YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 19

19
သောဒုံမြို့နှင့်ဂေါမောရမြို့ပျက်စီးခြင်း
1ကောင်းကင်တမန်​နှစ်​ပါး​တို့​သည် နေဝင်ချိန်​၌ သောဒုံ​မြို့​သို့​ရောက်လာ​ကြ​၏​။ ထိုအခါ လောတ​သည် သောဒုံ​မြို့​တံခါးဝ​၌ ထိုင်​လျက်​နေ​၏​။ လောတ​သည် သူ​တို့​ကို​မြင်​သော် ကြိုဆို​ရန်​ထသွား​၍ မြေ​မှာ​ပျပ်ဝပ်​ပြီးလျှင် 2“​အကျွန်ုပ်​၏​သခင်​တို့​၊ သခင်​တို့​၏​အစေအပါး​အိမ်​သို့​လိုက်​ခဲ့​၍ ညအိပ်နား​ကြ​ပါ​။ သခင်​တို့​၏​ခြေ​ကို​လည်း​ဆေး​နိုင်​ပါ​သည်​။ စောစောထ​ပြီးမှ​လည်း ခရီးဆက်​နိုင်​ပါ​သည်​”​ဟု ဆို​လေ​၏​။ သူ​တို့​က​လည်း “​မလိုက်​တော့​ပါ​။ ငါ​တို့​သည် ဤ​ကွင်းပြင်​၌ ညအိပ်နား​မည်​”​ဟု ဆို​ကြ​၏​။ 3သို့သော် လောတ​သည် သူ​တို့​ကို မရမက​ဖိတ်ခေါ်​သောကြောင့် သူ​တို့​သည် သူ​နှင့်အတူ​လိုက်လာ​၍ သူ​၏​အိမ်​သို့​ဝင်​ကြ​၏​။ လောတ​သည် သူ​တို့​အတွက် စားသောက်ပွဲ​ပြင်ဆင်​၍ တဆေးမဲ့မုန့်​ကို​ဖုတ်​လေ​၏​။ သူ​တို့​သည်​လည်း စား​ကြ​၏​။
4သူ​တို့​မ​အိပ်​မီ​တွင် သောဒုံ​မြို့သား​ယောက်ျား​များ​သည် လူကြီး​လူငယ်​တစ်ယောက်မကျန် မြို့​အနှံ့​မှ​လာ​၍ အိမ်​ကို​ဝိုင်း​ထား​ကြ​၏​။ 5ထို​သူ​တို့​သည် လောတ​ကို​ဟစ်ခေါ်​လျက် “​ယနေ့ည​တွင် သင့်​ထံသို့​ရောက်လာ​သော​ယောက်ျား​တို့​သည် အဘယ်မှာ​ရှိ​သနည်း​။ ငါ​တို့​သည် သူ​တို့​နှင့်​ဆက်ဆံ​လို​သည်​ဖြစ်၍ သူ​တို့​ကို ငါ​တို့​ထံ​ထုတ်​ခဲ့​လော့​”​ဟု ဆို​ကြ​၏​။
6ထိုအခါ လောတ​သည် ထို​သူ​တို့​ရှိ​ရာ​တံခါးဝ​သို့​ထွက်လာ​၍ မိမိ​နောက်မှ တံခါး​ကို​ပိတ်​ပြီးလျှင် 7“​ငါ့​ညီအစ်ကို​တို့​၊ ဤ​ဆိုးညစ်​သော​အမှု​ကို မ​ပြု​ကြ​ပါ​နှင့်​။ 8ငါ့​ထံ၌ ယောက်ျား​နှင့်​မ​ဆက်ဆံ​သေး​သော သမီး​နှစ်​ယောက်​ရှိ​၏​။ သူ​တို့​ကို သင်​တို့​ထံသို့ ထုတ်ပေး​မည်​။ သင်​တို့​အလိုရှိ​သည့်​အတိုင်း သူ​တို့​ကို​ပြု​ကြ​ပါ​။ သို့သော် ထို​ယောက်ျား​တို့​သည် ငါ့​အိမ်မိုး​အရိပ်​အောက်​တွင် ရောက်​နေ​ကြ​ပြီ​ဖြစ်၍ သူ​တို့​ကို မည်သည့်​အရာ​မျှ​မ​ပြု​ကြ​ပါ​နှင့်​”​ဟု ဆို​၏​။ 9ထို​သူ​တို့​က​လည်း “​ဘေးဖယ်​လော့​”​ဟု ဆို​ကြ​ပြီးလျှင် “​ဤ​သူ​သည် ဧည့်သည်​အဖြစ်​လာရောက်​နေထိုင်​သူ​ဖြစ်​လျက်​နှင့် တရားသူကြီး​အလွန်​လုပ်​သည်​တကား​။ ယခု သင့်​ကို ထို​သူ​တို့​ထက် ဆိုးရွား​စွာ​ပြု​မည်​”​ဟု ပြောဆို​ကြ​၏​။ ထို့နောက် သူ​တို့​သည် လောတ​ကို ကြမ်းတမ်း​စွာ​တွန်း​၍ တံခါး​ကို​ချိုးဖျက်​ရန် ချဉ်းကပ်​လာ​ကြ​၏​။ 10ထိုအခါ ကောင်းကင်တမန်​တို့​သည် လက်​ကို​ဆန့်​၍ လောတ​ကို မိမိ​တို့​ရှိ​ရာ​အိမ်​ထဲသို့ ဆွဲသွင်း​ပြီးလျှင် တံခါး​ကို​ပိတ်​လိုက်​ကြ​၏​။ 11ထို့နောက် အိမ်​တံခါးဝ​ရှိ လူ​ကြီး​လူငယ်​တို့​ကို မျက်စိကွယ်​စေရန် ဒဏ်ခတ်​သဖြင့် သူ​တို့​သည် တံခါး​ကို​ရှာ​ရ​၍ မောပန်း​ကြ​၏​။
12ကောင်းကင်တမန်​တို့​က လောတ​အား “​ဤ​အရပ်​တွင် သင်​နှင့်​သက်ဆိုင်​သူ အခြား​မည်သူ​ရှိ​သေး​သနည်း​။ သင်​၏​သမက်​၊ သင်​၏​သား​သမီး​များ​မှစ၍ မြို့​ထဲ၌​ရှိ​သော သင်​နှင့်​သက်ဆိုင်​သူ​ရှိသမျှ​တို့​ကို ဤ​အရပ်​မှ​ခေါ်ထုတ်​လော့​။ 13အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ဤ​အရပ်​ကို ဖျက်ဆီး​တော့​မည်​။ အကြောင်းမူကား သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ကျယ်လောင်​လှ​သဖြင့် ထာဝရဘုရား​သည် ဤ​မြို့​ကို​ဖျက်ဆီး​ရန် ငါ​တို့​ကို​စေလွှတ်​တော်မူ​ပြီ​”​ဟု ဆို​ကြ​၏​။
14လောတ​သည်​လည်း သွား​၍ သမီး​တို့​နှင့်​စုံဖက်​မည့် မိမိ​သမက်​တို့​အား “​ထ​ကြ​၊ ဤ​အရပ်​မှ​ထွက်သွား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဤ​မြို့​ကို​ဖျက်ဆီး​တော့​မည်​”​ဟု ဆို​လေ​၏​။ သို့သော် သူ​၏​သမက်​တို့​က ရယ်စရာပြော​သည်​ဟူ၍​သာ ထင်မှတ်​ကြ​၏​။
15အရုဏ်ဦး​အချိန်​ရောက်​သည်​နှင့် ကောင်းကင်တမန်​တို့​သည် လောတ​ကို​ဆော်ဩ​လျက် “​ထ​လော့​၊ ဤ​နေရာ​၌​ရှိ​သော သင်​၏​မယား​နှင့် သင်​၏​သမီး​နှစ်​ယောက်​ကို ခေါ်ဆောင်​သွား​လော့​။ သို့မဟုတ်လျှင် သင်​သည် ဤ​မြို့​အပေါ်​ကျရောက်​မည့်​အပြစ်ဒဏ်​နှင့်အတူ ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ 16သို့သော် လောတ​သည် တုံ့ဆိုင်း​နေ​၏​။ ထာဝရဘုရား​သည် သူ့​ကို​သနား​တော်မူ​သဖြင့် ကောင်းကင်တမန်​တို့​သည် သူ​နှင့် သူ့​မယား​၊ သူ့​သမီး​နှစ်​ယောက်​တို့​၏​လက်​ကို​ဆွဲ​၍ သူ​တို့​ကို မြို့​အပြင်ဘက်​သို့ ခေါ်ထုတ်​လာ​၏​။
17ထိုသို့ သူ​တို့​ကို မြို့​အပြင်ဘက်​သို့ ခေါ်ထုတ်​ပြီးနောက် ကောင်းကင်တမန်​တစ်​ပါး​က “​အသက်လွတ်​အောင်​ပြေး​လော့​။ နောက်လှည့်​မ​ကြည့်​နှင့်​။ ဤ​မြစ်ဝှမ်း​ရှိ မည်သည့်​အရပ်​၌​မျှ​မ​ရပ်​နှင့်​။ တောင်​ပေါ်သို့​ပြေး​လော့​။ သို့မဟုတ်လျှင် သင်​သည် ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု ဆို​၏​။
