို့​၊ ငါ့​ထံသို့​ပြန်လှည့်​လာ​၍ ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့​။ အကြောင်းမူကား ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။#ဟေရှာ 43:11၊ 45:18၊ 46:9၊ မာ 12:29။ 23အကယ်စင်စစ် “​ငါ့​ရှေ့မှောက်​၌ လူ​တိုင်း​ဒူးထောက်​ကြ​ရ​လိမ့်မည်​။ လူ​တိုင်း​၏​နှုတ်​သည် သစ္စာဆို​ကြ​ရ​လိမ့်မည်​”#ရော 14:11။​ဟု ငါ​ကိုယ်တိုင် ကျိန်ဆို​ပြီ​။ ဤ​ဖြောင့်မှန်​သော​စကား​သည် ငါ့​နှုတ်​မှ​ထွက်လာ​သည်​ဖြစ်၍ ပြန်လှည့်​လာ​မည်​မ​ဟုတ်​။ 24“​ထာဝရဘုရား​၌​သာ ဖြောင့်မတ်​ခြင်း​ရှိ​၏​။ အစွမ်းသတ္တိ​ရှိ​၏​”​ဟု ငါ့​အား ပြောဆို​ကြ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော့်​ထံသို့​လာ​ကြ​လိမ့်မည်​။ ကိုယ်တော့်​ကို​အမျက်ထွက်​သော​သူ​အပေါင်း​တို့​မူကား အရှက်ကွဲ​ရ​လိမ့်မည်​။ 25အစ္စရေး​လူမျိုး​၏​သားစဉ်မြေးဆက်​အပေါင်း​တို့​သည် ထာဝရဘုရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု အသိအမှတ်ပြု​ခြင်း​ခံရ​မည်​။ ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in