18လောတ​က​လည်း “​အကျွန်ုပ်​၏​အရှင်​တို့​၊ ထိုသို့​မ​ဖြစ်​ပါစေ​နှင့်​။ 19အရှင်​၏​အစေအပါး​သည် အရှင်​၏​ရှေ့​၌ မျက်နှာရ​ပါ​ပြီ​။ အကျွန်ုပ်​၏​အသက်​ကို​ချမ်းသာပေး​ခြင်း​အားဖြင့် အကျွန်ုပ်​အား​ပြ​သော အရှင်​၏​မေတ္တာ​သည် ကြီးမား​လှ​ပါ​၏​။ သို့ရာတွင် အကျွန်ုပ်​သည် တောင်​ပေါ်သို့​မ​ပြေး​နိုင်​ပါ​။ ဘေးအန္တရာယ်​သည် အကျွန်ုပ်​ကို​လိုက်မီ​၍ သေ​ရ​မည်​ကို​စိုးရိမ်​ပါ​၏​။ 20ကြည့်​ပါ​။ ထို​မြို့​သည် နီး​ပါ​၏​။ ပြေး​သာ​ပါ​၏​။ မြို့​ငယ်လေး​လည်း ဖြစ်​ပါ​၏​။ ထို​အရပ်​သို့​ပြေး​ပါရစေ​။ မြို့​ငယ်လေး​သာ​ဖြစ်​သောကြောင့် အကျွန်ုပ်​အသက်​ချမ်းသာ​ရာ​ရ​ပါ​လိမ့်မည်​”​ဟု ဆို​၏​။
21ကောင်းကင်တမန်​က​လည်း “​သင်​တောင်းဆို​သော ဤ​အချက်​ကို​လည်း ငါ​လိုက်လျော​၍ သင်​ပြော​သော​မြို့​ကို မ​ဖြိုလှဲ​ဘဲ​နေ​မည်​။ 22ထို​အရပ်​သို့ အလျင်အမြန်​ပြေး​လော့​။ အကြောင်းမူကား ထို​အရပ်​သို့ သင်​မ​ရောက်​မ​ချင်း ငါ​သည် မည်သည့်​အမှု​ကို​မျှ​ပြု​၍​မ​ရ​”​ဟု ဆို​၏​။ ဤ​အကြောင်း​ကြောင့် ထို​မြို့​၏​အမည်​ကို ဇောရ#19:22 “သေးငယ်သော”ဟူ၍အဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​ကြ​၏​။
23လောတ​သည် ဇောရ​မြို့​သို့​ရောက်​သောအခါ မြေကြီး​ပေါ်မှာ နေ​ထွက်​ပြီ​ဖြစ်​၏​။ 24ထိုအခါ ထာဝရဘုရား​အထံ​တော် မိုးကောင်းကင်​မှ ကန့်​နှင့်​မီး​ကို သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​အပေါ်​သို့ ထာဝရဘုရား​ရွာ​စေ​တော်မူ​၏​။ 25ဤသို့ဖြင့် ထို​မြို့​များ​မှစ၍ မြစ်ဝှမ်း​တစ်ဝှမ်းလုံး​၊ မြို့​၌​နေထိုင်​သူ​အားလုံး​နှင့် မြေ​ပေါ်ရှိ​အပင်​တို့​ကို ဖြိုလှဲ​တော်မူ​၏​။ 26နောက်မှ​လိုက်လာ​သော လောတ​၏​မယား​မူကား နောက်​လှည့်ကြည့်​သဖြင့် ဆား​တိုင်​ဖြစ်သွား​လေ​၏​။
27အာဗြဟံ​သည် နံနက်​စောစောထ​၍ ထာဝရဘုရား​၏​ရှေ့​တော်​၌ ရပ်​ခဲ့​သော​အရပ်​သို့ သွား​ပြီးလျှင် 28သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​မှစ၍ မြစ်ဝှမ်း​တစ်ဝှမ်းလုံး​ကို အပေါ်စီး​မှ​ကြည့်​လေ​ရာ ထို​အရပ်​မှ​မီးခိုး​သည် မီးပြင်းဖို​မှ​မီးခိုး​ကဲ့သို့ တက်​နေ​သည်​ကို​မြင်​လေ​၏​။ 29ထိုသို့ မြစ်ဝှမ်း​ရှိ​မြို့​များ​ကို ဘုရားသခင်​ဖျက်ဆီး​သောအခါ ဘုရားသခင်​သည် အာဗြဟံ​ကို​အောက်မေ့​တော်မူ​၏​။ သို့ဖြစ်၍ လောတ​နေ​သော​မြို့​များ​ကို ဖြိုလှဲ​သောအခါ လောတ​ကို​ထို​ဖြိုလှဲ​ခြင်း​ထဲ​မှ လွှတ်ပေး​တော်မူ​၏​။
မောဘလူမျိုးနှင့်အမ္မုန်လူမျိုးတို့၏မူလဇာစ်မြစ်
30လောတ​သည် ဇောရ​မြို့​၌​နေထိုင်​ရန်​ကြောက်ရွံ့​သဖြင့် ဇောရ​မြို့​မှ​ထွက်​၍ မိမိ​သမီး​နှစ်​ယောက်​တို့​နှင့်အတူ တောင်​ပေါ်မှာ​နေထိုင်​လေ​၏​။ သူ​နှင့် သူ​၏​သမီး​နှစ်​ယောက်​တို့​သည် လိုဏ်ဂူ​ထဲတွင် နေထိုင်​ကြ​၏​။ 31သမီးအကြီး​က သမီးအငယ်​အား “​ငါ​တို့​၏​ဖခင်​သည် အသက်ကြီး​ပြီ​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူ​အပေါင်း​တို့​၏​ထုံးစံ​အတိုင်း ငါ​တို့​ထံသို့​ဝင်ရောက်​မည့်​ယောက်ျား​လည်း ဤ​ကမ္ဘာမြေကြီး​ပေါ်တွင်​မ​ရှိ​။ 32လာ​လော့​။ ငါ​တို့​ဖခင်​ကို​စပျစ်ဝိုင်​တိုက်​၍ သူ​နှင့်​အိပ်​ပြီး ငါ​တို့​ဖခင်​အားဖြင့် မျိုးဆက်​ကို​ထိန်းသိမ်း​ကြ​စို့​”​ဟု ဆို​လေ​၏​။ 33ထို​ည​၌ သူ​တို့​သည် မိမိ​တို့​ဖခင်​ကို စပျစ်ဝိုင်​တိုက်​ပြီးလျှင် သမီးအကြီး​သည်​ဝင်​၍ မိမိ​ဖခင်​နှင့်​အိပ်​လေ​၏​။ လောတ​သည် သမီး​အိပ်​ကြောင်း​ကို​လည်းကောင်း​၊ ထ​ကြောင်း​ကို​လည်းကောင်း မ​သိ​။
34နောက်တစ်နေ့​တွင် သမီးအကြီး​က သမီးအငယ်​အား “​မနေ့ည​က ငါ​သည် ဖခင်​နှင့်​အိပ်​ပြီး​ပြီ​။ ယနေ့ည​လည်း သူ့​ကို​စပျစ်ဝိုင်​တိုက်​ကြ​စို့​။ သင်​သည်​ဝင်​၍ သူ​နှင့်​အိပ်​ပါ​။ ငါ​တို့​ဖခင်​အားဖြင့် မျိုးဆက်​ကို​ထိန်းသိမ်း​ကြ​စို့​”​ဟု ဆို​လေ​၏​။ 35ထို​ည​၌​လည်း သူ​တို့​သည် မိမိ​တို့​ဖခင်​ကို​စပျစ်ဝိုင်​တိုက်​ပြီးလျှင် သမီးအငယ်​သည်​ဝင်​၍ မိမိ​ဖခင်​နှင့်​အိပ်​လေ​၏​။ လောတ​သည် သမီး​အိပ်​ကြောင်း​ကို​လည်းကောင်း​၊ ထ​ကြောင်း​ကို​လည်းကောင်း မ​သိ​။
36ထိုသို့ဖြင့် လောတ​၏​သမီး​နှစ်​ယောက်​တို့​သည် မိမိ​တို့​ဖခင်​အားဖြင့် ကိုယ်ဝန်ဆောင်​လေ​၏​။ 37သမီးအကြီး​သည် သား​ကို​မွေးဖွား​၍ သူ​၏​အမည်​ကို မောဘ ဟု​မှည့်ခေါ်​လေ​၏​။ သူ​သည် ယနေ့​တိုင်အောင် မောဘ​လူမျိုး​တို့​၏​ဖခင်​ဖြစ်​၏​။ 38သမီးငယ်​သည်​လည်း သား​ကို​မွေးဖွား​၍ သူ​၏​အမည်​ကို ဗင်အမ္မိ#19:38 “ငါ့လူမျိုး၏သား”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။ သူ​သည် ယနေ့​တိုင်အောင် အမ္မုန်​အမျိုးသား​တို့​၏​ဖခင်​ဖြစ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in